စစ်ရေးဆိုင်ရာ လျှို့ဝှက်ချက်များ ပေါက်ကြားမှုရှိသဖြင့် ရခိုင်နှင့် ချင်းပြည်နယ်တွင် အင်တာနက်ပိတ်ထားဟု တပ်မတော်ပြော

စစ်ရေးဆိုင်ရာ လျှို့ဝှက်ချက်များ ပေါက်ကြားမှုရှိနေခြင်းကြောင့် ရခိုင်နှင့် ချင်းပြည်နယ်မှ မြို့နယ်အချို့တွင် အင်တာနက်ပိတ်ထားရခြင်းဖြစ်ကြောင်း ယနေ့(ဇွန်လ ၂၃ ရက်) နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

By နှင်းနွယ် 23 Jun 2020

နှင်းနွယ် | DMG
ဇွန် ၂၃ ၊ စစ်တွေ

စစ်ရေးဆိုင်ရာ လျှို့ဝှက်ချက်များ ပေါက်ကြားမှုရှိနေခြင်းကြောင့် ရခိုင်နှင့် ချင်းပြည်နယ်မှ မြို့နယ်အချို့တွင် အင်တာနက်ပိတ်ထားရခြင်းဖြစ်ကြောင်း ယနေ့(ဇွန်လ ၂၃ ရက်) နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

ထို့အပြင် လူမျိုးရေးဆိုင်ရာ အစွန်းရောက်မှုများ၊ အမုန်းစကားပြန့်ပွားမှုများ အပါအဝင် ပြည်တွင်းပြည်ပမှ အထင်မြင်လွဲမှားစေရန် ရေးသားဖော်ပြမှုများ ရှိသည့်အတွက် ယခုကဲ့သို့ ပိတ်ပင်ထားရခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“အင်တာနက်ပေါ်မှာ ရခိုင်ဒေသနဲ့ပတ်သက်ပြီး စစ်ရေးဆိုင်ရာလျှို့ဝှက်ချက်တွေ တက်လာတယ်။ ဘယ်စစ်ကြောင်းကတော့ ဘယ်နေရာကနေ ဘယ်နေရာကိုသွားနေတယ်ဆိုတဲ့ ဟာမျိုးတွေပေါ့။ ပြီးတော့ ဒါတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာကရော ပြည်တွင်းကပါ အထင်မြင်လွဲအောင် လုပ်ကြံပြီးတင်နေတဲ့ဟာ ရှိပါတယ်။ ဒါကြောင့် လုံခြုံရေးဆိုင်ရာတွေနဲ့ တင်ပြပြီးတော့ ဆောင်ရွက်ထားတာပါ ” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ထို့ပြင် အင်တာနက်ပြန်ဖွင့်ပေးရန်လည်း အစိုးရကို တစ်စုံတစ်ရာ အဆိုပြုရန်မရှိသေးကြောင်း တပ်မတော်က ဆိုသည်။

ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ် ၇ မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် အင်တာနက်လိုင်းများ ပိတ်ထားသည်မှာ ယခုလ ၂၁  ရက်နေ့က တစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

လက်ရှိတွင် အင်တာနက်ပိတ်ထားသည့်အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေး၊ စီးပွားရေး၊ သတင်းအချက်အလက် ပွင့်လင်းမြင်သာမှု စသည်တို့တွင် ထိခိုက်နစ်နာမှုများရှိနေကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဆိုသည်။

“တစ်ကမ္ဘာလုံးမှာ စစ်ရေးအတွက်ကြောင့်၊ အမုန်းစကားတွေ ဖြန့်တယ်ဆိုတာတွေကြောင့် အင်တာနက်ပိတ်တာတွေ မရှိပါဘူး။ ရှိရင်လည်း အချိန်တိုအတွင်း ပြန်ဖွင့်ပေးလေ့ရှိတယ်။ အခု ကျနော်တို့နိုင်ငံမှာကျတော့ တစ်နှစ်လုံးလုံးရှိပြီဆိုတော့ ဒါမဖြစ်သင့်တော့ဘူး” ဟု ဦးဖေသန်းက ပြောသည်။

အစိုးရအနေဖြင့် ယခုကိစ္စအား အခြားနည်းလမ်းဖြင့် အဖြေရှာသင့်ကြောင်းနှင့် အင်တာနက်လိုင်းများကို ပြန်ဖွင့် ပေးသင့်ပြီဟု ယူဆကြောင်း ဦးဖေသန်းက ဆက်လက်ပြောဆိုသည်။

