ကိုဗစ်ကာကွယ်ဆေး ဆိုးကျိုးဖြစ်သွားမည်ကို ရခိုင်က ကျန်းမာရေးဝန်ထမ်းအချို့ စိုးရိမ်နေ

အိန္ဒိယမှ ထောက်ပံ့သည့် ကိုဗစ်ကာကွယ်ဆေးကို မြန်မာတစ်နိုင်ငံလုံးတွင် ကျန်းမာရေးဝန်ထမ်းများအား ပထမဆုံးအနေဖြင့် ထိုးပေးသွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ်သို့လည်း ကာကွယ်ဆေး ရောက်ရှိနေသည့်အတွက် မူလက နေထိုင်မှုကောင်းမွန်နေရာက ကိုဗစ်ကာကွယ်ဆေးထိုးပြီးမှ ဆိုးကျိုးဖြစ်သွားမည်ကို ရခိုင်က ကျန်းမာရေးဝန်ထမ်းအချို့ စိုးရိမ်နေကြသည်။

By ကျော်သူဌေး 25 Jan 2021

ဓါတ်ပုံ - aninews

ကျော်သူဌေး | DMG
ဇန်နဝါရီ ၂၅ ၊ စစ်တွေ

အိန္ဒိယမှ ထောက်ပံ့သည့် ကိုဗစ်ကာကွယ်ဆေးကို မြန်မာတစ်နိုင်ငံလုံးတွင် ကျန်းမာရေးဝန်ထမ်းများအား ပထမဆုံးအနေဖြင့် ထိုးပေးသွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ်သို့လည်း ကာကွယ်ဆေး ရောက်ရှိနေသည့်အတွက် မူလက နေထိုင်မှုကောင်းမွန်နေရာက ကိုဗစ်ကာကွယ်ဆေးထိုးပြီးမှ ဆိုးကျိုးဖြစ်သွားမည်ကို ရခိုင်က ကျန်းမာရေးဝန်ထမ်းအချို့ စိုးရိမ်နေကြသည်။

ရခိုင်ပြည်နယ်မှ ကျန်းမာရေးဝန်ထမ်း (၄၄၀၀) ကျော်အတွက်ထိုးပေမည့် ကိုဗစ်ကာကွယ်ဆေး ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက်နေ့က စစ်တွေမြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကျန်းမာရေးဝန်ထမ်းများကို ကာကွယ်ဆေး စတင်ထိုးနှံမှာ ဖြစ်သဖြင့် ဆိုးကျိုးဖြစ်မှာကို စိုးရိမ်နေသည်ဟု အမည်မဖော်လိုသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

“ အန္တရာယ်ရှိလား မရှိဘူးလား ဘာမှ မသိရတဲ့ အတွက် စိုးရိမ်စိတ်တွေဖြစ်မိတယ်။ ထိုးဖို့အတွက် စာရင်းပေးထားတယ်။ အထက်က အကြီးတွေကို ကြည့်ပြီးမှ ထိုးမယ်။ ကာကွယ်ဆေးထိုးပြီး တစ်ရက်၊ နှစ်ရက်ဖျားမှာကိုတော့ မကြောက်ဘူး။ ဒီတိုင်းနေရင်လည်း ကျန်းမာနေတာကို ကာကွယ်ဆေးထိုးပြီးမှ နေမကောင်းဖြစ်သွားမှာကို စိုးရိမ်တယ်” ဟု အမည်မဖော်လိုသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

ရခိုင်ပြည်သို့ ရောက်ရှိနေသည့် ကိုဗစ်ကာကွယ်ဆေးများကို သိမ်းဆည်းထားပြီး၊ ကျန်းမာရေးဝန်ထမ်း လေးထောင်လေးရာကျော်အတွက် ထိုးနိုင်ရန် လျာထားထားသည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

“မနေ့က တစ်ရီခွဲလောက်မှာ မြန်မာ့လေကြောင်းလိုင်းနဲ့ ရောက်ပါတယ်။ ကျနော်တို့ ကျန်းမာရေးဝန်ထမ်း လေးထောင်လေးရာငါးဆယ်နီးပါးကို ထိုးဖို့ လျာထားထားတယ်” ဟု ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ကျန်းမာရေးဝန်ထမ်း တစ်သိန်းတစ်သောင်းကျော်ရှိပြီး၊ ပထမဦးစားပေးအဖြစ် ကျန်းမာရေးဝန်ထမ်းများကို ထိုးနှံမှာဖြစ်ပြီး၊ ဒုတိယ ဦးစားပေးအဖြစ် အသက် ၆၅ နှစ်အထက် လူကြီးများကို ထိုးနှံပေးမှာဖြစ်သည်။

အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံကို လက်ဆောင်အဖြစ်ပေးအပ်သည့် ကိုဗစ်ကာကွယ်ဆေး (COVISHIELD) အလုံးရေ တစ်သန်းခွဲသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိလာခြင်းဖြစ်သည်။

ကာကွယ်ဆေးများကို ရခိုင်ပြည်နယ်တွင် ရှိသည့် မြို့နယ်တိုင်းကို ဖြန့်ဖြူးနေပြီးဖြစ်ကာ လာမည့် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် စတင်ထိုးနှံသွားမည်ဖြစ်သည်။

ကျောက်ဖြူမြို့နယ်တွင် လက်ရှိစာရင်းအရ ကျန်းမာရေးဝန်ထမ်း ၃၈၅ ဦးရှိပြီး၊ ကိုယ်ဝန်ဆောင် အမျိုးသမီးနှင့် နို့တိုက်မိခင်များမှအပ ကျန်သည့် ကျန်းမာရေးဝန်ထမ်းအားလုံးကို ကာကွယ်ဆေးထိုးပေးသွားမည်ဟု ကျောက်ဖြူဆေးရုံအုပ်ကြီး ဒေါက်တာရဲလွင်မောင်က ပြောသည်။

“မနက်ဖြန်မှ ကျနော်တို့ တောင်ကုတ်က သွားထုတ်ရပါမယ်။ နိုင်ငံတော်က ကျန်းမာရေးဝန်ထမ်းတွေကို ဦးစားပေးထိုးမှာ ဆိုတော့ ယုံကြည်မှုက ရှိပါတယ်။ တိုက်နယ်ဆေးရုံက ဝန်ထမ်းတွေကိုကျတော့ လုပ်ငန်းလည်း မပျက်ရအောင် တဝက်စီ ခေါ်ယူပြီးထိုးသွားပါမယ်” ဟု ဒေါက်တာရဲလွင်မောင်က ပြောသည်။

မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်နေ့က စတင်ပြီး၊ ကိုဗစ်ကူးစက်မှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ကိုဗစ် ကူးစက်ခံထားရသူ တစ်သိန်းသုံးသောင်းခုနှစ်ထောင်ငါးရာခုနှစ်ဆယ်လေးဦး ရှိပြီး၊ သေဆုံးသူ သုံးထောင်ခြောက်ဆယ်နှစ်ဦး ရှိသည်ဟု ဇန်နဝါရီလ ၂၅ ရက်နေ့ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ဒုတိယလိုင်း စဖြစ်သည့် အချိန်မှ ပိုးကူးစက်ခံထားရသူ ၄၂၅၉ ဦး၊ သေဆုံးသူ ၃၇ ဦးရှိသည်ဟု ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဗီဒီယိုများ