မြန်မာရဲတပ်ဖွဲ့သို့ ဂျပန်မှ ဆက်သွယ်ရေးပစ္စည်းများ ထောက်ပံ့မည့်အစီအစဉ်ကို ဖျက်သိမ်းရန် HRW တိုက်တွန်း

မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် မော်တော်ယာဉ်များနှင့် ဆက်သွယ်ရေးပစ္စည်းများဝယ်ယူရန် ဂျပန်အစိုးရမှ ငွေကြေးလှူဒါန်းမည့် အစီအစဉ်ကို ချက်ချင်းဖျက်သိမ်းသင့်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(Human Rights Watch)မှ ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

23 Jul 2020

ခိုင်ရိုးလ | DMG
ဇူလိုင် ၂၃ ၊ ရန်ကုန်

မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် မော်တော်ယာဉ်များနှင့် ဆက်သွယ်ရေးပစ္စည်းများဝယ်ယူရန် ဂျပန်အစိုးရမှ ငွေကြေးလှူဒါန်းမည့် အစီအစဉ်ကို ချက်ချင်းဖျက်သိမ်းသင့်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(Human Rights Watch)မှ ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် အရပ်သားအစိုးရ၏ ထိန်းချုပ်မှုအောက်တွင်မရှိဘဲ စစ်တပ်၏ထိန်းချုပ်မှုဖြင့် လည်ပတ်နေခြင်းဖြစ်ပြီး ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများ ခိုင်လုံစွာရှိနေကြောင်း HRW ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မော်တော်ယာဉ်နှင့် ကြိုးမဲ့ဆက်သွယ်ရေးပစ္စည်းတွေ ဝယ်ယူရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဂျပန်ယန်းငွေ သန်း ၁၀၀ (ဒေါ်လာ ၉ ၃၀,၀၀၀)လှူဒါန်းမည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက် နေ့တွင် ကြေညာခဲ့သည်။

ဂျပန်အစိုးရအနေဖြင့် ယင်းသို့ ရဲတပ်ဖွဲ့ဝင်များကို ကူညီခြင်းမလုပ်သင့်ဘဲ လူ့အခွင့်အရေးချိုးဖောက်မှု ခံခဲ့ ရသည့် ပြည်သူများကိုသာ ကူညီသင့်ကြောင်း Human Rights Watch အဖွဲ့၏ အာရှဒေသဒါရိုက်တာ Brad Adams က ဆိုသည်။

“မြန်မာ့ရဲတပ်ဖွဲ့ကို ကူညီထောက်ပံ့မယ့်အစား အခြားလှူဒါန်းမည့် အစိုးရအဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး မြန်မာ့ လုံခြုံရေးတပ်ဖွဲ့ကို တာဝန်ခံမှု၊ တာဝန်ယူမှုရှိလာစေခြင်းအားဖြင့် လူမျိုးစုလိုက် ရှင်းလင်းမှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဒဏ် ခံစားခဲ့ရတဲ့ပြည်သူတွေကို ဂျပန်အစိုးရအနေနဲ့ ကူညီပေးသင့်ပါတယ် ” ဟု Brad Adams ဟု ပြောသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ယခုလှူဒါန်းမှုမှာ ပြည်သူလုံခြုံရေးကိစ္စများကို ဆောင်ရွက်ရာတွင် ရဲတပ်ဖွဲ့၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး တည်ငြိမ်မှု၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးကူညီပေးနိုင်မည် ဖြစ်ကြောင်းဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်၏ထိန်းချုပ်မှုအောက်တွင် ရဲတပ်ဖွဲ့ရှိနေခြင်းကြောင့် အရပ်သား၏ ထိန်းကွပ်မှုအောက်တွင် ရှိမနေခြင်းကြောင့် ဆိုးသွမ်းနေခြင်းဖြစ်ကြောင်း HRW က ဆိုသည်။
ယင်းကြောင့် အစိုးရနှင့် ဆန့်ကျင်သဘောထားကွဲလွဲသူများအား ဖမ်းဆီးညှဉ်းပမ်းနှိပ်စက်ခြင်း၊ အကြောက် တရားလွှမ်းမိုးအောင် ရဲတပ်ဖွဲ့က ဖန်တီးလုပ်ဆောင်ခဲ့ကြောင်း Human Rights Watch အဖွဲ့ကဆိုသည်။

