တစ်ပတ်အတွင်း ရခိုင်သတင်းများ

■ စစ်တွေ၊ သံတွဲ၊ မောင်တောမြို့နယ်တို့တွင် ကိုဗစ်ပိုးတွေ့ရှိသူ ၁၀၀ ကျော်ရှိပြီး ယင်းအထဲတွင် စစ်တွေမြို့မှ ရောဂါပိုးတွေ့ရှိသူတစ်ဦး ဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်းက သေဆုံးသွားခဲ့သောကြောင့်  ပြည်သူများအနေဖြင့် ကိုဗစ်ရောဂါအား မပေါ့ဆကြရန် ရခိုင်ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှ သတိပေး ပြောဆိုခဲ့သည်။

01 Jul 2021

(၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့မှ ၃၀ ရက်နေ့အထိ သတင်းအကျဉ်းစုစည်းမှု)
Development Media Group (DMG)
ဇွန် ၂၃
■ ရခိုင်ပြည်၊ သံတွဲမြို့နယ် ဂျိတ္တောရပ်ကွက်ရှိ ပုလဲရတနာဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ပညာသင်ကြားနေသည့် ကျောင်းသူ၊ ကျောင်းသား ၁၃၀၀ ကျော်အတွက် အလှူရှင်များ လိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။
■ ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်မှ သံတွဲအကျဉ်းထောင်သို့ ပို့ဆောင်လိုက်သည့် အကျဉ်းသား ၆ ဦးထဲမှ ၂ ဦးတွင် COVID-19 ပိုးတွေ့ရှိခဲ့ကြောင်း သံတွဲ ဆေးရုံအုပ် ဒေါက်တာရဲဝင်းထွန်းက ပြောခဲ့သည်။
■ မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းတစ်ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိပြီးနောက် သူတို့နှင့်ထိတွေ့ခဲ့သူ ထွေ/အုပ်ဝန်ထမ်း ၅ ဦးအား အသွားအလာကန့်သတ်ပြီး ရောဂါပိုး စစ်ဆေးရာ ဇွန်လ ၂၃ ရက်နေ့တွင် နောက်ထပ် ဝန်ထမ်း ၁ ဦး၌ ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့သည်။
ဇွန် ၂၄
■ မိုး ရက်ဆက်ရွာသွန်းခြင်းကြောင့် ရခိုင်ပြည်၊ ရမ်းဗြဲမြို့တွင် ရပ်ကွက်အချို့၌ ရေများပြည့်လျှံလာပြီး ၂ ပေခန့်ထိ မြင့်တက်ခဲ့သည်။
■ ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ င/စံဘော်ကျေးရွာအနီး မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်ကြီးကျည် အလုံး ၈၀ ခန့်ကို ကျေးရွာသားများက တွေ့ရှိခဲ့သည်။
■ ရခိုင်ပြည်နှင့် မြစ်ဝကျွန်းပေါ်ရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်တွင် ပေါက်ရောက်လျက်ရှိသည့် ဓနိပင် (ရခိုင်ဒေအခေါ် ရေအုန်းပင်) များမှ အဖူး (ရေအုန်းဖူး) များကို အခြောက်လှန်းကာ သဘာဝဆေးဖက်ဝင် လက်ဖက်ခြောက်အဖြစ် စတင်ထုတ်လုပ်ရောင်းချနေကြောင်း သိရသည်။
■ လေဒဏ် မိုးဒဏ်ကြောင့် ပျက်စီးသွားသည့် မြေပုံမြို့နယ်၊ စညှင်းစစ်ဘေးရှောင်ခန်းကို ပြည်တွင်းပြည်ပ အလှူရှင်များ၏ အကူညီအညီဖြင့် ပြန်လည်ဆောက်လုပ်နေကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။
■ ရခိုင်ပြည်အတွင်းက မျက်စိအတွင်းတိမ် ဝေဒနာရှင်များ၊ ကျောက်ကပ်ဝေဒနာရှင်များကို ကျောက်ကပ်သွေးသန့်စင်ပေးမှုများ၊  နှလုံးအထူးကုများနှင့် အထွေထွေလူနာများကို အခမဲ့ဆေးကုသပေးနေသည့် ရွှေကရုဏာဖောင်ဒေးရှင်းတွင် ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲရှိများရှိနေသည်ဟု ဖောင်ဒေးရှင်းတာဝန်ရှိသူများက ပြောသည်။
■ ရခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်စခန်းအချို့မှ ကလေးများတွင် အရေပြားရောဂါ လက္ခဏာဖြစ်သည့် ခန္ဓာကိုယ်၌ အနီစက်များ၊ အဖုအထိပ်များ ဖြစ်ပေါ်ခြင်းနှင့် သွေးလွန်တုတ်ကွေး ရောဂါလက္ခဏာဖြစ်သည့် ဖျားနာခြင်း၊ ပျော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းများ ဖြစ်ပွားနေကြောင်း လူမှုအဖွဲ့အစည်းနှင့် ဒုက္ခသည်စခန်းတာဝန်ခံများထံမှ သိရသည်။
■ ရခိုင်ပြည်တွင် ကိုဗစ်ပိုးတွေ့လူနာများ တိုးလာသည့်အတွက် နယ်စပ်ကုန်သွယ်ရေးဂိတ်များကို ပိတ်သိမ်းသင့်ကြောင်း ရခိုင်အရပ်ဖက်အဖွဲ့များက တိုက်တွန်းပြောဆိုခဲ့ကြသည်။
■ ဇွန်လ ၁၉ ရက်နေ့ ညနေပိုင်းက စစ်တွေမြို့၊ ရွာကြီးမြောက်ရပ်ကွက်၊ ဓူဝံလမ်းတွင်နေထိုင်သည့် အသက် (၅၂) နှစ်အရွယ် ဦးညွန့်စိုးအောင် (ခ) ဦးမဲကလောင် သေနတ်ပစ်ခတ်ခံရ၍ သေဆုံးသွားခြင်းမှာ မိမိတို့လက်ချက်မဟုတ်ကြောင်း ရခိုင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော် (ALA) မှ ဇွန်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
■ ပည်တွင်းပြည်ပ သာသနာပြု အလိုတော်ပြည့်ဆရာတော်ကြီး၏ သက်တော် ၇၇ နှစ်ပြည့်မွေးနေ့တွင် ရခိုင်ကစစ်ဘေးရှောင်များနှင့် အခြေခံအလုပ်သမားဖြစ်သည့် အနှေးယာဉ်ဆိုက်ကားသမားများကို အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့သည်။
■ ရခိုင်ပြည်၊ စစ်တွေမြို့ပွိုင့်ကမ်းခြေတွင် ယနေ့ ညနေ ၄ နာရီခန့်က အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့သည်။ ၎င်းအလောင်းမှာ စစ်တွေမြို့၊ စံပြရပ်ကွက်မှ ဦးသန်းတင်(၇၂) နှစ်ဖြစ်ကြောင်း သိရသည်။
ဇွန် ၂၅
■ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို ဗွီဒီယိုအွန်လိုင်းစနစ် (Video Conferencing) ဖြင့် ဇွန်လ ၂၅ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့သည်။
■ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ် ၅၀၅ (ခ) နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ (၂၉) တို့ဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)မှ ကိုကောင်းထွန်းတို့ ၄ ဦးကို ဇွန်လ ၂၅ ရက်နေ့က စစ်တွေမြို့နယ် တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့သည်။
■ တိုက်ပွဲကာလအတွင်း မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာမှ ကျေးရွာသားများမှာ လာမည့် အောက်တိုဘာလတွင် နေရပ်ပြန်နိုင်ရေးနှင့် ပတ်သက်၍ စစ်ကောင်စီနှင့် သဘောတူညီချက်ရယူခဲ့ကြောင်း ယင်းကျေးရွာသားများထံမှသိရသည်။
■ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာသည့် ရခိုင်လူမှုရေးအသင်း (ဂျပန်) ဥက္ကဌဟောင်း ကိုကျော်သန်းလှိုင်မှာ ဇွန်လ ၂၅ ရက် နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးခံခဲ့ရသည်။
■ ဆယ်စုနှစ်တစ်ခုကြာ နှစ်စဉ်ကျင်းပလာခဲ့သည့် မာန်အောင်မြို့နယ်မှ ရွက်လှေငယ်ပြိုင်ပွဲကို ၂၀၂၀ ပြည့်နှစ်က ကိုဗစ်ကူးစက်မှုအခြေအနေကြောင့် မကျင်းပနိုင်ခဲ့သော်လည်း ယခု ၂၀၂၁ ခုနှစ်တွင် ပြန်လည်ကျင်းပခဲ့သည်။
