ကုလားတန်စီမံကိန်းကိုအကြောင်းပြကာ တပ်က စစ်လက်နက်၊ ရိက္ခာများဖြည့်တင်းခြင်းကို ခွင့်မပြုဟု AA ပြော

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပီကောက်ဝကျေးရွာအနီး ကုလားတန်မြစ်အတွင်းတွင် တပ်မတော် ရေယာဉ်အပါအဝင် ရေယာဉ် (၆) စီးကို ရက္ခိုင့်တပ်တော်(AA)က နိုဝင်ဘာလ ၂၂ ရက်နေ့တွင် တိုက်ခိုက်ခဲ့သည်။

By ခိုင်ရိုးလ 23 Nov 2019

AA တိုက်ခိုက်ခဲ့သော သင်္ဘောများတွင် တပ်နှင့်ပတ်သက်သည့်ပစ္စည်းများ ပါဝင်ခြင်းမရှိကြောင်း တပ်မတော်ဘက်က ပြောဆိုထားသည်။ (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ခိုင်ရိုးလ | DMG
နိုဝင်ဘာ ၂၃ ၊ ကျောက်တော်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပီကောက်ဝကျေးရွာအနီး ကုလားတန်မြစ်အတွင်းတွင် တပ်မတော် ရေယာဉ်အပါအဝင် ရေယာဉ် (၆) စီးကို ရက္ခိုင့်တပ်တော်(AA)က နိုဝင်ဘာလ ၂၂ ရက်နေ့တွင် တိုက်ခိုက်ခဲ့သည်။

တပ်မတော်ကမ်းထိုးရေယာဉ် ၃ စီးနှင့် ရွှေပြည်တန်၊ တော်ဝင်မင်းသမီး၊ လိုင်ယန်အမည်ရ သင်္ဘော ၃ စီးတို့မှာ ကုလားတန်မြစ်ကူးတံတားစီမံကိန်းအတွက် ပစ္စည်းများသယ်ဆောင်လာသည်ကို AA က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

ယင်းနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA) ကို DMG က ဆက်သွယ်မေးမြန်းကြည့်ရာ တပ်မတော်ဘက်မှ ကုလားတန်စီမံကိန်းကို အကြောင်းပြကာ စစ်လက်နက်ပစ္စည်းများ၊ ရိက္ခာများ ဖြည့်တင်းမှုကို လုံးဝခွင့်ပြုမည်မဟုတ်ကြောင်း တုန့်ပြန်သည်။

“ကုလားတန်ပရောဂျက်ကို ကာဗာယူပြီးတော့မှ စီမံကိန်းအရေခွံခြုံပြီးတော့ ကုလားတန်အထက်ပိုင်းကို ဗမာစစ်တပ်ဘက်က စစ်လက်နက်ပစ္စည်းတွေဖြည့်တင်းတာ၊ ရိက္ခာတွေထောက်ပို့တာတွေကို ကျနော်တို့ဘက်က လုံးဝခွင့်ပြုမှာမဟုတ်ဘူး” ဟု AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ ကဆိုသည်။

ရေယာဉ်များမှာ စစ်ဆင်ရေးပုံစံချီတက်လာသဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ခိုင်သုခက ပြောသည်။

“ကျွန်တော်တို့ဘက်ကတော့ စစ်ဆင်ရေးပုံစံမျိုးနဲ့ စစ်ကြောင်းချီတက်လာတဲ့ ဘယ်လက်နက်ကိုင်ကိုမဆို ရေတပ်ပဲဖြစ်ဖြစ်၊ ကြေးတပ်ပဲဖြစ်ဖြစ်၊ လေတပ်ပဲဖြစ်ဖြစ် ဟန့်တားတိုက်ခိုက်မှုတော့လုပ်ရမှာပဲ။ ဘာကြောင့်လဲဆိုရင် ဒါစစ်ဖြစ်နေတဲ့နေရာဖြစ်တယ်” ဟု ၎င်းကဆိုသည်။

AA တိုက်ခိုက်ခဲ့သော သင်္ဘောများတွင် တပ်နှင့်ပတ်သက်သည့်ပစ္စည်းများ ပါဝင်ခြင်းမရှိကြောင်း တပ်မတော်ဘက်က ပြောဆိုထားသည်။ (ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ယခုကဲ့သို့ ပစ်ခတ်ခံရမှုကြောင့် ရေယာဉ်တစ်စီးတွင် ပဲ့ထိန်းခန်းလက်နက်ကြီး ထိမှန်ပျက်စီးခဲ့ကြောင်း တပ်မတော်က ထုတ်ပြန်ပြောဆိုသည်။

