အင်တာနက်ဖြတ်တောက်မှု ၁၀၁ ရက်မြောက်နေ့ လှုပ်ရှားမှုပြုလုပ်မည်

အင်တာနက်ဖြတ်တောက်ခံထားရသည့် ရခိုင်ပြည်နယ်မှ လူဦးရေ ၆ သိန်းကျော်သော ပြည်သူများအပေါ် စာနာကြောင်းနှင့် စည်းလုံးမှုရှိကြောင်းပြနိုင်ရန်အတွက် လှုပ်ရှားမှုတစ်ခု ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

By ကျော်ချစ် 25 Sep 2019

Photo - Phandeeyar / Facebook

ကျော်ချစ် | DMG

စက်တင်ဘာ ၂၅ ၊ စစ်တွေ

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်တချို့တွင် မိုဘိုင်းဒေတာ အင်တာနက်လိုင်းများဖြတ်တောက်ထားသည်မှာ လာမည့် စက်တင်ဘာလ ၃၀ ရက်နေ့ဆိုပါက ရက်ပေါင်း ၁၀၁ ရက်ပြည့်မြောက်တော့မည်ဖြစ်သည်။

ထိုသို့ အင်တာနက်ဖြတ်တောက်ခံထားရသည့် ရခိုင်ပြည်နယ်မှ လူဦးရေ ၆ သိန်းကျော်သော ပြည်သူများအပေါ် စာနာကြောင်းနှင့် စည်းလုံးမှုရှိကြောင်းပြနိုင်ရန်အတွက် လှုပ်ရှားမှုတစ်ခု ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

စက်တင်ဘာလ ၃၀ ရက်နေ့မတိုင်မီ အွန်လိုင်းပလက်ဖောင်များတွင် မိမိမိတ်ဆွေများနှင့် လုပ်ဖော်ကိုင်ဘက် များကို ကြိုတင်အသိပေးအကြောင်းကြားစာပို့ရခြင်းတို့ပြုလုပ်ပြီး ယခုလှုပ်ရှားမှုတွင်ပါဝင်နိုင်သည်။

ယင်းသို့ပေးပို့ရမည့်စာတိုမှာ “စက်တင်ဘာလ ၃၀ ရက်နေ့တွင် ကျွန်ုပ်သည် မြန်မာအစိုးရ၏ အမိန့်ကြေညာချက် များကြောင့် ရက်ပေါင်း (၁၀၁) ရက်မြောက်နေ့အထိ အင်တာနက်ရယူသုံးစွဲခွင့် မရရှိသော ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ရှိ လူဦးရေတစ်သန်းကျော်နှင့် စည်းလုံးမှုရှိကြောင်း ပြသလိုသဖြင့် မြန်မာအင်တာနက် ဖြတ်တောက်မှုနေ့ (Myanmar Internet Blackout Day ) လှုပ်ရှားမှုတွင် ပါဝင်လှုပ်ရှားနေပါသည်။

ဤလှုပ်ရှားမှု ကျွန်ုပ်သည် မိုဘိုင်းလ်အင်တာနက်နှင့် အင်တာနက်ကို ၂၄ နာရီတိတိ ပိတ်ထားမည်ဖြစ်သည်။ အရေးပေါ်လိုအပ်ပါက ဖုန်းဆက်၍သော်လည်းကောင်း၊ ဖုန်းမက်ဆေ့ချ်ပို့ ၍သော်လည်းကောင်း ကျွန်ုပ်အား ဆက်သွယ်နိုင်သည်” ဟူ၍ ဖြစ်ကြောင်း သိရသည်။

ယခုလှုပ်ရှားမှုအား လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်းမြန်မာ (Free Expression Myanmar)၊ မြန်မာ့ စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (Myanmar Centre for Responsible Business)၊ ဖွံ့ဖြိုးမှုအတွက် ‘မြန်’ အိုင်စီတီအဖွဲ့(MIDO)နှင့် ဖန်တီးရာတို့မှ ပူးပေါင်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လှုပ်ရှားမှုတွင်ပါဝင်၍ ၂၄ နာရီကြာ အင်တာနက်မရှိဘဲ လုပ်ကိုင်နေထိုင်ရသည့်အတွက် ကြုံတွေ့ရသည့် အတွေ့အကြုံအား mdrf@digitalrightsmm.info သို့ အီးမေးပေးပို့ပေးရန်လည်း ပြောဆိုထားသည်။

ထိုသို့ အင်တာနက်မရှိသည့်အတွက် လူမှုရေး၊ စီးပွားရေး၊ လုပ်ငန်းခွင်နှင့် အခြားဆိုးကျိုးသက်ရောက်မှုများအပြင် စီးပွားရေးတန်ဖိုးများကိုလည်း သက်ဆိုင်မှုရှိပါက ထည့်သွင်းဖော်ပြပေးရန်နှင့် ပေးပို့သည့် အချက် အလက်များကို အများပြည်သူသို့ ထုတ်ဖော်တင်ပြနိုင်ခွင့် ရှိ၊ မရှိ၊ အမည်နာမကို သုံးစွဲနိုင်ခြင်း ရှိ၊ မရှိ ကို ဖော်ပြပေးရန်လည်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ် (၈)မြို့နယ်နှင့် ချင်းပြည်နယ်ပလက်ဝမြို့နယ်တို့ကို ဇွန်လ ၂၁ ရက်နေ့ကစပြီး အင်တာနက်ဖြတ်တောက်ထားခဲ့ရာ စက်တင်ဘာလ ၁ ရက်နေ့က မြို့နယ်အချို့ကို အင်တာနက်ပြန်ဖွင့်ပေးခဲ့ပြီး အချို့မြို့နယ်များမှာ လက်ရှိအချိန်ထိ ပိတ်ထားခံနေရဆဲဖြစ်သည်။

ဗီဒီယိုများ