တစ်ပတ်အတွင်း ရခိုင်သတင်းများ

(၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ သတင်းအကျဉ်းစုစည်းမှု) Development Media Group (DMG)

23 Jul 2021


ဇူလိုင် ၁၆

■ မာန်အောင်မြို့နယ်ရဲစခန်းသို့ အသစ်ပြောင်းရွှေ့ တာဝန်ကျလာသည့် ရဲဝန်ထမ်း ၃ ဦးတွင် ဇူလိုင်လ ၁၆ ရက်နေ့က ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည်။
■ ၂၀၁၉ အောက်တိုဘာလက ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်မှုရှိသည်ဆိုပြီး မန္တလေးတွင် ဖမ်းဆီးခံရသည့် ကားဂိတ်မှူး အပါအဝင် ၆ ယောက်ကို ထောင်ဒဏ် ၈ နှစ်ကနေ ၁၃ နှစ်ထိ မန္တလေးခရိုင်တရားရုံးက ဇူလိုင် ၁၆ ရက်နေ့တွင် အမိန့် ချမှတ်ခဲ့သည်။
■ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့တွင် အခြားမြို့နယ်များမှ လာရောက်သော ဧည့်သည်များကို ညအိပ်လက်မခံရန် ရပ်ကွက်နေသူ များစုပေါင်းကာ စည်းကမ်းသတ်မှတ်ထားကြကြောင်း သိရသည်။
■ ကျောက်တော်မြို့နယ် မာလာကျေးရွာမှ ဖမ်းဆီးထိန်းသိမ်းခံနေရသူများ၏ မိသားစုဝင်များက အကြမ်းဖက်မှုဖြင့် ဖမ်းဆီး တရားစွဲဆိုခံထားရသူများကို အမြန်ဆုံးပြန်လွတ်ပေးရန် စစ်တွေရှိ ရခိုင်လူ့အခွင့်ရေးကာကွယ်မြှင့်တင်သူများအဖွဲ့ (AHRDPA) ရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး တောင်းဆိုခဲ့သည်။
■ အမ်းမြို့ဆေးရုံကြီးတွင် ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ၆ နာရီခန့်က ကိုဗစ်အတည်ပြုလူနာ အသက်(၇ဝ)အရွယ်အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့သည်။
■ ရခိုင်ပြည်အတွင်း ၂ နီးခန့်ကြာဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း ပျောက်ဆုံးသွားသည့် အရပ်သား ၂၆ ဦးနှင့် ဖမ်းဆီးခံရစဉ် သေဆုံးသွားသူ ၂၄ ဦး အထိရှိခဲ့ကြောင်း ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့မှ သိရသည်။
■ COVID-19 ပိုးတွေ့လူနာတစ်ဦးတွေ့ရှိခဲ့၍ lockdown ချထားသည့် မြောက်ဦးမြို့နယ် စင်းဘောကိုင်းစစ်ဘေးရှောင်စခန်းတွင် ကိုဗစ်ပိုးတွေ့လူနာ ၆ ဦး ထပ်မံတွေ့ရှိခဲ့သည်။
■ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်- ၅၀၅(ခ)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ- ၂၉ တို့ဖြင့် ဖမ်းဆီး တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)မှ ကိုကောင်းထွန်းတို့ကို ဇူလိုင်လ ၁၆ ရက်နေ့က စစ်တွေမြို့နယ်တရားရုံးတွင် ရုံးထုတ်ခဲ့သည်။
■ စစ်တွေမြို့ရှိ မြို့မဈေးကို အချိန်အကန့်အသတ်နှင့် ဖွင့်လှစ်နိုင်ရန်စီစဉ်နေကြောင်း ဈေးအကျိုးဆောင်အဖွဲ့က ဆိုသည်။
■ ရခိုင်ပြည်အတွင်း COVID-19 တတိယလှိုင်းတွင် ရောဂါပိုးကူးစက်ခံရသည့်လူနာစုစုပေါင်း ၁၁၄၈ ဦးအထိရှိလာပြီး ဇူလိုင် ၁၅ ရက်နေ့အထိ သေဆုံးသူ ၂၉ ဦးအထိရှိလာကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ၏ စာရင်းအရ သိရသည်။
■ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ- ၅၀၅(ခ)နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ-၂၉ တို့ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ(တက္ကသိုလ်များ-ရန်ကုန်)မှ ကိုကောင်းထွန်းတို့မှာ ဇူလိုင်လ ၁၆ နေ့ရုံးထုတ်ရာ၌ တရားရုံးဝန်းအတွင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
■ ဘူးသီးတောင်မြို့မဈေးကြီးအတွင်းရှိ ဆေးဆိုင်၊ အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီဆိုင်များမှလွဲ၍ ကျန်ဈေးဆိုင်များကို ဇူလိုင်လ ၁၇ ရက်နေ့မှ စ၍ စစ်ကောင်စီမှ သတ်မှတ်ထားသည့် ရုံးပိတ်ရက်အတွင်း လုံးဝရောင်းချခွင့်မပြုကြောင်း ဘူးသီးတောင်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ စာထုတ်ပြန်ခဲ့သည်။
■ စစ်တွေမြို့တွင် Quarantine စင်တာ (၃)ခုကို ဖွင့်သွားမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က ပြောခဲ့သည်။

ဇူလိုင် ၁၇

■ တောင်ကုတ်မြို့နယ်တွင် ဇူလိုင်လ ၁၆ ရက်နေ့က ကိုဗစ်အတည်ပြုလူနာ ၂ ဦး သေဆုံးခဲ့ပြီး မြို့နယ်အတွင်း စုစုပေါင်းသေဆုံးလူနာမှာ ၁၀ ဦးအထိရှိလာပြီဖြစ်ကြောင်း တောင်ကုတ်မြို့ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဦးစီဌာနမှသိရသည်။
■ COVID-19 ရောဂါ ပထမလှိုင်းနှင့် ဒုတိယလှိုင်းအတွင်းတွင် ရခိုင်ပြည်၌ သေဆုံးသူ ၃၇ ဦးရှိခဲ့ပြီး ယခုတတိယလှိုင်း အစမှာပင် သေဆုံးသူဦးရေမှာ ဇူလိုင်လ ၁၆ ရက်နေ့အထိ ၃၁ ဦးရှိလာနေပြီဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။
■ မြောက်ဦးမြို့တွင် COVID-19 ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရေးအတွက် မြို့မဈေးကြီးရှိ အသား၊ ငါးနှင့် -ဟင်းသီးဟင်းရွက်ဈေးတန်းကို ဝရစ်တောကွင်းနှင့် ဘောလုံးကွင်းသို့ ဇူလိုင် ၁၇ ရက်နေ့တွင် ယာယီပြောင်းရွေ့လိုက်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှသိရသည်။
■ မောင်တောခရိုင်ဆေးရုံ၌ အောက်ဆီဂျင်ထုတ်သည့်စက်မှာ မကောင်းတော့သည့်အတွက် မကြာခဏပျက်၍ ပြုပြင်ပြီး အသုံးပြုနေရသည့်အတွက် အောက်စီဂျင်လိုအပ်မှုရှိနေကြောင်း မောင်တောခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာနုကေသီစံက ပြောသည်။
■ ရက္ခိုင့်တပ်တော်၏ စံပြတပ်မှူးများထဲမှ တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးဘုန်းမြတ်သည် ကိုဗစ်-၁၉ ရောဂါဖြင့် ဇူလိုင်လ ၁၇ ရက်နေ့ နေ့လယ်တွင် ကွယ်လွန်သွားခဲ့သည်။
■ ကိုဗစ်-၁၉ ရောဂါဖြင့် ဇူလိုင်လ ၁၇ ရက်နေ့ နေ့လယ်တွင် ကွယ်လွန်သွားခဲ့သည့် ဗိုလ်မှူးကြီးဘုန်းမြတ်အတွက် ဝမ်းနည်းကြောင်းသဝဏ်လွှာအား ရက္ခိုင့်တပ်တော် က ထုတ်ပြန်ခဲ့သည်။
■ ကျောက်တော်မြို့တွင် ဇူလိုင်လ ၁၇ ရက်နေ့ ညနေ ၁၀ နာရီက အသက် ရ၈ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦး ကိုဗစ်ကူးစက်ရောဂါကြောင့် သေဆုံးသွားကြောင်း တာဝန်ကျ ဒေါက်တာ ကောင်းမြတ်သူက ပြောသည်။