ပြီးခဲ့သည့် ၂၀၁၂၊ ၂၀၁၆၊ ၂၀၁၇ ခုနှစ်များတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် တပ်မတော်နှင့်အတူ ရခိုင်ပြည်နယ် အတွင်း စစ်ဆင်ရေးများ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး မွတ်ဆလင်လူမျိုးများအပေါ် လူအစုလိုက် သတ်ဖြတ်မှုများ၊ အဓမ္မပြုကျင့်မှုများနှင့် ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများရှိခဲ့ကြောင်း မှတ်တမ်းများရှိသည်ဟု HRW က ဆိုသည်။

ယင်းအပြင် ၂၀၁၇ ခုနှစ်က မောင်တော်မြို့နယ် အင်းဒင်ကျေးရွာတွင် မွတ်ဆလင် (၁၀) ဦး အစုလိုက် သတ်ဖြတ်ခံရမှုအပေါ် Reuters သတင်းဌာနက စုံစမ်းထောက်လှမ်း သတင်းရေးသားရာတွင် သတင်းသမား နှစ်ဦးကို ရဲတပ်ဖွဲ့က ထောင်ချောက်ဆင်ဖမ်းဆီးခဲ့ကြောင်းလည်း သိရသည်။

အလားတူ ၂၀၁၅ လက်ပံတန်းကျောင်းသားကိစ္စ၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီလက မြောက်ဦးမြို့ရှိ အစိုးရ အဆောက်အဦးတစ်ခုတွင် စုဝေးဆန္ဒပြသူများအတွင်း လူ ၇ ဦးသေဆုံးခဲ့ခြင်း၊ ၂၀၁၉ ကယားပြည်နယ်အတွင်း ဗိုလ်ချူပ်ရုပ်ထုနှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က ရာဘာကျည်ဖြင့် ပစ်ခတ်ဖြိုခွင်းခြင်းများကို ပြုလုပ်ခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် အရပ်သားအစိုးရ ထိန်းချုပ်မှုအောက်ကိုရောက်ရှိပြီး စနစ်တကျ ပြုပြင်ပြောင်းလဲ ရေးများ လုပ်ဆောင်လာသည့်အချိန်အထိ ရဲတပ်ဖွဲ့အပေါ် ဂျပန်အစိုးရ၏ ကူညီပံ့ပိုးမှုအားလုံးကို ဆိုင်းငံ့ထား သင့်ကြောင်းလည်း HRW က တိုက်တွန်းထားသည်။

ဂျပန်အစိုးရအား လူ့အခွင့်အရေးစံနှုန်း သတ်မှတ်ချက်များအပေါ်လိုက်နာမှု ရှိ၊ မရှိကို HRW က ဆက်သွယ် မေးမြန်းရာတွင် “ဒီကူညီထောက်ပံ့မှုတွေကို ထိန်းသိမ်းသုံးစွဲရာမှာ ပြောဆိုထားပြီးသား ရည်ရွယ်ချက်တွေ အတိုင်းသာ သင့်တင့်မျှတပြီး ထိရောက်မှုရှိစွာ အသုံးပြုမယ်လို့ မြန်မာအစိုးရအနေနဲ့ အတည်ပြုခဲ့ကြောင်း ” ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ထားသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်းသံရုံးအနေဖြင့်လည်း ယင်းထောက်ပံ့မှုများကို မြန်မာနိုင်ငံအနေဖြင့် သင့်လျော်စွာ အသုံးပြု၊ မပြုကို စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်ဟု ဆိုသည်။

ဗီဒီယိုများ