■ ရခိုင်ပြည်၊ သံတွဲမြို့တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သူနှင့် ဆက်စပ်သူ ၃ ဦးထံတွင် ကိုဗစ်ပိုးတွေ့ရှိရကြောင်း ဇွန်လ ၂၅ ရက်နေ့က သံတွဲမြို့နယ်ဆေးရုံအုပ်မှ အတည်ပြုပြောကြားခဲ့သည်။
■ ရခိုင်ပြည်၊ ကျောက်တော်မြို့တွင် မသန်စွမ်းအမျိုးသမီးငယ်တစ်ဦးကို အဓမ္မပြုကျင့်ခဲ့သူဟု သံသယရှိသူဖြစ်သည့် ကျောက်တော်မြို့၊ မြို့သစ်ရပ်ကွက်မှ အသက် ၄၅ နှစ်အရွယ် ဦးမောင်မြင့်စိုးအား ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးသွားခဲ့ဟု ဒေသခံများကဆိုသည်။
ဇွန် ၂၆
■ မောင်တောမြို့နယ်တွင် ခရီးသွားရာဇဝင်မရှိဘဲ ဒေသတွင်းကိုဗစ်ကူးစက်ခံရသူ ၃ ဦး ထပ်တိုးလာပြီး ယင်းအထဲတွင် မူးယစ်အထူးတပ်ဖွဲ့မှ ရဲအုပ်တစ်ဦးလည်းပါဝင်ခဲ့သည်။
■ မြန်မာစစ်တပ်မှ အရပ်သားပြည်သူများအပေါ် ညှဉ်းပမ်းနှိပ်စက်ခြင်းများ ကျူးလွန်နေခြင်းကို အပြစ်ပေးအရေးယူရန် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် ညှဉ်းပမ်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့မှာ လူ့အခွင့်အရေးအဖွဲ့ ၈ ဖွဲ့မှ နိုင်ငံတကာသို့ တိုက်တွန်းလိုက်သည်။
■ ရခိုင်တွင် COVID-19 ပိုးတွေ့လူနာတွေ့ရှိမှု များလာသည်နှင့်အမျှ ကျောင်းသားမိဘများမှာ သားသမီးများ၏ ကျန်းမာရေးအပေါ်စိုးရိမ်မိကြောင်း ပြောကြားခဲ့ကြသည်။
■ တောင်ကုတ်- မာန်အောင်ရေကြောင်းလိုင်း ခရီးစဉ်တစ်ခုတွင် ပြည်ပမှပြန်လာသူ နှစ်ဦး၌ ကိုဗစ်ပိုးတွေ့သည်ဆိုသသည့်သတင်း ထွက်ပေါ်လာပြီးနောက် တောင်ကုတ်- မာန်အောင်ရေကြောင်း လိုင်းခရီးစဉ်များတွင် ဇွန်လ ၂၆ ရက်နေ့မှစ၍ ခရီးသည်များအနေဖြင့် PPE ဝတ်စုံ ဝတ်ဆင်မှ ခရီးသွားလာခွင့်ပေးတော့မည်ဟု သိရသည်။
■ ရခိုင်ပြည်၊ မောင်တောမြို့နယ် ဝက်ကျိန်းမြိုရွာမှ မြိုအမျိုးသား နန်ခိုင်(၃၅)နှစ်မှာ ဇွန်လ ၂၆ ရက်နေ့ နေ့လယ် ၂ နာရီခန့်က ဝက်ကျိန်းကျေးရွာအနီး မေယုတောင်တန်းတွင် ဝါးခုတ်ရန်သွားရာ မိုင်းနင်းမိ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။
■ ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် မဟာမုနိဘုရားဓမ္မာရုံတွင် တပ်စခန်းချထားသည့် မြန်မာစစ်တပ်စခန်းတစ်ခုကို ဇွန်လ ၂၆ ရက်နေ့ည ၁၂ နာရီခန့်တွင် ရက္ခိုင့်တပ်တော် (AA) က ဝင်ရောက်စီးနင်းမှုဖြစ်ပွားကာ လက်နက်တချို့ကို သိမ်းယူသွားခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။
ဇွန် ၂၇
■ ရခိုင်ပြည် မောင်တောမြို့ မြန်မာ့စီးပွါးရေးဘဏ်ဝန်ထမ်းတစ်ဦး၌ ဇွန်လ ၂၇ ရက်နေ့တွင် ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သည်။
■ ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်တွင် ဇွန်လ ၂၆ ရက်နေ့က စက်လှေချင်းတိုက်မိမှုဖြစ်ပွားရာတွင် ပျောက်ဆုံးသွားခဲ့သည့် ကျောက်တော်မြို့နယ် ပေါက်လေတောင်ကျေးရွာမှ အသက် ၃၀ ကျော်အရွယ် ဒေါ်လှမိုးကြည်အား သေဆုံးလျက် ပြန်တွေ့ခဲ့သည်။
■ မြောက်ဦးမြို့ ဆင်ချဆိပ်ရပ်ကွက်မှ အသက် ၂၀ အရွယ်ရှိသည့် မောင်စောထွန်းမှာ ဇွန်လ ၂၇ ရက်နေ့က မြောက်ဦးနှင့် ၅ မိုင်ခန့်ဝေးသည့် ရွာဟောင်းတောကျေးရွာနှင့် ပန်းဈေးမြောင်းကွင်း လယ်တောထဲတွင် တစ်ယောက်တည်း အိပ်နေစဉ် သတ်ဖြတ်ခံခဲ့ရပြီး ၎င်းမွေးမြူထားသည့် ကြက် ၅ ကောင်အပြင် ဓား ၃ လက်ကိုပါ ယူဆောင်သွားခြင်းကို ခံခဲ့ရသည်။
