အရေးပေါ်လူနာများနှင့် စစ်ဘေးရှောင်များကိုကူညီရာတွင် အခက်အခဲရှိနေ

စစ်ဆေးရေးဂိတ်များတွင် အချိန်ကြာမြင့်စွာ စစ်ဆေးမှုများကြောင့် ဒဏ်ရာရလူနာများကို သယ်ယူရာတွင် လည်းကောင်း၊ စစ်ဘေးရှောင်များအတွက် ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်းရန်သွားရာတွင်လည်းကောင်း အခက်အခဲများစွာရှိနေသည်ဟု လူမှုရေးအဖွဲ့များမှ တာဝန်ရှိသူများက ပြောကြသည်။

10 Jul 2020

ကျောက်တော်မြို့နယ်မှ ဒဏ်ရာရရှိသည့် လူငယ်တစ်ဦးအား စစ်တွေမြို့သို့ ခေါ်ဆောင်လာစဉ်။

ကျော်သူဌေး၊ နှင်းနွယ် | DMG
ဇူလိုင် ၁၀ ၊ စစ်တွေ

စစ်ဆေးရေးဂိတ်များတွင် အချိန်ကြာမြင့်စွာ စစ်ဆေးမှုများကြောင့် ဒဏ်ရာရလူနာများကို သယ်ယူရာတွင် လည်းကောင်း၊ စစ်ဘေးရှောင်များအတွက် ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်းရန်သွားရာတွင်လည်းကောင်း အခက်အခဲများစွာရှိနေသည်ဟု လူမှုရေးအဖွဲ့များမှ တာဝန်ရှိသူများက ပြောကြသည်။

တိုက်ပွဲဖြစ်ပွားနေကြသည့် ဧရိယာအတွင်းမှ လူနာများကိုသယ်ယူရာတွင် လမ်းခရီး၌ မိမိအသက်အန္တရာယ်ကို စိုးရိမ်နေရကာ စစ်ဆေးရေးဂိတ်များတွင် အချိန်ကြာမြင့်စွာ စစ်ဆေးမှုများကြောင့် ဒဏ်ရာလူနာများ၏ အသက် အန္တရာယ်ကိုလည်း စိုးရိမ်ရကြောင်း ရသေ့တောင်မြို့နယ်မှ လူမှုကူညီရေးဆောင်ရွက်နေသူ ကိုဘက္ကာက ပြောသည်။

“ရွာတစ်ရွာမှာ အရေးပေါ်ဖြစ်လို့ရှိရင် ကျွန်တော်တို့ လွတ်လွတ်လပ်လပ် သွားယူလို့မရဘူး။ ကျွန်တော်တို့မှာလည်း အန္တရာယ်တွေ အများကြီးရှိသလို စစ်ကြောင်းတွေကို ကြောက်ရတယ်။ စစ်ကြောင်းရှင်းမှ သွားယူရတာတွေရှိတော့ အချိန်ကြန့်ကြာမှုတွေရှိတယ်။ တိုက်ပွဲဧရိယာဖြစ်တဲ့အတွက် ကိုယ့်အသက်၊ လူနာအသက်၊ မိသားစုအားလုံးအတွက် စိုးရိမ်နေရတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါဧရိယာအတွင်းမှ ဒဏ်ရာရရှိထားသည့်လူနာများကို အရေးပေါ်ယူဆောင်ရန် သွားကြရာတွင် တပ်မတော်၏ ခွင့်ပြုချက်ဖြင့်သာသွားရပြီး ညဉ့်အချိန် အရေးပေါ်အခြေအနေမှာ ဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်ထား၍ အရေးပေါ်လူနာများအတွက် ပိုမိုစိုးရိမ်ရကြောင်း ကျောက်တော်မြို့ ဖြူစင်မေတ္တာပရဟိတ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးညီပုကရှင်းပြသည်။

“ည ၆ နာရီလောက်ဆိုရင် လူနာပါပေမယ့် ဖြတ်ခွင့်မပေးတော့ လူနာကဆေးရုံကို မရောက်နိုင်တဲ့ အခက် အခဲတွေရှိတယ်။ သွားတဲ့အခါလည်း လွတ်လွတ်လပ်လပ် သွားယူလို့မရဘူး”ဟု ဦးညီပုက ဆက်၍ပြောသည်။

ထို့ပြင် စစ်ဘေးရှောင်စခန်းများသို့ ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်းရန် သွားကြသည့်အခါတွင် လမ်းခရီး၌ စစ်ဆေးမှုများကြောင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်နေရကြကြောင်း သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ ဥက္ကဋ္ဌ ကိုအမ်းသားကြီးက ပြောသည်။

“ကျနော်တို့အနေနဲ့ မင်းပြားမြို့နယ်လောက်ကိုပဲ သွားလို့အဆင်ပြေတယ်။ တခြားမြို့နယ်တွေကို သွားဖို့ကျတော့ လမ်းမှာ စစ်ဆေးခံရတာတွေရှိတယ်။ ပရဟိတသမားတွေကိုဆိုရင် သူတို့ကိုဗုံးလာကြဲတဲ့ လူတွေလို သဘောထားပြီးဆက်ဆံတယ်။ ဖမ်းဆီးစစ်ဆေးတာတွေလုပ်တယ်” ဟု သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ ဥက္ကဋ္ဌကဆိုသည်။

သို့ဖြစ်၍ တပ်မတော်စစ်ကြောင်းများအနေဖြင့် အရေးပေါ်လူနာများကို ပို့ဆောင်ရာတွင်လည်းကောင်း၊ စစ်ဘေးရှောင်စခန်းများသို့ ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်းရန်သွားရာတွင်လည်းကောင်း အချိန်ကြာမြင့်စွာ စစ်ဆေးမှုများ မပြုလုပ်ကြရန် လူမှုကူညီရေးအဖွဲ့များက လိုလားနေကြသည်။

တိုက်ပွဲနှင့် သက်ဆိုင်မှုမရှိသည့် အရပ်သားများ ထိခိုက်ဒဏ်ရာရရှိမှုအား လူသားချင်းစာနာမှုဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန် အတားအဆီးမရှိ လွတ်လပ်စွာ သွားလာခွင့်ပြုရေးအဆိုအား ရခိုင်ပြည်နယ် လွှတ်တော်က မေလ ၂၁ ရက်နေ့တွင် အတည်ပြုခဲ့သည်။

ထိုသို့ အရပ်သားများ ထိခိုက်ဒဏ်ရာရရှိမှုနှင့်ပတ်သက်ပြီး အရေးပေါ်လူနာများ မြန်ဆန်စွာသွားလာနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်နေကြောင်း ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက လွှတ်တော်တွင်ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် မိုင်းထိမှန်မှု၊ ကျည်ထိ မှန်မှု၊ ပစ်ခတ်ခံရမှုများကြောင့် အရပ်သားသေဆုံး၊ ဒဏ်ရာရရှိမှုမှာလည်း တစ်နေ့ထက်တစ်နေ့ တိုးလာ နေသည်။

ထို့ပြင် အိုးအိမ်များကိုစွန့်ခွာကာ ထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည်ဦးရေ တစ်သိန်းကိုးသောင်းကျော် ရှိလာနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)က ဇူလိုင်လ ၇ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ဗီဒီယိုများ