လူ ၂၅ ဦး အသတ်ခံရသည့် ဖြစ်စဉ်အား KNU စုံစမ်းစစ်ဆေးမည်

ကရင်ပြည်နယ် မြဝတီခရိုင်အတွင်း ကနဲလေး-မော်ခီးကြားရှိ အူးဟူချောင်းတံတားတည်ဆောက် ရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသည့် အရပ်သား ၂၅ ဦးအား ကရင်အမျိုးသားကာကွယ်ရေးတပ်အဖွဲ့ (KNDO) က သတ်ဖြတ်လိုက်သည်ဟူသော စွပ်စွဲချက်နှင့်ပတ်သတ်ပြီး စုံစမ်းစစ်ဆေးမည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဇွန်လ ၁၆ ရက်နေ့က ထုတ်ပြန်လိုက်သည်။

17 Jun 2021

DMG ၊ ဇွန် ၁၇

ကရင်ပြည်နယ် မြဝတီခရိုင်အတွင်း ကနဲလေး-မော်ခီးကြားရှိ အူးဟူချောင်းတံတားတည်ဆောက် ရေးလုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသည့် အရပ်သား ၂၅ ဦးအား ကရင်အမျိုးသားကာကွယ်ရေးတပ်အဖွဲ့ (KNDO) က သတ်ဖြတ်လိုက်သည်ဟူသော စွပ်စွဲချက်နှင့်ပတ်သတ်ပြီး စုံစမ်းစစ်ဆေးမည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ဇွန်လ ၁၆ ရက်နေ့က ထုတ်ပြန်လိုက်သည်။

KNDO မှာ KNU ၏ လက်အောက်ခံအဖွဲ့အစည်းတစ်ခုဖြစ်သည့်အတွက်ကြောင့် KNU က စုံစမ်းစစ်ဆေးမည်ဟု ကြေညာခြင်းဖြစ်သည်။

KNU တွဲဖက်အတွင်းရေးမှူး (၂) ပဒိုစောလှထွန်းက “ ဒီကိစ္စကို KNU ကာကွယ်ရေးဌာနနဲ့ ဗဟိုစစ်ဦးစီးချုပ်ဌာန ပူးပေါင်းဖွဲ့စည်းပြီးတော့ ကိုင်တွယ်ဆောင်ရွက်သွားဖို့ရှိပါတယ်။ အခုက သတင်းတွေမှာတော့ အမျိုးမျိုး ဖော်ပြလာတယ်ဆိုတော့ တကယ့်အဖြစ်အပျက်၊ အကြောင်းရင်းက ဘယ်လိုလဲဆိုတာရယ်၊ ကန့်ကွက်စာကလည်း ဘယ်လောက်ထိ ဟုတ်သလဲ၊ ဘယ်လောက်အထိ မှန်သလဲဆိုတာ မသိရသေးတော့ ကျနော်တို့ ဘာမှလုပ်လို့မရ သေးဘူး။ အဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း ဆက်လက် စုံစမ်းစစ်ဆေးသွားရမှာပေါ့နော်” ဟု KIC သတင်းဌာနကို ပြောဆိုထားသည်။

KNU အနေဖြင့် လက်နက်ကိုင် တိုက်ခိုက်မူများအတွင်း အရပ်သားများအား သတ်ဖြတ်သည့်ဖြစ်စဉ်များကို လက်ခံနိုင်ခြင်းမရှိသည့် Geneva Convention ကို လိုက်နာပြီး ထိုကဲ့သို့သော ကိစ္စရပ်များနှင့် ပတ်သတ်၍ မိမိတို့၏ သက်ဆိုင်ရာဥပဒေများနှင့်အညီ အရေးယူမူများပြုလုပ်ရန် သတ်မှတ်ချက်များရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အူးဟူချောင်းတံတား တည်ဆောက်ရေးလုပ်ငန်းခွင်က အရပ်သား ၂၅ ဦးကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)မှ ဗိုလ်ကြီးအဆင့်ရှိသူ စောပါဝါးဦးစီးသည့်အဖွဲ့မှ သတ်ဖြတ်လိုက်သည်ဟု အာဏာသိမ်းစစ်ကောင်စီက ဇွန်လ ၁၃ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

KNDO ဘက်ကတော့ အဆိုပါ ၂၅ ဦးမှာ လမ်းလုပ်သားယောင်ဆောင်ထားသော အာဏာသိမ်းစစ်ကောင်စီမှ စစ်ထောက်လှမ်းရေးလူများဖြစ်ပြီး စစ်ယူနီဖောင်းအပါအဝင် လက်နက်ခဲယမ်းများတွေ့ရကြောင်း၊ ယင်းအပြင် သေဆုံးသူများထဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ ထိုးစစ်ဆင်ချိန် လက်နက်ကြီးကျ၍သေဆုံးသူများနှင့် အချို့ကထွက်ပြေး၍ ပစ်သက်လိုက်ခြင်းဖြစ်ကြောင်း ရှင်းချက်ထုတ်ပြန်ထားသည်။

ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) စစ်ဦးစီးချုပ်ကလည်း သေဆုံးသွားသူများသည် အရပ်သား အသွင်ယူထားပြီး သတင်းအချက်အလက် ထောက်လှမ်းနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်ကြောင်း ကရင်သတင်းဌာနကို ပြောဆိုထားသည်။

KNDO နှင့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့တို့သည် မေလ ၃၁ ရက်နေ့က စပြီး ဝေါလေမြို့နယ်တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ကာ အူးဟူချောင်းတံတားလုပ်ငန်းခွင်က အမျိုးသား ၃၁ ဦး၊ အမျိုးသမီး ၆ ဦးနှင့် ကလေး ၁၀ ဦး စုစုပေါင်း ၄၇ ဦးကို ဖမ်းဆီးခဲ့သည်။ ယင်းဖမ်းဆီးခဲ့သူများထဲမှ အမျိုးသား ၆ ဦး၊ အမျိုးသမီး ၆ ဦးနှင့် ကလေး ၁၀ ဦးကို ပြန်လည်လွှတ်ပေးခဲ့ပြီး အမျိုးသား ၂၅ ဦးက သေဆုံးသွားကြောင်း သိရသည်။

ဗီဒီယိုများ