■ တစ်ပတ်အတွင်း ရခိုင်သတင်းများ

(၂၀၂၁ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့မှ ၁၅ ရက်နေ့အထိ သတင်းအကျဉ်းစုစည်းမှု)

17 Jun 2021

ဇွန် ၈
■ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နယ်စပ်ကုန်သွယ်ရေးသင်္ဘောဖြင့် စစ်တွေသို့ လိုက်ပါလာသည့် လူ ၃၉ ဦးကို စစ်ဆေးရာတွင် အဆိုပါ လူ ၉ ဦး၌ ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။
■ ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (TPDF) ကို ပါဝင်သင့်ပါဝင်ထိုက်သည့် နိုင်ငံရေးအင်အားစုများနှင့် စစ်ကောင်စီအား ဆန့်ကျင်တော်လှန်လျက်ရှိသော ရဲဘော်များ စုစည်းညှိနှိုင်းပြီး  ဇွန်လ ၇ ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ဒွါရာဝတီမျိုးချစ်လူငယ်များအဖွဲ့မှ ယင်းကြေညာချက်အား ဆန့်ကျင်ကြောင်း သဘောထား ထုတ်ပြန်ခဲ့သည်။
■ ရခိုင်ပြည်ရှိ စစ်ဘေးရှောင် မူလတန်းကျောင်းသား၊ ကျောင်းသူများကို ပြည်နယ်စစ်ကောင်စီမှ တစ်ဦးလျှင် ကျောင်းဝတ်စုံတစ်စုံစီ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ၏ သတင်းပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက ပြောခဲ့သည်။
■ ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့က ဓါးပြတိုက်ခံရပြီး လက်နက်ကိုင်ဆောင်ထားသောလူတစ်စု၏ ပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်မှုကိုခံခဲ့ရသည့် မောင်တောမြို့မှ ပရိဘောဂရောင်းဝယ်ရေးဆိုင်ရှင် သားဖနှစ်ဦးထဲမှ ဖခင်ဖြစ်သူ ဦးရော်ဖီးမှာ ဇွန်လ ၈ ရက် နံနက်ပိုင်းက ပြန်လည်လွတ်မြောက်လာခဲ့သည်။
■ ဇွန်လ ၈ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မောင်တောမြို့နယ်သို့ တရားမဝင် ဝင်ရောက်လာသူ ၁၉ ဦးကို ကိုဗစ်ပိုးစစ်ဆေးရာ တစ်ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း မောင်တောခရိုင်ပြည်သူ့ဆေးရုံမှ သိရသည်။
■ တရုတ်နိုင်ငံထုတ် (Sinopharm Biotech) ကိုဗစ် - ၁၉ ကာကွယ်ဆေး အလုံးရေ (၈၀၀၀) ရခိုင်ပြည်သို့ရောက်ရှိနေကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဇွန် ၉
■ ဘူးသီးတောင်မြို့ ဂန္ဓာရီ ပရဟိတဘုန်းတော်ကြီး ကျောင်းစစ်ဘေးရှောင်စခန်းမှ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် မြောက်ဦးမြို့နယ် ပီပင်ရင်းစစ်ဘေးရှောင်စခန်းမှ အသက် ၉ နှစ်အရွယ် အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရခြင်းနှင့်ပတ်သက်၍ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ပေးရန် ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့အစည်းထံသို့ အမေရိကန်ရောက် ရခိုင်အမျိုးသမီးအဖွဲ့ (Arakanese women’s Association – USA) မှ ဇွန်လ ၉ ရက်နေ့တွင် ထုတ်ပြန်ချက်ထုတ်ကာ တောင်းဆိုခဲ့သည်။
■ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံထားရသည့် ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ညီ ကိုအောင်မြတ်ကျော်၊ ညီမနှင့် ယောက်ဖ အပါအဝင် ၁၀ ဦးမှာ ဇွန်လ ၉ ရက်နေ့က ပြန်လည် လွတ်မြောက်လာခဲ့ကြသည်။
■ ရခိုင်ပြည် မင်းပြားမြို့နယ် ခမောင်းတောကျေးရွာအနီး ကျောက်တူးတွင်းထဲတွင် ဇွန်လ ၉ ရက်နေ့က ကလေးငယ်နှစ်ဦး ရေနစ်သေဆုံးခဲ့ကြသည်။ သေဆုံးသူနှစ်ဦးမှာ ခမောင်းကျေးရွာမှ ဦးမိုးမိုးကျော်၏သား မောင်မိုးထက်ကျော် (၄ နှစ်) နှင့် ဦးတင်ကျော်ဟန်၏သား မောင်နားတက်ချေ (၃ နှစ်) တို့ဖြစ်သည်။
ဇွန် ၁၀
■ သံတွဲမြို့နယ် သူဌေးချောင်းရေအားလျှပ်စစ် စီမံကိန်းဧရိယာထဲတွင် ပါဝင်သဖြင့် နေရာပြောင်းရွေ့ကာ ကျေးရွာအသစ်တည်ဆောက်နေရသည့် ရေကောက်ကျေးရွာသစ်နှင့် ပုရစ်ကျေးရွာတို့တွင် ငွေကြေးအခက်အခဲကြောင့် နေအိမ်ဆောက်လုပ်မှုများမှာ ပြီးစီးမှုမရှိသေးဟု ရွာသားများက ပြောဆိုကြသည်။
■ ရခိုင်အသင်း (စင်္ကာပူ) မှ ခေါင်းဆောင်များဖြစ်သည့် AA စစ်ဦးစီးချုပ်၏ညီအပါအဝင် ၁၀ ဦး လွတ်မြောက်လာသည့်အတွက် ကြိုဆိုပြီး AA အနေဖြင့် အပြုသဘောဆောင်သည့်တုံ့ပြန်မှုများကို ပြန်လည်တုံ့ပြန်သွားမည်ဟု ရက္ခိုင့်တပ်တော်၏ပြောခွင့်ရ ဦးခိုင်သုခက ပြောဆိုခဲ့သည်။
ဇွန် ၁၁
■ ရခိုင်ပြည်၊ စစ်တွေခရိုင်တရားရုံးတွင် ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုဥပဒေပုဒ်မများဖြင့် တရားရင်ဆိုင်နေရသူ ၃၇ ဦး၏ အမှုများအား ရုပ်သိမ်းလွှာတင်ထားခြင်းကို စောင့်နေရဆဲဖြစ်သည်ဟု အမှုအားလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေများထံမှ သိရသည်။
■ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအမှုမှ နောက်ဆုံး တရားလိုပြသက်သေတစ်ဦးအား ဇွန်လ ၁၁ ရက်နေ့တွင် စစ်ဆေးခဲ့ပြီး လာမည့်ရုံးချိန်းတွင် စွဲချက်အမိန့်ချနိုင်ကြောင်းလည်း သိရသည်။
■ ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ (ည ၁၀ နာရီမှ နံနက် ၅ နာရီထိ) ကို နောက်ထပ် နှစ်လ တိုးလိုက်ကြောင်း ဇွန်လ ၁၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။
■ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင် (၅) ဦးတို့သည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ဇွန်လ ၁၁ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးခံခဲ့ရသည်။
■ ရခိုင်ပြည် အပါအဝင် မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှု အထောက်အပံ့လုပ်ငန်းများအတွက် ကိုးရီးယား သမ္မတနိုင်ငံမှ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) နှင့် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) တို့မှ တစ်ဆင့် အမေရိကန်ဒေါ်လာ (၁ ဒသမ ၃)သန်း လှူဒါန်းမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
■ မောင်တောမြို့နယ်သို့ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်မှ လူ ၁၉ ဦးကို စစ်ဆေးရာ နှစ်ဦးတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့သဖြင့် ကိုဗစ်ကာကွယ်ရေး အစီအစဉ်များအား မြို့အနှံ့ လိုက်လံကြေညာခဲ့သည်။
■ ရခိုင်ပြည်၊ ဂွမြို့နယ်မှ ကျေးရွာတစ်ရွာတွင် အသက် ၁၃ နှစ်အရွယ်ရှိ မိန်းကလေးငယ်တစ်ဦးအား အသက် ၄၇ နှစ်အရွယ် ပထွေးဖြစ်သူက အဓမ္မပြုကျင့်သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။
ဇွန် ၁၂
■ ရခိုင်ပြည်၊ မောင်တောခရိုင်၊ ကညင်ချောင်းစီးပွားရေးဇုန်၊ နယ်စပ်ကုန်သွယ်ရေး ဆိပ်ကမ်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မည့် ကြက်သွန်နီများ တင်ဆောင်လာသည့် ကုန်ကားအစီး‌ရေ ၂၀၀ နီးပါး ပိတ်မိနေခဲ့သည်။