ဒီမိုကရေစီအစိုးရတစ်ရပ်အနေဖြင့် ပြည်သူများ၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုပိုင်ခွင့်နှင့် လူ့အခွင့်အရေးကို အပြည့်အဝ ကာကွယ်ပေးရမည်ဖြစ်သော်လည်း လက်ရှိတွင် လစ်လျူရှု မျက်ကွယ်ပြုထားသည့်သဘောကို တွေ့မြင်နေရကြောင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသည့် အသံအဖွဲ့၏ သုတေသနမန်နေဂျာ ကိုရဲဝေကပြောသည်။

“အမုန်းတရားတွေ ဖြန့်ဝေနေတယ်ဆိုရင်လည်း ဘယ်သူကနောက်ကွယ်က ဖြန့်နေလဲဆိုတာကို ဖော်ထုတ် အရေးယူဖို့ အရေးကြီးတယ်။ အဲဒီလိုမဟုတ်ဘဲ ဘယ်နေရာမှာတော့ အမုန်းစကားတွေ ဖြန့်နေပါတယ်ဆိုပြီး ဝါးလုံးနဲ့ ရမ်းသလိုမျိုး အင်တာနက်ဖြတ်တာတွေ၊ လွတ်လပ်စွာပြောဆိုပိုင်ခွင့် ပိတ်ပင်တာတွေကို မလုပ်သင့်ဘူး” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် အင်တာနက်ဖြတ်တောက်ခံထားရသည့် မြို့နယ်များမှ ပြည်သူများအနေဖြင့်လည်း လူအခွင့်အရေးပိုင်းဆိုင်ရာ ချိုးဖောက်ခံရမှုများရှိနေပြီး အချို့ကိစ္စများမှာ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် တက်လာမှသာ သိရှိရသည့် အခြေအနေတွင် ရှိနေသည့် သာဓကများစွာရှိကြောင်း ကိုရဲဝေက ဆက်လက်ပြောကြားသည်။

“တကယ်တမ်းပြောရရင် အင်တာနက်ဖိနှိပ်တာတွေ ရပ်ဖို့လိုပါတယ်။ လက်ရှိပဋိပက္ခဒေသတွေမှာ ဒေသခံတွေက မြေဇာပင်တွေဖြစ်နေကြရတယ်။ အင်တာနက်မရှိရင် အဲ့ဒီဒေသကပြည်သူတွေရဲ့ အသက်၊အိုးအိမ်၊ စည်းစိမ်တွေ ပိုပြီးဆုံးရှုံးလာနိုင်တယ်။ ဒါကြောင့် အဲဒီဒေသကလူတွေရဲ့ အဓိကမျှော်လင့်ချက်က အင်တာနက်ဖြစ်တယ်” ဟု ၎င်းကဆိုသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုရှိနေသည့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြားနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို ၂၀၁၉ ခုနှစ် ဇွန်လ (၂၁)ရက်နေ့တွင် အစိုးရက ကြိုတင်အသိမပေးဘဲ အင်တာနက်ဖြတ်တောက်ခဲ့သည်။

ပြီးခဲ့သည့်စက်တင်ဘာလ (၁)ရက်နေ့တွင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မြေပုံနှင့် ပလက်ဝ မြို့နယ်တို့ကို အင်တာနက်ပြန်ဖွင့်ပေးခဲ့သော်လည်း ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် ယင်းမြို့နယ်များကို ထပ်မံ ဖြတ်တောက်ခဲ့သည်။

ထို့နောက် ပြီးခဲ့သည့် မေလ ၂ ရက်နေ့တွင် မောင်တောမြို့နယ်ကို အင်တာနက်လိုင်းပြန်ဖွင့်ပေးခဲ့သည်။

ယင်းသို့ အင်တာနက်လိုင်းများပိတ်ထားသည့်မြို့နယ်များတွင် အင်တာနက်ပြန်ဖွင့်ပေးရန် အရပ်ဖက်အဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများနှင့် မြန်မာနိုင်ငံအတွင်းရှိ သံတမန်အဖွဲ့အစည်း ၁၄ ဖွဲ့တို့မှ တောင်းဆိုထားကြသည်။

အင်တာနက်ပိတ်ထားခြင်းကြောင့် ရခိုင်နှင့် ချင်းပြည်နယ်မှ လူဦးရေတစ်သန်းခန့်မှာ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်ရရှိမှု ပြတ်တောက်နေရကြောင်းလည်း အဖွဲ့အစည်းများ၏ စာရင်းအရသိရသည်။

ဗီဒီယိုများ