■ ရခိုင်လူငယ်များ စာဖတ်ခြင်းနှင့် စာပေဗဟုသုတ တိုးပွားလာရေးကို ရည်ရွယ်၍ ကျောက်ဖြူမြို့ ကမ်းနားလမ်းတွင် စာပီကမ်းခြီ (စာပေကမ်းခြေ) အမည်ရှိ ရွေ့လျားစာကြည့်တိုက်ကို ဇွန်လ ၂၇ ရက်နေ့က စတင်ပြီး စာပေချစ်မြတ်နိုးသောလူငယ်များမှ ဦးဆောင်ကာ ဖွင့်လှစ်ခဲ့သည်။
ဇွန် ၂၈
■ ရခိုင်ပြည်၊ မောင်တောမြို့တွင် မူးယစ်အထူးတပ်ဖွဲ့မှ ဒုတပ်ကြပ်တစ်ဦးအပါအဝင် ကိုဗစ်ပိုးတွေ့ရှိသူ ၄ ဦး ထပ်တိုးလာကြောင်း ဇွန်လ ၂၈ ရက်နေ့တွင် မောင်တောခရိုင် ဆေးရုံအုပ် ဒေါက်တာ နုကေသီစံက ပြောခဲ့သည်။
■ စစ်တွေ၊ သံတွဲ၊ မောင်တောမြို့နယ်တို့တွင် ကိုဗစ်ပိုးတွေ့ရှိသူ ၁၀၀ ကျော်ရှိပြီး ယင်းအထဲတွင် စစ်တွေမြို့မှ ရောဂါပိုးတွေ့ရှိသူတစ်ဦး ဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်းက သေဆုံးသွားခဲ့သောကြောင့်  ပြည်သူများအနေဖြင့် ကိုဗစ်ရောဂါအား မပေါ့ဆကြရန် ရခိုင်ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှ သတိပေး ပြောဆိုခဲ့သည်။
■ ရခိုင်ပြည်၊ စစ်တွေမြို့တွင် ၂၈.၆.၂၀၂၁ ရက်နေ့ နံနက်ပိုင်းတွင် ကိုဗစ်ပိုးတွေ့လူနာ အမျိုးသမီးတစ်ဦး သေဆုံးမှုရှိခဲ့သော်လည်း အခြေခံပညာကျောင်းများနှင့် နယ်စပ်ကုန်သွယ်ရေးတို့ကို ပိတ်သိမ်းရန် အစီစဉ်မရှိသေးကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီမှ ပြောခဲ့သည်။
■ ရခိုင်ပြည်၊ သံတွဲမြို့တွင် ကိုဗစ်ရောဂါပိုးစစ်ဆေးခဲ့ရာ တရားရုံးဝန်ထမ်း ၄ ဦး၌ ကိုဗစ်ပိုး စစ်ဆေးတွေ့ရှိခဲ့သည်။
■ စစ်တွေမြို့ ၊ ကျေးပင်ကြီးရပ်ကွက်တွင် နေထိုင်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD ) ပါတီမှ လက်ရှိ စစ်တွေမြို့နယ် ဖွဲ့စည်းရေးကော်မတီ (ယာယီ) ဥက္ကဌဖြစ်သည့် ဦးဇော်ဝင်းထွန်းအား ဇွန်လ ၂၈ ရက်နေ့ နေ့လယ် ၁ နာရီကျော်ခန့်တွင် အိုးတန်းရပ်ကွက်ရှိ မူလတန်းကျောင်းအနီးတွင်  လက်နက်ကိုင်ဆောင်ထားသည့် အမည်မသိလူတစ်စု၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရသည်။
ဇွန် ၂၉
■ မင်းပြားမြို့နယ်၊ လေးမြို့ချောင်းကမ်းအနီးရှိ ဝါးတောင်စစ်ဘေးရှောင်စခန်းတွင် အလှူရှင်များ မရောက်ရှိသည်မှာ ၁ နှစ်နီးပါး ကြာမြင့်နေ၍ ယခု မိုးရာသီကာလတွင် စစ်ဘေးရှောင်များ နေထိုင်စားသောက်ရေးများမှာ အခက်အခဲရှိနေပြီး အရေးတကြီး အကူအညီလိုအပ်နေကြောင်း စခန်းတာဝန်ရှိသူများကပြောသည်။
■ မောင်တောခရိုင်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသည့် ကိုဗစ်ပိုးတွေ့လူနာ အမျိုးသမီးတစ်ဦး အာရုံကြောများ ထိခိုက်ပြီး စကားပြောနိုင်ရန်ပင် အခက်အခဲရှိနေကြောင်း သိရသည်။
■ ရခိုင်ပြည်၏ မြို့တော်စစ်တွေကို အခြေပြုပြီး ပထမဆုံးအကြိမ် ထုတ်ဝေသည့် စစ်တွေမဂ္ဂဇင်း အမှတ် (၁) ထွက်ရှိလာခဲ့သည်။
■ ရခိုင်ပြည်၏ နယ်စပ်မြို့တစ်ခုဖြစ်သည့် မောင်တောမြို့နယ်အတွင်းရှိ နတ်မြစ်ဝတွင် သုံးလအတွင်း တစ်ဖက်နိုင်ငံ ဘင်္ဂလားဒေ့ရှ်သို့ တရားမဝင်တင်ပို့မည့် သစ်တန်ချိန် ၁၀၀ ခန့်နှင့် မော်တော်ဘုတ် ၈ စီးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
