ကျောက်တော်မြို့နယ်တွင် အမျိုးသမီးတစ်ဦးကျည်ထိမှန်ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာတွင် ဖေဖော်ဝါရီလ၂၄ရက် နံနက် ၊ ၉ နာရီကျော်ခန့်က ကျည်ဆန်ထိမှန်မှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံက သိရသည်။

25 Feb 2020

ခင်သရဖီဦး | DMG
ဖေဖော်ဝါရီ ၂၅၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာတွင် ဖေဖော်ဝါရီလ၂၄ရက် နံနက် ၊ ၉ နာရီကျော်ခန့်က ကျည်ဆန်ထိမှန်မှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံက သိရသည်။

အသက် (၄၇)နှစ်အရွယ် ဒေါ်မျက်ဝန်းရီသည် လယ်ကွင်းတွင် ချည်ထားသည့် နွားများကို လွှတ်ရန်သွားစဉ် ငမ်းတောင်တွင်ရှိသော တပ်မတော်က ပစ်ခတ်မှုကြောင့် ပေါင်တွင် ကျည်ထိမှန်ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက စွပ်စွဲပြောဆိုသည်။

“သူ့နွားတွေက ချည်ထားတာ ရက်ပိုင်းလောက်ရှိပြီ။ နွားလွှတ်ဖို့အတွက် ရွာပြင်ထွက်သွားတာ။ အဲဒီမှာ စစ်တပ်က လှမ်းပစ်လိုက်တာကြောင့် သူမပေါင်တစ်ဖက်မှာ ဒဏ်ရာရသွားတယ် ”ဟု ၎င်းကပြောသည်။
လက်ရှိအချိန်တွင် ဒေါ်မျက်ဝန်းရီမှာ ကျောက်တော်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း ၎င်းကဆက်ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်စစ်ဌာနချုပ် တိုင်ဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်ရာတွင် မအားသေးဟုပြောသည်။ ၎င်းအပြင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းအား ဆက်သွယ်ရာတွင် ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

တင်းမကျေးရွာအနီးအနားတွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ ရက်ပေါင်း ၂၀ ကျော်ခန့်ကြာမြင့်နေပြီဖြစ်ပြီး ကျေးရွာသားများလည်း အသက်လုံခြုံရေးအတွက် စိုးရိမ်နေသည်ဟု ဒေသခံများထံက သိရသည်။

ကျောက်တော်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက “ကျေးရွာသားတွေအနေနဲ့ အသွားအလာက ကုန်လမ်းရော ရေလမ်းပါ ပိတ်ထားတယ်လို့ သိရတယ်။ သူတို့အနေနဲ့ အခုက စားဝတ်နေရေးအခက်ခဲတွေလည်း ရှိနိုင်ပါတယ်” ဟုပြောသည်။

တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တိုက်ပွဲကြောင့် သေဆုံးသူ အရပ်သား (၁၃၀)ကျော်နှင့် ဒဏ်ရာရရှိသူ (၃၆၀)ကျော်အထိရှိသည်ဟု ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)မှ သိရသည်။

ဗီဒီယိုများ