ရခိုင်ပြည်နယ် ခရီးသွားရာဇဝင်ရှိသူများ သတင်းပေးပို့ရန်ပျက်ကွက်ပါက အရေးယူခံရနိုင်

Covid – 19 ရောဂါ ကူးစက်ပျံ့နှံ့မှုကို အချိန်မီထိန်းချုပ်နိုင်ရန်အတွက် သြဂုတ်လ ၁၀ ရက်နေ့ကစပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ရောဂါ ကူးစက်ဖြစ်ပွားမှုများရှိနေသော မြို့နယ်များသို့ (သို့မဟုတ်) မြို့နယ်များမှ ခရီးသွားလာမှုများရှိခဲ့ပါက ချက်ချင်းသတင်းပေးပို့ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

By မြတ်ဆွေ 30 Aug 2020

ကိုဗစ်ရောဂါ မဖြစ်ပွားမီက မြင်တွေ့ရသည့် စစ်တွေလေဆိပ်မြင်ကွင်းတစ်ခု (ဓာတ်ပုံ - DMG)

မြတ်ဆွေ ၊ DMG
သြဂုတ် ၃၀ ၊ စစ်တွေ

Covid – 19 ရောဂါ ကူးစက်ပျံ့နှံ့မှုကို အချိန်မီထိန်းချုပ်နိုင်ရန်အတွက် သြဂုတ်လ ၁၀ ရက်နေ့ကစပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ ရောဂါ ကူးစက်ဖြစ်ပွားမှုများရှိနေသော မြို့နယ်များသို့ (သို့မဟုတ်) မြို့နယ်များမှ ခရီးသွားလာမှုများရှိခဲ့ပါက ချက်ချင်းသတင်းပေးပို့ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သြဂုတ်လ ၂၈ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

သြဂုတ်လ ၁၀ ရက်နေ့ကစပြီး ပြည်တွင်းလေကြောင်းခရီးစဉ်များဖြင့် ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ လိုက်ပါခဲ့သူများအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ နီးစပ်ရာ ကျန်းမာရေးဌာနများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများထံ ချက်ချင်းသတင်းပို့ပြီး ကျန်းမာရေးစစ်ဆေးမှုခံယူရန် လိုအပ်သည်။

သို့မှသာ မိမိတွင် ရောဂါကူးစက်မှုရှိပါက အချိန်မီ ကုသမှုခံယူနိုင်မည်ဖြစ်ပြီး မိမိမှတဆင့် မိမိ၏ မိသားစုနှင့် နီးစပ်ရာများကို ရောဂါကူးစက်မှုမှ ကာကွယ်နိုင်မည်ဖြစ်သည်။

အကယ်၍ သတင်းပေးပို့ရန် ပျက်ကွက်သူများအား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေနှင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
သြဂုတ်လ ၁၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ ပြည်တွင်းလေကြောင်းခရီးစဉ်ဖြင့် ရခိုင်ပြည်နယ်မှ ရန်ကုန်မြို့သို့ လိုက်ပါခဲ့သူ စုစုပေါင်း (၅၄၂၉) ဦးအထိ ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါကူးစက်မှုများ မြင့်တက်လာနေသည့်အတွက် စစ်တွေ-ရန်ကုန် ပြေးဆွဲနေသည့် ခရီးသည်တင်ကားများနှင့် ကုန်တင်ကားများကို သြဂုတ်လ ၂၁ ရက်နေ့မှစပြီး ယာယီရပ်နားထားသည့်သတင်းကို ယာဉ်လိုင်းတာဝန်ရှိသူများ၏ ပြောစကားများကို ကိုးကားပြီး DMG က သြဂုတ်လ ၂၃ ရက်နေ့တွင် တင်ဆက်ခဲ့သည်။

သို့သော်လည်း ကိုဗစ်ကာလအတွင်း ရခိုင်ပြည်နယ်တွင် ကုန်စည်ပြတ်တောက်မှု မရှိစေရန်အတွက် ကုန်တင်ကားများကိုတော့ ပုံမှန်သွားလာနေကျအတိုင်း ဖြတ်သန်းသွားလာခွင့်ပြုထားပြီး ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများကဦးဆောင်ပြီး စနစ်တကျလုပ်ဆောင်နေကြောင်း အမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်က သြဂုတ်လ ၂၇ ရက်နေ့က DMG ကို ပြောဆိုထားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (သြဂုတ်လ ၃၀ ရက်) နံနက်ပိုင်းအချိန် ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ (၃၂၉) ဦးအထိ ရှိလာနေပြီး ယင်းအထဲမှ ယခင်က ပိုးတွေ့လူနာ (၁၆) ဦးမှာ ရောဂါကင်းစင်သွားပြီဖြစ်သဖြင့် ဆေးရုံမှ ဆင်းသွားကြပြီဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန် -

ဗီဒီယိုများ