■ မကြာခဏ ပေါက်ကွဲမှုများကြောင့် သေဆုံး/ဒဏ်ရာရမှုများ ဖြစ်ပွားနေသည့်အတွက် စစ်ကျန်လက်နက်ပစ္စည်းများကို တစ်နေရာတည်းတွင် စုပြုံထားခြင်းမျိုး မပြုလုပ်ကြရန် ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) မှ တိုက်တွန်းခဲ့သည်။
■ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က)နှင့် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ တို့  ဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ALD ပါတီ ဗဟိုတွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်လင်း၊ တောင်ကုတ်ဒေသခံ ကိုလှိုင်မင်းထွန်း (ခ) သားကြီးနှင့် ကိုဇာနေထူးတို့  သုံးဦးအမှုနှင့်ပတ်သက်ပြီး ဇွန်လ ၂၉ ရက်နေ့က တရားလိုပြသက်သေတစ်ဦးကို တောင်ကုတ်မြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့သည်။
■ ဇွန်လ ၂၅ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးခံလိုက်ရသည့် ရခိုင်လူမှုရေးအသင်း (ဂျပန်) ဥက္ကဌဟောင်း ကိုကျော်သန်းလှိုင်မှာ ဇွန်လ ၂၉ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။
■ ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ကန့်သရီအုပ်စု၊ သရက်တောကျေးရွာမှ ဦးမောင်လှသာ(၆၃) နှစ်နှင့် အောင်ရွှေနု (၅၃)နှစ်တို့အား ဇွန်လ ၁၉ ရက်နေ့ ညအချိန်ကတည်းက လက်နက်ကိုင် လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားရာ အဆက်အသွယ် မရဖြစ်နေသဖြင့် အထူး စိုးရိမ်နေကြရသည်ဟု မိသားစုဝင်များက ပြောသည်။
ဇွန် ၃၀
■ မောင်တောမြို့တွင် ဇွန်လ ၃၀ ရက်နေ့က နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၆ ဦးအပါအဝင် ၁၅ ဦးအထိ ကိုဗစ်ရောဂါပိုးတွေ့ရှိရပြီး ယခင်တွေ့ထားသူများထဲမှ နှစ်ဦးမှာ ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း မောင်တောခရိုင်ပြည်သူ့ဆေးရုံးကြီးက သိရသည်။
■ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရှုတ်ချခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ ဗဟိုတွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်လင်း၊ တောင်ကုတ်ဒေသခံ ကိုလှိုင်မင်းထွန်း (ခ) သားကြီးနှင့် ကိုဇာနေထူးတို့ သုံးဦးကို စွဲဆိုထားသည့် တပ်မတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) နှင့် ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ တို့ထဲမှ တပ်မတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) ကို ဇွန်လ ၃၀ ရက်နေ့တွင် ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။
■ ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ အောင်ဒိုင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးထွန်းမောင်ကို ဇွန်လ ၃ဝ ရက်နေ့ နေ့လယ်ခန့်က စစ်တွေမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံးအနီးတွင် အမည်မသိလူတစ်စုမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဗီဒီယိုများ