ကျောက်တော်မြို့နယ် အပေါက်ဝရဲစခန်းအနီးတွင် မိုင်းပေါက်ကွဲ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝရဲစခန်းအနီးတွင် ယနေ့ သြဂုတ်လ ၁၄ ရက် နံနက်ပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

By စိုးအောင် 14 Aug 2019

သြဂုတ် ၁၄ ၊ ကျောက်တော်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝရဲစခန်းအနီးတွင် ယနေ့ သြဂုတ်လ ၁၄ ရက် နံနက်ပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

အပေါက်ဝရဲစခန်းအနီးရှိ ကြက်မွေးမြူရေးခြံဟောင်းအတွင်းမှ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းပေါက်ကွဲမှုကြောင့် အထိအခိုက်အပျက်အစီးများကို မသိရသေးပေ။

“ဒီနေ့ ၉ နာရီကျော်လောက်က မိုင်းတစ်လုံးပေါက်ကွဲတာပါ။ ပေါက်ကွဲတာက ရဲစခန်းနဲ့ ခြံတစ်ခြံအကွာ ကြက်မွေးမြူရေးခြံဟောင်းအတွင်းမှာ ပေါက်ကွဲတာပါ။ မိုင်းပေါက်ကွဲတာကြောင့် ဒေသခံတွေ ကြောက်လန့် စိုးရိမ်နေကြတယ်” ဟု အပေါက်ဝကျေးရွာသား ဦးအောင်ကျော်ဇံက ပြောသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ပေါက်ကွဲမှုဖြစ်ခဲ့သည့် ခြံပိုင်ရှင်လင်မယား ၂ ဦးနှင့် အနီးရှိ စပါးစိုက်ပျိုးနေသည့် ကျေးရွာသား ၁၁ ဦးတို့ကို ရဲတပ်ဖွဲ့မှ ခေါ်ယူစစ်ဆေးခဲ့ကြောင်း သိရသည်။

“ကြက်မွေးမြူရေးပိုင်ရှင် လင်မယား(၂)ယောက်ကို ခေါ်ယူစစ်ဆေးခဲ့တယ်။ မိုင်းပေါက်ကွဲတဲ့နေရာနဲ့ တစ်ကိုက်အကွာမှာ ကောက်စိုက်နေတဲ့ကျေးရွာသား ၁၁ ဦးကိုလည်း ခေါ်ယူစစ်ဆေးခဲ့တာပါ ” ဟု ဦးအောင်ကျော်ဇံက ဆိုသည်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် ကြက်ခြံပိုင်ရှင်လင်မယားနှစ်ဦးမှာ ကြက်ခြံ၏မြောက်ဘက်လမ်းပေါ်တွင် ဆီဆိုင်ဖွင့်လှစ်ကာ ရောင်းချနေသူများဖြစ်ပြီး ခြံပိုင်ရှင် ဦးဦးမောင်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းတစ်ဦးဖြစ်ကာ ဇနီးဖြစ်သူ ဒေါ်ဦးသန်းနွယ်မှာလည်း မူလတန်းကျောင်းအုပ်ဆရာမတစ်ဦးဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မိုင်းပေါက်ကွဲဖြစ်စဉ်နှင့် အစစ်ဆေးခံနေရသည့် ခြံပိုင်ရှင်လင်မယားနှစ်ဦးနှင့် ကျေးရွာသား ၁၁ ဦးတို့ကို စစ်ဆေးပြီး ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ဒေသခံများက ပြောဆိုကြပြီး DMG မှ သီးသန့်အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဗီဒီယိုများ