တိုက်ပွဲကြောင့် ပိတ်မိနေသည့် ရသေ့တောင်ဒေသခံ (၅၇)ဦးကို ကယ်ထုတ်နိုင်ပြီ

 “ကျနော်တို့သွားတာတော့ အခက်အခဲရှိတယ်။ လမ်းမှာလည်း လုံခြုံရေးဆောင်ရွက်နေတာရှိတယ်။ အဲဒီမှာလည်း စစ်ဆေးခံရတယ်။ အသက်ကိုရင်းပြီးတော့သွားတယ်ပေါ့” ဟု လူငယ်တက်ကြွလှုပ်ရှားသူများအဖွဲ့က ကိုဘသာ ကပြောသည်။

06 Feb 2020

(ဓာတ်ပုံ - စိုးသိန်း)

အောင်ထိန် ၊ ဝင်းညွှန့် | DMG
ဖေဖော်ဝါရီ ၆ ၊ ရသေ့တောင်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကုလားချောင်းကျေးရွာ နှင့် မညင်းတောင်ကျေးရွာမှာ ပိတ်မိနေသည့် ဒေသခံ (၅၇) ဦးကို မြို့နယ်သံဃနာယက အဖွဲ့နှင့် တက်ကြွလှုပ်ရှားသူများပူးပေါင်းပြီး ယမန်နေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဘေးကင်းစွာဖြင့် ကယ်ထုတ်နိုင်ခဲ့သည်။

 “ကျနော်တို့သွားတာတော့ အခက်အခဲရှိတယ်။ လမ်းမှာလည်း လုံခြုံရေးဆောင်ရွက်နေတာရှိတယ်။ အဲဒီမှာလည်း စစ်ဆေးခံရတယ်။ အသက်ကိုရင်းပြီးတော့သွားတယ်ပေါ့” ဟု လူငယ်တက်ကြွလှုပ်ရှားသူများအဖွဲ့က ကိုဘသာ ကပြောသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့၊ ညနေ ၅ နာရီခန့်က ကုလားချောင်းကျေးရွာနှင့် မညင်းတောင်ကျေးရွာကြားတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ ကြောက်လန့်ထွက်ပြေးရာတွင် အဆိုပါဒေသခံများ ပိတ်မိကျန်ရှိလိုက်ခြင်း ဖြစ်သည်။

ယင်းဒေသခံများကို  ရသေ့တောင်မြို့ ရွှေပါရမီဘုန်းကြီးကျောင်းတွင် နေရာချထားပေးသော်လည်း အဆိုပါဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်ဒုက္ခသည် ၅၀၀ ကျော်ထိရှိသဖြင့် နေထိုင်ရေးအတွက် အခက်အခဲရှိနေသည်ဟု ကိုဘသာက ပြောသည်။

“အဲဒီကျောင်းမှာက အရင်ကယ်ထုတ်ထားတဲ့ဒုက္ခသည်တွေ ရှိတယ်။ အဲ့ဒီလူတွေက မြေပြင်မှာအခင်းမရှိဘဲ အိပ်နေရတယ်။ အခုရောက်နေတဲ့လူတွေကလည်း အဲဒီလူတွေလိုပဲ မြေပြင်မှာအခင်းမရှိဘဲ ဖြစ်သလိုနေထိုင် နေရတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်များနေထိုင်ရေးအတွက် ယာယီတဲဆောင်များ၊ တာလာပတ်များ၊ ဆေးဝါးများနှင့် စားနပ်ရိက္ခာများ လိုအပ်နေသည်။

ရသေ့တောင်မြို့နယ်၊ မညင်းတောင်၊ ကုလားချောင်း စသည့်ကျေးရွာအနီးတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော် (AA)ကြား တိုက်ပွဲပြင်းထန်နေပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။ တိုက်ပွဲကြောင့် ရခိုင်ပြည်နယ်အတွင်းတွင် စစ်ဘေးရှောင် (၁)သိန်းကျော်အထိရှိလာပြီး စားဝတ်နေရေးအခက်အခဲရှိနေသည်။

ဗီဒီယိုများ