ပုဏ္ဏားကျွန်းမြို့အနီး တပ်မတော်စစ်ကြောင်း မိုင်းဆွဲခံရ၊ အရပ်သားတစ်ဦးသေ တစ်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့အဝင် ကင်းချောင်းတံတားအနီး ရန်ကုန်-စစ်တွေကားလမ်းပေါ်တွင် ယနေ့ (ဇွန် ၂ ရက်) နေ့လည် (၁၁)နာရီခွဲက တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းဆွဲခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

By မြတ်ဆွေ 02 Jun 2020

ပုဏ္ဏားကျွန်းမြို့တွင် သွားလာနေကြသော တပ်မတော်သားများကို တွေ့ရစဉ်။ (ဓာတ်ပုံ - CJ)

မြတ်ဆွေ | DMG
ဇွန် ၂ ၊ ပုဏ္ဏားကျွန်း

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့အဝင် ကင်းချောင်းတံတားအနီး ရန်ကုန်-စစ်တွေကားလမ်းပေါ်တွင် ယနေ့ (ဇွန် ၂ ရက်) နေ့လည် (၁၁)နာရီခွဲက တပ်မတော်စစ်ကြောင်းတစ်ခု မိုင်းဆွဲခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

တပ်မတော်သား အင်အား(၂၀)ကျော်ခန့်ပါရှိသော စစ်ကြောင်းတစ်ခုသည် ယနေ့နံနက်ပိုင်းက ဆားပြင်ကြီး ကျေးရွာအနီးတွင် ကင်းလှည့်ပြီး ပုဏ္ဏားကျွန်းမြို့ ခမရ (၅၅၀)တပ်ရင်းသို့ပြန်လာစဉ် မိုင်းဆွဲခံရခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးက ပြောသည်။

“သူတို့ကတော့ ကင်းချောင်းတံတားကနေပြီး ပုဏ္ဏားကျွန်းဖက်ကိုလာတာ။ အဲဒီတံတားကျော်သွားတာနဲ့ မိုင်းပေါက်တာ။ မိုင်းကတော့ နှစ်လုံးပေါက်တာ” ဟု ၎င်းကဆိုသည်။

ယင်းသို့ မိုင်းဆွဲခံရဲမှုကြောင့် တပ်မတော်သားအချို့ ထိခိုက်မှုများရှိခဲ့၍ တပ်ရင်းမှ တပ်မတော်ယာဉ်များဖြင့် လာရောက်ယူဆောင်လျက်ရှိကြောင်းလည်း ၎င်းမြို့ခံက ပြောသည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်ပြောခွင့်ရသူများကို DMG က ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံ ဖြေကြားခြင်းမရှိခဲ့ပေ။

တပ်မတော်စစ်ကြောင်းမိုင်းဆွဲခံရစဉ် ကားလမ်းမပေါ်တွင် ဆိုင်ကယ်ဖြင့်သွားနေသည့် အရပ်သား နှစ်ဦးမှာ တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိသွားခဲ့သည်။

ဒဏ်ရာရရှိသူမှာ ပုဏ္ဏားကျွန်းမြို့မှ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူ ဦးဝင်းနိုင်စိုး ၄၇ နှစ်ဖြစ်ပြီး သေဆုံးသွားသူမှာ ဦးဇော်မင်းဦး ၃၈ နှစ်ဖြစ်သည်။

၎င်းတို့နှစ်ဦးမှာ ပုဏ္ဏားကျွန်းမြို့မှ နားဒေါင်းကျကျေးရွာသို့သွားစဉ် တပ်မတော်စစ်ကြောင်း မိုင်းဆွဲခံရမှုဖြစ်စဉ် အတွင်း ထိမှန်သွားခဲ့ခြင်းဖြစ်ကြောင်း ဒဏ်ရာရရှိခဲ့သူ ဦးဝင်းနိုင်စိုးက DMG သို့ ပြောသည်။

“ကျွန်တော်က ဆိုင်ကယ်ကယ်ရီမောင်းနေတာ။ သူက နားဒေါင်းကျကျေးရွာမှာ အိမ်ထောင်ကျနေတော့ အဲဒီကို ပို့ပေးတာ။ ကျနော်တို့သွားတဲ့အချိန်မှာ တပ်မတော်စစ်ကြောင်းတွေရှိတယ်။ မိုင်းပေါက်ကွဲချိန် ကျနော့်မှာ လက်မောင်းထိခိုက်ပြီး ဝပ်နေရတယ်။ ကျနော်နဲ့ လိုက်ပါလာတဲ့သူကတော့ အဲဒီနေရာမှာပဲ ဆုံးသွားတယ်” ဟု ကိုဝင်းနိုင်စိုးက ဆိုသည်။

ယင်းဖြစ်စဉ်အတွင်း ဦးဇော်မင်းဦးမှာ ကျောကုန်းနှင့် ဦးခေါင်းနောက်စေ့တို့တွင် ထိခိုက်သွားခဲ့ပြီး အခင်းဖြစ်ပွားသည့် နေရာတွင် ဆေသုံးသွားခဲ့သည်။

ထို့အတူ ဦးဝင်းနိုင်စိုးမှာ ဘယ်ဖက်လက်မောင်းတွင် မိုင်းစများထိမှန်ခဲ့ပြီး ပုဏ္ဏားကျွန်းဆေးရုံတွင် ဆေးကုသမှု ခံယူနေရကာ စစ်တွေဆေးရုံယူသို့ ယူဆောင်ရမည့် အခြေနေတွင်ရှိနေကြောင်း ကူညီဆောင်ရွက်ပေးနေသူ ကိုအောင်နိုင်စိုးက ပြောသည်။

ဗီဒီယိုများ