ရခိုင်ပြည်သူများအတွက် တရားမျှတမှုရရှိစေရန်၊ တရားရေးဌာနမှ ဝန်ထမ်းများအတွက် ငွေကြေးနှင့်ပတ်သက်၍ အရှုပ်အထွေးမဖြစ်စေရန် စီစဉ်နေဟု AA စစ်ဦးစီးချုပ် ပြောကြား

ရခိုင်ပြည်နယ်အတွင်း မတရားမှုများအတွက်တရားစီရင်ရာတွင် မျှတသောတရားစီရင်ရေးကိုရရှိနိုင်ရန်အတွက် တရားရေးဌာနတွင် တာဝန်ထမ်းဆောင်မည့်သူများကို လစာပေးနိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အာက္ခရမီဒီယာနှင့်အင်တာဗျုးတွင် ပြောကြားချက်အရသိရသည်။

15 Aug 2021

DMG ၊ ဩဂုတ် ၁၅

ရခိုင်ပြည်နယ်အတွင်း မတရားမှုများအတွက်တရားစီရင်ရာတွင် မျှတသောတရားစီရင်ရေးကိုရရှိနိုင်ရန်အတွက် တရားရေးဌာနတွင် တာဝန်ထမ်းဆောင်မည့်သူများကို လစာပေးနိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က အာက္ခရမီဒီယာနှင့်အင်တာဗျုးတွင် ပြောကြားချက်အရသိရသည်။

တရားရေးဆိုင်ရာနှင့်ပတ်သက်ပြီး ပြည်သူများမှာ မှန်ကန်သောတရားမျှတမှုရရှိစေရေးအတွက် ငွေကြေး အဂတိ လိုက်မှုမရှိစေရန် တရားရေးဌာနတွင် လုပ်ကိုင်ဆောင်ရွက်မည့်သူများကို လစာပေးသွားမည်ဖြစ်ကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကပြောသည်။

“ကျနော်တို့က တရားရေးဌာနအနေနဲ့ ပတ်သက်ပြီးတော့ အထူးအလေးနက်ထားတယ်။ တရားရေးနဲ့ပတ်သက်ပြီး တော့ ပြည်သူတွေ တရားမျှတမှုရရှိရေးအတွက် အမှားအယွင်းမရှိအောင် ကျနော်တို့က တရားရေးဌာနကို စပြီးတော့ လခပေးဖို့အတွက် ကြိုးစားနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရားရေးဌာနကို လခမပေးနိုင်ဘူးဆိုရင် မှားယွင်းမှုရှိလာနိုင်တယ်လေ။ အဲဒါကြောင့် ရခိုင်တော်လှန်ရေးမှာ ပထမဆုံးလစာထောက်ပံ့ရေးကို ရမှာက တရားရေးဌာနဖြစ်ပါတယ်။ မကြာခင်ပေးသွားဖို့ကြိုးစားနေပါတယ်”ဟု ဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသော မတရားခံရမှု၊ အကြမ်းဖက်မှု၊ ခိုးမှု၊ မြေယာပြသာနာ စသည့်အမှုအခင်းများအပြင် တရားဥပဒေအဆုံးအဖြတ်ခံရယူမည့် အမှုအခင်းများကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)သို့ တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ထားသည်။

“တရားသူကြီးတွေဟာ အမှုသည်တွေနဲ့ တရားစီရင်ရေးကိစ္စမဟုတ်ဘဲ အပြင်မှာတွေဆုံခွင့်မရှိရဘူး။ အပြင်မှာ တွေ့တာတွေ၊ ကြားပွဲစားတွေနဲ့လုပ်တာတွေရှိရင် အရေးယူသွားမယ်။ တိုင်ကြားချင်တဲ့ဆိုရင် အချက်အလက် တွေနဲ့ခိုင်မာဖို့လိုတယ်။ ကျနော်တို့ တရားသူကြီးတွေကို တရားသူကြီးတွေကို သင်တန်းပေးပြီးတော့ လေ့ကျင့် ပျိုးထောင်နေတာတွေရှိတယ်”ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင် ကပြောသည်။

ထိုတိုင်စာတွင် ကျူးလွန်ခံရသူဖြစ်စေ၊ မိသားစုဝင်တစ်ဦးဦးဖြစ်စေ၊ မျက်မြင်သက်သေတစ်ဦးဦးမှဖြစ်စေ တိုင်ကြားနိုင်ပြီး တိုင်ကြားသူ၏ အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာအပြည့်အစုံနှင့် ဖုန်းနံပါတ်များကိုပါ ဖော်ပြရမည်ဖြစ်ပြီး မှုခင်းဖြစ်ပွားသည့် နေရာ၊ အချိန်၊ နေ့ရက်နှင့် မှုခင်းဖြစ်ပွားပုံများကို ပြည့်စုံစွာဖော်ပြရမည်ဟု ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)က ထုတ်ပြန်ထားသည်။

ဗီဒီယိုများ