“ပီကောက်ဝနားအရောက်မှာ AA ကနေပြီး RPG နဲ့၊ ဒုံးသီးတွေနဲ့ပစ်တယ်။ အဲဒီမှာ တပ်ကပြန်ပစ်တာ။ ဒေသဖွံ့ဖြိုးရေးအတွက် သယ်ဆောင်လာတဲ့ဟာကို ဒေသဖွံ့ဖြိုးမှုမြန်မြန်တိုးတက်ချင်တာကို မလိုလားလို့လား ပြောချင်တယ်” ဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

ထို့ပြင် AA က တိုက်ခိုက်ခဲ့သော သင်္ဘောများတွင် တပ်နှင့်ပတ်သက်သည့်ပစ္စည်းများ ပါဝင်ခြင်းမရှိကြောင်းနှင့် ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို နောက်ကျအောင် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဆိုသည်။

သို့သော် ရက္ခိုင့်တပ်တော်(AA)အနေဖြင့် ကုလားတန်စီမံကိန်းများကို ဆန့်ကျင်ခြင်းမဟုတ်ပဲ စီမံကိန်းအတွက် ပစ္စည်းများပို့လျှင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြေညာပြီးပို့သင့်ကြောင်းပြောသည်။

“ကုလားတန်မြစ် ပရောဂျက်အတွက် ကျနော်တို့ထုတ်ပြန်ထားတာရှိတယ်။ အဲဒီစီမံကိန်းတွေကို ကျနော်တို့က ဆန့်ကျင်စရာလည်းမရှိဘူး။ အခု ဗမာရေတပ်သင်္ဘောကို ပစ်ခတ်တယ်ဆိုတာက စစ်ဆင်ရေးနယ်မြေမှာ စစ်ဖြစ်နေတဲ့နေရာမှာ စစ်ဆင်ရေးပုံစံချီတက်လာရင်တော့ ကျနော်တု့ိ ဟန့်တားတိုက်ခိုက်ရခြင်းသာဖြစ်တယ်” ဟု ခိုင်သုခက ပြောသည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် တပ်မတော်ရေယာဉ်မှ လက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်ရာ အနီးရှိ ကသစ်တောကျေးရွာအတွင်း လက်နက်ကြီးများကျရောက်ကာ ကျေးရွာသားနှစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ကျေးရွာသားများက ပြောဆိုကြသည်။

“နံနက် ၇ နာရီကျော်လောက်မှာ ဇက်သင်္ဘောပုံစံ ၆ စီး တက်လာတာကိုတွေ့ရတယ်။ တက်လာတော့ ပစ်ခတ်သံတွေကြားတယ်ဆိုတာနဲ့ ရွာသားတွေထွက်ကြည့်ကြသေးတယ်။ အဲဒီမှာ ကျနော်တို့ရွာတည့်တည့်ကိုရောက်နေတဲ့ နောက်ဆုံးတစ်စီးကပစ်ခတ်တော့ ကျနော်တို့လည်း ရွာထဲကိုဝင်ပြေးကြတယ်။ အဲဒီမှာ ရွာမြောက်ဘက်ပိုင်းက အသက် ၇၀ ခန့်ရှိတဲ့ ဦးထွန်းလှစိန်ထံမှာ ထိတယ်။ ဘယ်ဘက်ခြေသလုံးမှာ ထိသွားတာ။ အရိုးပြတ်သွားပြီး အရေပြားနည်းနည်းပဲကျန်တယ်” ဟု ကသစ်တောကျေးရွာသား တစ်ဦးက ပြောသည်။

ယင်းသို့ ကျေးရွာသားနှစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိမှုနှင့်ပတ်သက်ပြီး တပ်မတော်က AA မှပစ်ခတ်ခြင်းဟု ပြောဆိုပြီး AA ကလည်း တပ်မတော်မှပစ်ခတ်၍ ဒဏ်ရာရခြင်းဖြစ်ကြောင်း အပြန်အလှန်စွပ်စွဲပြောဆိုကြသည်။

“အဲဒီမှာ အပြန်အလှန်ပစ်တော့ ဘယ်သူပစ်လို့မှန်သွားလဲမသိဘူး။ AA ပစ်လို့ မှန်သွားတာဖြစ်မှာပေါ့” ဟု ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက “အဲဒီမှာ ဗမာရေတပ်ဘက်က ရွာတွေကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်တဲ့အတွက် ရွာသားတစ်ချို့ဒဏ်ရာရတာရှိတယ်” ဟု ဆိုသည်။

လက်နက်ကြီးကျည်ထိမှန်ခဲ့သူနှစ်ဦးအနက် ဦးထွန်းလှစိန် (၇၀)နှစ်မှာ ဒဏ်ရာပြင်းထန်သဖြင့် ကျောက်တော်ဆေးရုံမှတစ်ဆင့် စစ်တွေဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

Related Post : ကျောက်တော်တွင် တပ်ရေယာဉ်အပါအဝင် ရေယာဉ်(၆)စီး တိုက်ခိုက်ခံရကြောင်း တပ်မတော်ပြော

ဗီဒီယိုများ