ရမ်းဗြဲမြို့နယ်မှ ဒေသခံသုံးဦးကိုအား တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွား

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကုလားပုန်းကျေးရွာမှ ဒေသခံသုံးဦးကို ယနေ့ (နိုဝင်ဘာလ ၇ ရက်နေ့) နံနက် ၆ နာရီအချိန်ခန့်တွင် တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

By အောင်ထိန် 07 Nov 2020

အောင်ထိန် | DMG
နိုဝင်ဘာ ၇ ၊ ရမ်းဗြဲ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကုလားပုန်းကျေးရွာမှ ဒေသခံသုံးဦးကို ယနေ့ (နိုဝင်ဘာလ ၇ ရက်နေ့) နံနက် ၆ နာရီအချိန်ခန့်တွင် တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မိသားစုဝင်များထံမှ သိရသည်။

ယင်းသို့ ဖမ်းဆီးခံရသူများမှာ ကိုစိုးမောင်(၂၃)နှစ်၊ ကိုထွန်းမင်းစိုး (၂၅)နှစ်နှင့် ၎င်း၏ ညီဖြစ်သူ မောင်စွမ်း ထက်ပိုင် (၁၄)နှစ်တို့ဖြစ်ပြီး တပ်မတော်သားများက စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း မိသားစုဝင်များက ဆိုသည်။

“ခဏလေးဆိုပြီးခေါ်သွားတာ အခုထိ ပြန်မရောက်သေးဘူး။ ကျွန်မေယာက်ျားအတွက် စိုးရိမ်တယ်။ကျွန်မတို့မှာ သူတစ်ယောက်ပဲ ရှာကျွေးနေတာ။ သူမရှိရင် ထမင်းငတ်မှာ”ဟု ဖမ်းဆီးခံရသူ ကိုစိုးမောင်၏ဇနီးဖြစ်သူ မခင်မျိုးဦးက ပြောသည်။

အဆိုပါ ကျေးရွာအတွင်းသို့ တပ်မတော်စစ်ကြောင်းတစ်ခုသည် ယနေ့ နံနက်ပိုင်းအချိန်က ဝင်ရောက်လာပြီး ဒေသခံ ၆ ဦးကိုခေါ်ကာ စာသင်ကျောင်း၌ စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း ယင်းနောက် သုံးဦးကို ပြန်လွှတ်ပေးလိုက်ကာ ကိုစိုးမောင်၊ကိုထွန်းမင်းစိုးနှင့် မောင်စွမ်းထက်ပိုင်တို့ သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကျေးရွားသားများက ဆိုသည်။

“ကျွန်တော်တို့မှာ အငယ်သားလေးက အသက်တောင်မပြည့်သေးဘူး။ ကြောက်တတ်လန့်တတ်တယ်။ အခု ဘယ်မှာရှိတယ်ဆိုတာလည်း မသိရဘူး။ တစ်ခုခုလုပ်ပစ်မှာ စိုးရိမ်တယ်”ဟု ဖမ်းဆီးခံရသူ ကိုထွန်းမင်းစိုး၏ ဖခင်ဖြစ်သူ ဦးထွန်းယဉ်ဦးက ပြောသည်။

လက်ရှိ ဖမ်းဆီးခံရသူများအား မည့်သည့်နေရာ၌ ထိန်းသိမ်းထားသည်ကို တစ်စုံတစ်ရာ သတင်းအစအန မသိရှိရသေးသဖြင့် မိသားစုဝင်များက စိုးရိမ်နေကြသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းကို DMG မှ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

အလားတူ နိုဝင်ဘာလ ၃ ရက်နေ့က လည်း ရမ်းဗြဲမြို့နယ်၊ ကုလားပုန်းကျေးရွာအုပ်စု မြချွန်ကျေးရွာမှ ဆယ်ကျော်သက်အရွယ် ကျေးရွာသားနှစ်ဦးအား စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားပြီး ယခုအချိန်ထိ ပြန်လွတ်လာခြင်း မရှိသေးပေ။

ကုလားပုန်းကျေးရွာမှာ လူဦးရေ (၁၂၀၀) ကျော်ရှိပြီး ယခုကဲ့သို့ ကျေးရွာသားများကို ဖမ်းဆီးခေါ်ဆောင် သွားသဖြင့် ဒေသခံတစ်ဝက်ကျော်မှာ စိုးရိမ်ကြောက်လန့်ပြီး နီးစပ်ရာကျေးရွာများနှင့် စနဲမြို့အပြင် ကျောက်ဖြူမြို့ပေါ်ထိ ထွက်ပြေးတိမ်းရှောင်သွားကြကြောင်း ကုလားပုန်းကျေးရွာအုပ်ချုပ်ရေးမှူး ထံမှသိရသည်။

“ရွာမှာ ဒီလိုတစ်ခါမှ ဖမ်းဆီးတာမျိုးမရှိဘူး။ အခုက ကျေးရွာသားတွေကို ဖမ်းဆီးတယ်ဆိုတော့ အကုန်လုံးက ကြောက်လန့်သွားကြတယ်။ ရွာမှာ လူတစ်ဝက်လောက်ပဲ ကျန်တော့တယ်။ ကျန်တစ်ဝက်လောက်ကတော့ အနီးစပ်ရာနေရာတွေကို ထွက်ပြေးသွားကြတယ်”ဟု အုပ်ချပ်ရေးမှူး ဦးမြင့်တင်က ပြောသည်။

ထို့အပြင် ကျောက်ဖြူမြို့နယ် ဇိုင်ချောင်းကျေးရွာနှင့် သိုင်းချောင်းကျေးရွာအုပ်စုအတွင်းသို့ ယခုရက်ပိုင်းအတွင်း တပ်မတော်စစ်ကြောင်းမှ ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည့်အတွက် ဒေသခံ ၇၀၀ ကျော်ခန့်သည် စိုးရိမ် ကြောက်လန့်၍ ကျောက်ဖြူမြို့ပေါ်သို့ ထွက်ပြေးခိုလှုံခဲ့ကြသည်။

ရခိုင်ပြည်နယ်၌ ၂၀၂၀ ပြည့်နှစ် ဇွန်လ မှ နိုင်ဝင်ဘာ ၇ ရက်နေ့အထိ တပ်မတော်ထံ သံသဖြင့် ဖမ်းဆီးခံရသူ ၁၀၂ ဦးထိ ရှိလာပြီဖြစ်သည်။

ဗီဒီယိုများ