ရခိုင်နှင့် ချင်းပြည်နယ်တွင် တပ်မတော်မှ ထိုးစစ်ဆင်နေမှုများကို ရပ်တန့်ပေးရန် ဂျပန်တွင်ဆန္ဒပြ

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်နေမှုများအား ရပ်တန့်ပေးရန် ဂျပန်ရောက် မြန်မာတိုင်းရင်းသားများစုပေါင်းပြီး ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးရှေ့၌ ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

25 Jun 2020

ခိုင်ရိုးလ | DMG
ဇွန် ၂၅ ၊ ဂျပန်

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် တပ်မတော်မှ ထိုးစစ်ဆင်တိုက်ခိုက်နေမှုများအား ရပ်တန့်ပေးရန် ဂျပန်ရောက် မြန်မာတိုင်းရင်းသားများစုပေါင်းပြီး ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးရှေ့၌ ယနေ့ ဇွန်လ ၂၅ ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ယင်းဆန္ဒထုတ်ဖော်ပွဲတွင် ရခိုင်၊ ချင်း၊ ကရင်၊ ကချင်၊ ပလောင်၊ မွန်နှင့် ရှမ်း စသည့်တိုင်းရင်းသားများ စုပေါင်း ပါဝင်သည့် လူဦးရေ ၆၀ ကျော် တက်ရောက်ခဲ့ကြောင်း ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ(ဂျပန်)- ANDP မှ သိရသည်။

“ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်က အကြမ်းဖက်ထိုးစစ်ဆင်မှုတွေကို ရှုတ်ချကန့်ကွက်ပြီး လူ့အခွင့်အရေး ချိုးဖောက်နေမှုတွေကို ရပ်တန့်ပေးဖို့နဲ့ ရခိုင်နှင့် ပလက်ဝမြို့နယ် ၈ ခုမှာ ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက် ပိတ်ထားတာကို အမြန်ဆုံးပြန်ဖွင့်ပေးဖို့အတွက် တောင်းဆိုတာ” ဟု ANDP-japan ဥက္ကဋ္ဌ ဦးဘုန်းမြင့်က ပြောသည်။

လက်ရှိ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေချိန်တွင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်မှမြို့နယ်အချို့မှာ အင်တာနက် ဖြတ်တောက်ခံထားရသဖြင့် ပြည်သူများ၏ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေးကဏ္ဍတို့တွင် များစွာထိခိုက်မှု ရှိနေရကြောင်း ANDP-Japan က ဆိုသည်။

တပ်မတော်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ရှုတ်ချကြောင်းနှင့် မြန်မာနိုင်ငံကို စစ်မှန်သော ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန်၊ စစ်ဘေးရှောင်များအတွက်လို အပ်သည့်အကူအညီများအား အစိုးရမှ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ကူညီထောက်ပံ့ပေးရန် ယင်းဆန္ဒဖော်ထုတ်ပွဲမှ တောင်းဆိုထားသည်။

ထို့ပြင် တရားစွဲဆိုခံထားရသည့် အယ်ဒီတာများနှင့် သတင်းထောက်များကို အမှုမှ ပြန်လည်ရုပ်သိမ်းပေးရန်နှင့် ဒေသဆိုင်ရာ အင်တာနက်သတင်းစာမျက်နှာ(Website)များကို ပြန်လည်ဖွင့်လှစ်ပေးရန်အပါအဝင် ပြည်တွင်း၊ ပြည်ပသတင်းထောက်များကို လွတ်လပ်စွာ သတင်းရယူခွင့်ပြုရန်လည်း တောင်းဆိုကြသည်။

အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် မိသားစုများကို ဆက်သွယ်ရာတွင်လည်း အဆင်မပြေမှုများ ကြုံတွေ့နေရသည်ဟု ဦးဘုန်းမြင့်က ဆိုသည်။

“ကျနော့်အိမ်ကိုဆိုရင် အခုအချိန်ထိ ဖုန်းပြောရတာလည်း အဆင်မပြေဘူး။ သတင်းအချက်အလက်တွေကိုလည်း ကျနော်မသိရဘူး။ အင်တာနက်ဖြတ်တောက်ထားတဲ့အတွက် ဒီကနေ တိုက်ရိုက်ဆက်သွယ်မယ်ဆိုရင်လည်း ကျနော်တို့မှာ ငွေကြေးအခက်အခဲရှိတယ်။ ဒီအတွက် ကျနော်တို့မှာ အခက်အခဲတွေ အများကြီးကြုံတွေ့ရတယ်”ဟု ဆိုသည်။

အင်တာနက်ပိတ်ပင်ခံထားရသည့် ရခိုင်နှင့် ချင်းပြည်နယ်မှ လူဦးရေတစ်သန်းခန့်မှာ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်ရရှိမှု ပြတ်တောက်နေရကြောင်းလည်း အဖွဲ့အစည်းများမှ ထုတ်ပြန်ထားသည်။

တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်မှ မြို့နယ် ၇ မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် အင်တာနက်ဖြတ်တောက်ထားသည်မှာ ယခုလ ၂၁ ရက်နေ့က တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

ပိတ်ထားသည့်အင်တာနက်လိုင်းများကို ပြန်ဖွင့်ပေးရန် တောင်းဆိုမှုများရှိသော်လည်း အင်တာနက်ပြန်ဖွင့် ပေးရန်မရှိသေးကြောင်း တပ်မတော်က ယခုလ ၂၃ ရက်နေ့တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

ဗီဒီယိုများ