ကိုဗစ်နှင့်ပတ်သက်၍ အင်းစိန်ထောင်တွင် ဆန္ဒပြမှုဖြစ်ပွားခဲ့ခြင်းကြောင့် အခြေခံလူ့အခွင့်အရေးများကို လေးစားလိုက်နာရန် စစ်ကောင်စီကို သံရုံး ၁၅ ခုမှ တိုက်တွန်း

ထောင်အတွင်း လက်ရှိဖြစ်ပွားနေသော ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကောင်းမွန်စွာကိုင်တွယ် ထိန်းချုပ်နိုင်ခြင်းမရှိသောကြောင့် ယနေ့ ဇူလိုင်လ ၂၃ ရက် နံနက်ပိုင်းက ရန်ကုန် အင်းစိန်အကျဉ်းထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံနေရသူများမှ ဆန္ဒပြမှုတစ်ရပ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

23 Jul 2021

DMG ၊ ဇူလိုင် ၂၃

ထောင်အတွင်း လက်ရှိဖြစ်ပွားနေသော ကိုဗစ်ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကောင်းမွန်စွာကိုင်တွယ် ထိန်းချုပ်နိုင်ခြင်းမရှိသောကြောင့် ယနေ့ ဇူလိုင်လ ၂၃ ရက် နံနက်ပိုင်းက ရန်ကုန် အင်းစိန်အကျဉ်းထောင်အတွင်း ဖမ်းဆီးထိန်းသိမ်းခံနေရသူများမှ ဆန္ဒပြမှုတစ်ရပ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းအခြေအနေများကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းရန်၊ ယင်းထောင်နှင့် အခြားထောင်များအတွင်းရှိ ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးအတွက် ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှု နည်းလမ်းတကျ ရရှိရေးအတွက် အခြေခံလူ့အခွင့်အရေးများကို လေးစားလိုက်နာရန် သက်ဆိုင်ရာအာဏာပိုင်များကို မြန်မာနိုင်ငံရှိ သံရုံး ၁၅ ခုက တိုက်တွန်းကြောင်း ပူးတွဲကြေညာချက် ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ကြသည့် သံရုံးများမှာ ဩစတေးလျ၊ ကနေဒါ၊ ချက်သမ္မတနိုင်ငံ၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်၊ ဆွီဒင်နိုင်ငံ၊ ဆွစ်ဇာလန်၊ နော်ဝေ၊ ယူကေနှင့် အမေရိကန်နိုင်ငံတို့ဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် သံရုံးအကြီးအကဲများက ပူးပေါင်းလက်မှတ်ရေးထိုးကာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဆန္ဒပြမှုများ၊ အကျဉ်းထောင်များနှင့် ဆက်လက်ဖြစ်ပေါ်ပြောင်းလဲနေသော အခြေအနေကို အဆိုပါ သံရုံး ၁၅ ခုက စောင့်ကြည့်နေကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။  

အင်းစိန်ထောင်တွင် ယနေ့ ဆန္ဒပြခဲ့ကြသူများထဲတွင် ဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံရေးသမားများအပါအဝင် အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းအချို့လည်း ပူးပေါင်းပါဝင်ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

ယင်းဆန္ဒပြပွဲဖြစ်ပေါ်ပြီးနောက် အကျဉ်းထောင်အတွင်းသို့ စစ်ကားများဝင်ရောက်၍ ထောင်ကို စီးနင်းမှုပြုလုပ်ကာ ထောင်ရှိလက်နက်များအားလုံးကို သိမ်းဆည်းခဲ့ကြောင်း အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းအချို့ကို ကိုးကား၍ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ထုတ်ပြန်ထားသည်။

အင်းစိန်ထောင်၏ အမျိုးသမီးအဆောင် နှစ်ဆောင်တွင် ကိုဗစ်ရောဂါအခြေအနေ ဆိုးရွားလျက်ရှိနေသော်လည်း အာဏာပိုင်များက အကျဉ်းသားများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို လစ်လျူရှုထားပြီး အထူးတိုက်နှင့် ဆေးရုံတွင်သာ ကျန်းမာရေးစောင့်ရှောက်မှုကို ပေးထားကြောင်း၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများအတွက်လည်း မည်သည့်ကာကွယ်စောင့်ရှောက်မှုကိုမှ စီမံဆောင်ရွက်ခြင်းမပြုထားသောကြောင့် ဆန္ဒထုတ်ဖော်မှု စတင်ဖြစ်ပွားခဲ့သည်ဟု AAPP က ထုတ်ပြန်ထားသည်။

အကျဉ်းသားများအပေါ် ပြင်းထန်ပြီး လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်ခြင်းများကို ထောင်အာဏာပိုင်များနှင့် စစ်ကောင်စီမှ ကျူးလွန်မည်ကို များစွာစိုးရိမ်ကြောင်း၊ နိုင်ငံတကာအစိုးရများအနေဖြင့်လည်း မတရားဖမ်းဆီးထိန်းသိမ်းခံ အကျဉ်းသားများ အသက်ရှင်သန်ခွင့်နှင့် အမြန်ဆုံးလွှတ်ပေးတို့အတွက် စစ်ကောင်စီအား ဖိအားပေးရန် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က တောင်းဆိုထားသည်။

ဗီဒီယိုများ