ဇူလိုင် ၁၈

■ ရခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်၏ စံပြတပ်မှူးများထဲမှ တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ဘုန်းမြတ် ကိုဗစ်ကူးစက်ခံရ၍ ကွယ်လွန်သွားခဲ့သည့်အတွက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (Arakan Libration Party) က ဝမ်းနည်းကြောင်းသဝဏ်လွှာ ထုတ်ပြန်ခဲ့သည်။
■ စစ်တွေမြို့ ပွိုင့်ကမ်းခြေနှင့် ရှုခင်းသာလမ်း တစ်လျှောက် ဝိုင်းဖွဲ့ သောက်စားနေသူများကို ဇူလိုင်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက စပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူမှုစတင်ခဲ့ကာ လူ ၁၁ ဦး ကို ဖမ်းဆီးအရေးယူခဲ့သည်ဟု သိရသည်။

ဇူလိုင် ၁၉

■ ရခိုင်ပြည်အတွင်းရှိ မြို့နယ်များတွင် ကိုဗစ်ကူးစက်ခံရပြီး ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည့် လူနာအချို့မှာ အသုံးအဆောင်ပစ္စည်းများနှင့် စားဝတ်နေရေးများ အခက်အခဲရှိနေကြောင်း ပြောဆိုကြသည်။
■ စစ်တွေမြို့၊ ဘောင်းဒွတ်သားစုရပ်ကွက်ရှိ တန်းခိုးဘုန်းတော်ကြီးကျောင်းမှ သံဃာတစ်ပါးထံတွင် COVID-19 ရောဂါပိုးတွေ့ရှိပြီးနောက် ဇူလိုင် ၁၉ ရက် နံနက်ပိုင်းက သက်ဆိုင်ရာမှလာရောက်ပြီး Lock Down ချထားခဲ့သည်။
■ စစ်တွေမြို့၏ အထင်ကရ ဆရာတော်ကြီးတစ်ပါးဖြစ်သော ဓာတ်လယ်ကျောင်းတိုက်ဆရာတော် အရှင်ဘဒ္ဒန္တသုဝဏ္ဏ (ကမ္မဋ္ဌာနာစရိယ)ထံတွင် COVID-19 ရောဂါပိုးတွေ့ရှိရသဖြင့် ဆရာတော်ကြီး သီတင်းသုံးရာ ကျောင်းတိုက်ကို Lock Down ချထားခဲ့သည်။
■ COVID-19 ရောဂါ ပထမလှိုင်းနှင့် ဒုတိယလှိုင်းနှစ်ခုအတွင်း ရခိုင်ပြည်တွင် သေဆုံးသူဦးရေထက် ယခုတတိယလှိုင်း အစမှာပင် သေဆုံးသူဦးရေက ပိုမိုများပြားလာနေပြီး ဇူလိုင် ၁၉ ရက်နေ့ တစ်ရက်အတွင်း သေဆုံးသူ ၁၃ ဦးအထိရှိခဲ့ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ၏ စာရင်းအရ သိရသည်။
■ မာန်အောင်မြို့နယ်မှ ကိုဗစ်အတည်ပြုလူနာတစ်ဦးမှာ ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းက သေဆုံးသွားခဲ့ကြောင်း မြို့နယ်ဆေးရုံအုပ်မှ အတည်ပြု ပြောကြားခဲ့သည်။
■ ရခိုင်ပြည်ရှိ ကျေးရွာအချို့တွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရန်နှင့် ရောဂါကူးစက်မှု မဖြစ်စေရန် ဧည့်သည်များ ကျေးရွာအဝင်/အထွက်ကို မိမိတို့အစီအစဉ်ဖြင့် ကန့်သတ်ခဲ့ကြသည်။
■ ရခိုင်ပြည်အတွင်းက မြို့နယ်များသို့ ပြေးဆွဲပေးနေသည့် အမြန်ရေယာဉ်လိုင်းများမှာ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်သည့် အနေဖြင့် ဇူလိုင်လ ၂၀ ရက်နေ့မှစတင်၍ ခရီးစဉ်အချို့ကို ယာယီရပ်နားထားမည်ဖြစ်ကြောင်း ရေယာဉ်တာဝန်ရှိသူများထံမှ သိရသည်။
■ စစ်တွေမြို့တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သည့် ဘုန်းတော်ကြီးကျောင်း ၅ ကျောင်းကို ယာယီလော့ဒေါင်းချကာ အသွားအလာကန့်သတ်ခဲ့သည်။
■ စစ်တွေဆေးရုံကြီးတွင် စစ်တွေမြို့နယ် ဝါဘိုကျေးရွာဆရာတော်နှင့် တခြားရဟန်းတော် တစ်ပါးတို့မှာ ကိုဗစ် ကူးစက်မြန်ရောဂါဖြင့် ဇူလိုင် ၁၉ ရက် ညနေပိုင်းက ပျံလွန်တော်မူသွားခဲ့သည်။