■ ပြည်မဘက်မှ ရခိုင်ပြည်သို့ ကုန်စည်စီးဆင်းမှုလုပ်ဆောင်ရာတွင် အသုံးပြုမှု အများဆုံးလမ်းဖြစ်သည့် မင်းဘူး-အမ်း ကားလမ်းမမှာ နှစ်စဉ်နှစ်တိုင်း မိုးရာသီဆိုလျှင် ကားလမ်းချော်ပိတ်ဆို့မှုများကို ကြုံတွေ့နေရကြောင်း ယာဉ်မောင်းများက ပြောဆိုကြသည်။
ဇွန် ၁၃
■ စစ်တွေမြို့ မြို့မဈေးကြီးအတွင်းရှိ ပျံကျဈေးသည်များကို ဈေးအနီးရှိ BXT ဆိပ်ကမ်းမြေယာပေါ်တွင် အသစ်ဆောက်လုပ်ထားသော ဈေးသစ်သို့ ဇွန်လ ၁၃ ရက်နေ့ကစတင်ကာ နေရာချထားပေးနေကြောင်း ပြည်နယ်စစ်ကောင်စီက ဆိုသည်။
■ ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မြောက်ဦးမြို့ပေါ်တို့တွင် လူငယ်များဦးဆောင်ကာ သစ်ပင်စိုက်ပျိုးရေး လှုပ်ရှားမှုများကို ဇွန်လ ၁၃ ရက်နေ့က ပြုလုပ်ခဲ့ပြီး အပင်ရေ တစ်သိန်းကျော် စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ဇွန် ၁၄
■ ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၂၉၀၀ ကျော်ခန့် တန်ဖိုးရှိသည့် WY စာတန်းပါ ဆေးပြားပေါင်း ၁၉၅၀၀၀ ပြားအား ဖမ်းဆီးရမိခဲ့သည်။
■ ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့ လက်ရှိအချိန်တွင် တိုက်ပွဲများငြိမ်သက် နေသည့်အတွက် ယခုနှစ်မိုးရာသီတွင် လယ်ယာများထွန်ယက်စိုက်ပျိုးနိုင်ရန် မိမိကျေးရွာများကို ပြန်သော်လည်း ရွာအနီးတပ်စွဲထားသည့် မြန်မာစစ်တပ်က ရွာသားများပြန်မလာကြရန် နှင်လွှတ်သည်ဟု ဘူးသီးတောင်မြို့နယ် အောင်ဇေယျကျေးရွာသားများက ပြောသည်။
■ ရခိုင်ပြည်အတွင်းရှိ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ မင်းပြား၊ ရမ်းဗြဲနှင့် မြောက်ဦးမြို့နယ် တို့တွင် ရွေ့လျားစာကြည့်တိုက်များအား ရက်သတ္တပတ်အတွင်း တစ်ရက်စီ မြို့နယ်အလိုက် တက်ကြွလူငယ်များက ဦးဆောင်ဖွင့်လှစ်ခဲ့ကြသည်။
■ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် စစ်တွေ- ကျောက်ဖြူ-တောင်ကုတ်- မာန်အောင်မြို့များသို့ ပြေးဆွဲသည့် ရေကြောင်းလိုင်းများကို ကစ္ဆပနဒီ ရေယာဉ်လိုင်းမှ ရက်အကန့်အသတ်မရှိ ရပ်နားလိုက်သည်။
■ မာန်အောင်မြို့နယ် ပြင်ကောက်ကျေးရွာအုပ်စုတွင် လျှိုပိတ်ဆည်တည်ဆောက်ရာ၌ မြေယာပါဝင်သွားသူများမှာ ၃ နှစ်ကြာသည့်တိုင် လျော်ကြေးငွေ မရရှိကြသေးကြောင်း ဒေသခံမြေပိုင်ရှင်များက ပြောသည်။
ဇွန် ၁၅
■ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှ နတ်မြစ်ကိုဖြတ်ကူးကာ မြန်မာနိုင်ငံထဲသို့ တရားမဝင် ဝင်ရောက်လာသူတစ်ဦးအား ဇွန်လ ၁၅ ရက်နေ့ နံနက် ၇ နာရီကျော်အချိန်တွင် မြန်မာဖက်က ကုန်သွယ်ရေးမော်တော်ရေယာဉ် တစ်စီးမှ ကယ်တင်ခဲ့ရသည်။
■ မေလ ၃ ရက်နေ့မှ မေလ ၁၄ ရက်နေ့အထိ တာဝန်ထမ်းဆောင်ရန်ပျက်ကွက်ခဲ့သည့် ရခိုင်ပြည်မှ ဆရာ၊ ဆရာမ ၉ဝ ဦးကို တာဝန်မှ ရပ်ဆိုင်းခဲ့သည်။
■ ရခိုင်တွင် မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြေပုံ၊ စစ်တွေနှင့် မြောက်ဦးမြို့တို့မှ စစ်ဘေးရှောင်စခန်းအများအပြားတွင် ရေနစ်မြုပ်မှုကြောင့် စစ်ဘေးရှောင်များ အခက်ခဲဖြင့် ရင်ဆိုင်နေရသည်။
■ ရခိုင်ပြည်တွင် ကလေးသူငယ်များအပါအဝင် အမျိုးသမီးများအပေါ် အဓမ္မပြုမှုဖြစ်စဉ် ၂၀၁၈ က ၆ မှု၊ ၂၀၁၉ ခုနှစ်က ၅ မှု၊ ၂၀၂၀ ခုနှစ်က ၂၀ မှုနှင့် ၂၀၂၁ ဇွန်လအလယ်ထိ ၅ မှုနှင့် မြင့်တက်လာနေကြောင်း Legal Clinic Myanmar က သိရသည်။

ဗီဒီယိုများ