ဇူလိုင် ၂၀

■ ရမ်းဗြဲမြို့ကို ဇူလိုင်လ ၂၀ ရက်နေ့ကစ၍ ၂ ပတ်ကြာ မြို့အဝင်/အထွက် ပိတ်ထားမည်ဖြစ်ပြီး တစ်ခြားမြို့နယ်မှ လာရောက်သူများကို ဝင်ရောက်ခွင့်မပြုကြောင်း ရမ်းဗြဲ ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး ပရဟိတအဖွဲ့မှ ပြောသည်။
■ လက်ရှိတွင် ကြားနာစစ်ဆေးဆဲ ပြစ်မှုများထဲမှ ခိုးမှုအပါအဝင် ၁၁ မှုအား အမှုပိတ်သိမ်းလိုက်ကြောင်း စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးလက်မှတ်ဖြင့် ဇူလိုင်လ ၂၀ ရက်နေ့ ညပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
■ ရခိုင်ပြည်အတွင်း ကိုဗစ်ရောဂါ ဆက်လက်မပြန့်ပွားနိုင်ရန်အတွက် အပြင်သို့မသွားဘဲ မိမိနေအိမ်တွင်နေထိုင် ကြရန် Stay at Home ကာလကို ဇူလိုင်လ ၂၀ ရက်နေ့မှ သြဂုတ်လ ၄ ရက်နေ့အထိ နှစ်ပတ်ကြာ သတ်မှတ်လိုက်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ထုတ်ပြန်ခဲ့သည်။
■ မာန်အောင်မြို့နယ်အတွင်း ကိုဗစ်အတည်ပြုလူနာစုစုပေါင်းမှာ ဇူလိုင်လ ၂၀ ရက်နေ့အထိ ၂၁ ဦးအထိရှိလာပြီး သေဆုံးသူ ၂ ဦးရှိခဲ့သည်။
■ ရခိုင်ပြည်တွင် COVID -19 ကြောင့် သေဆုံးသူဦးရေမှာ တဖြည်းဖြည်းမြင့်တက်လာနေပြီး ယင်းသို့သေဆုံးသည့် လူနာ တချို့မှာ အောက်ဆီဂျင်မရရှိ၍ သေဆုံးရခြင်းဖြစ်သည်ဟု လူနာရှင်များက ပြောဆိုကြသည်။
■ ရခိုင်ပြည်တွင် ဇူလိုင် ၁၈ ကနေ ၂၀ ရက်ထိ သုံးရက်အတွင်း ကိုဗစ်အတည်ပြုလူနာ သေဆုံးသူဦးရေ ၃၀ နီးပါးရှိခဲ့ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ၏ ဇူလိုင် ၂၀ ရက်နေ့ စာရင်းအရ သိရသည်။

ဇူလိုင် ၂၁

■ ရခိုင်ပြည်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးအတွက် အောက်ဆီဂျင် အလုံအလောက်ရှိပြီး စိုးရိမ်စရာမရှိဟု ပြောဆိုခဲ့သည့် ရခိုင်ပြည်နယ်စစ်ကောင်စီကို Faecbook လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။
■ Action Contre Faim (France) ၏ မင်းပြားမြို့နယ်တာဝန်ခံ၊ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တစ်ဦးဖြစ်သူ ကိုဇော်ဌေး (ခ) စောထွန်းအား ကျောက်တော်မြို့၊ သာသနာ့ ဗိမာန်အနီးတွင် ဇူလိုင်လ ၂၁ နေ့က လူတစ်စုမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
■ လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာသည့် သူနာပြုများအပေါ်  ခြိမ်းခြောက်ဆဲဆိုမှု၊ ပြစ်တင်ဝေဖန်သည့်ပို့စ်များ ပေါ်ထွက်လာပြီးနောက်ပိုင်း စစ်တွေပြည်သူ့ဆေးရုံကြီးမှ သူနာပြုတချို့မှာ လုပ်ငန်းခွင်သို့ ဝင်ရောက်ခြင်း မရှိခဲ့ဟု သိရသည်။
■ ပုဏ္ဏားကျွန်းမြို့နယ်၊ အထက်မြတ်လှဲကျေးရွာတွင် ဇူလိုင်လ ၂၁ ရက်နေ့ နေ့လယ် ၁၁ နာရီ ကျော်ခန့်က အသက် ၁၆ နှစ်အရွယ် ကိုဘမောင်မှာ မိုင်းပေါက်ကွဲမှုကြောင့် ညာဖက်ခြေ ဒူးဆစ်အောက် ပြတ်ထွက်ဒဏ်ရာနှင့် ဘယ်ဖက်ခြေတို့တွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး REC က သိရသည်။
■ စစ်တွေဆေးရုံမှ သူနာပြုများအတွက် လုံခြုံရေးအဖြစ် ရဲဝန်ထမ်း ၁၀ ဦးကို ထားရှိပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့ဝင် ဦးလှသိန်းက ဇူလိုင် ၂၁ ရက်တွင် DMG သို့ ပြောကြားခဲ့သည်။
■ မြောက်ဦးမြို့တွင် ကိုဗစ်ရောဂါလဏ္ခဏာပြပြီး မိမိနေအိမ်တွင်း ကြိတ်ကုနေသူများ မလိုအပ်ဘဲ အသက်ဆုံးရှုံးမှု မဖြစ်စေရန်အတွက် ကျန်းမာရေးဌာနမှ ဦးဆောင်ပြီး အိမ်တွင်းကျန်းမာရေး စောင့်ရှောက်မှုများ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
■ မြောက်ဦးမြို့တွင် မြောက်ဦးဆရာတော်၏ ဦးဆောင်မှုဖြင့်တည်ဆောက်ထားသော အောက်ဆီဂျင်စက်ရုံမှ ဇူလိုင် ၂၁ ရက်နေ့ ညနေ ၈ နာရီအချိန်ခန့်ကပင် အောက်စီဂျင်စတင်ထုတ်ခဲ့ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။
■ စစ်တွေမြို့ဆေးရုံကြီးတွင် ကိုဗစ်ဖြင့် ဆေးကုသမှုခံယူနေရသူ ဆားပြင်ဆရာတော်ဟု လူသိများသည့် ဆရာတော်ကြီး အာစရမှာ ဇူလိုင်လ ၂၁ ရက် နံနက် ၂ နာရီခန့်တွင် ပျံလွန်တော်မူခဲ့သည်။

ဇူလိုင် ၂၂

■ ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်ရှိ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးကောဏ္ဍည မှာ ကိုဗစ်ကူးစက်ခံရပြီး ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရာမှ ဇူလိုင် ၂၂ ရက်နေ့ နံနက်တွင် ပျံလွန်တော်မူသွားခဲ့သည်။
■ ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင်စခန်းတချို့တွင် ဆန်အပါအဝင် စားနပ်ရိက္ခာလိုအပ်ချက်များရှိနေသလို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်များဖြစ်သည့် (Mask) နှာခေါင်းစည်း၊ လက်ဆေးစင်၊ ဆပ်ပြာစသည့် လိုအပ်ချက်များရှိနေကြောင်း စစ်ဘေးရှောင်စခန်းတာဝန်ရှိသူများထံမှ သိရသည်။
■ မာန်အောင်မြို့တွင် အသက် ၅၀ အရွယ်ရှိ ကိုဗစ်အတည်ပြု အမျိုးသားတစ်ဦးမှာ ဇူလိုင်လ ၂၂ ရက် နေ့ ညနေက သေဆုံးသွားခဲ့သည်။

ဗီဒီယိုများ