ကမန်အမျိုးသားနေ့ သတ်မှတ်နိုင်ရေး တိုင်းရင်းသားရေးရာဝန်ကြီးနှင့်ဆွေးနွေးမည်

ကမန်အမျိုးသားနေ့ အတည်ပြုသတ်မှတ်နိုင်ရေးအတွက် ပြည်ထောင်စု တိုင်းရင်းသားရေးရာဝန်ကြီးနှင့် လာမည့် မတ်လ ( ၅) ရက်နေ့တွင်၊ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးသွားမည်ဟု ကမန်အမျိုးသားတိုး တက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက DMG သို့ပြောသည်။

By မျိုးသီရိကျော် 04 Mar 2020

ရခိုင်ရိုးရာသင်္ကြန်ကာလအတွင်း ရိုးရာအကဖြင့် ဖျော်ဖြေနေကြသည့် ကမန်လူငယ်များကိုတွေ့ရစဉ်။


မျိုးသီရိကျော် |DMG
မတ် ၄ ၊ နေပြည်တော်

ကမန်အမျိုးသားနေ့ အတည်ပြုသတ်မှတ်နိုင်ရေးအတွက် ပြည်ထောင်စု တိုင်းရင်းသားရေးရာဝန်ကြီးနှင့် လာမည့် မတ်လ ( ၅) ရက်နေ့တွင်၊ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးသွားမည်ဟု ကမန်အမျိုးသားတိုး တက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက DMG သို့ပြောသည်။

ကမန်တိုင်းရင်းသားများကို ရခိုင်မျိုးနွယ်စုဝင်အဖြစ် သတ်မှတ်ထားသည်။ ရခိုင်သမိုင်းတွင် ကမန်လူမျိုးများကို ရပ်ရွာများနေရာချပေးသည့်နေ့ဖြစ်သော ဒီဇင်ဘာလ (၅)ရက်နေ့ (သို့မဟုတ်) ကမန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို မှတ်ပုံတင်ခဲ့သည့် ဇူလိုင်လ (၁၃) ရက်(သို့မဟုတ်) ကမန်အမျိုးသားတိုးတက်ရေးပါတီ ဖွဲ့စည်းခဲ့သော ဇူလိုင်လ (၅) ရက် တို့ကို ကမန်အမျိုးသားနေ့အဖြစ် သတ်မှတ်ရန် လျာထားသည်ဟု ၎င်းကဆက်ဆိုသည်။

ကမန်လူမျိုးများ၏ စုစည်းမှု ၊ ညီညွတ်မှုနှင့် ဥပဒေပါအခွင့်အရေးများကို ဖော်ဆောင်နိုင်စေရန်ရည်ရွယ်ပြီး ကမန်အမျိုးသားနေ့ကို ကျင်းပရန်စီစဉ်ရခြင်းဖြစ်ကြောင်း ဦးတင်လှိုင်ဝင်းက ပြောသည်။

“တခြားမျိုးနွယ်စုတွေလို ထိုက်ထိုက်တန်တန်ခံစားခွင့် တာဝန်တွေလည်း ကျနော်တို့မှာရှိတယ်လို့ ထင်ပါတယ်။ အဲဒါကြောင့် အစိုးရအနေနဲ့ ကျနော်တို့လူမျိုးကိုလည်း ကမန်အမျိုးသားနေ့အဖြစ် တရားဝင် သတ်မှတ်ပေးစေချင်ပါတယ်။ တခြားလူမျိုးတွေမှာဆို ကိုယ့်တိုင်းရင်းသားနေ့ ကိုယ်စီရှိကြတယ်လေ” ဟုလည်း ၎င်းကဆိုသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ကမန်တိုင်းရင်းသားစုစုပေါင်း (၅)သောင်းဝန်းကျင်ခန့်ရှိပြီး ရခိုင်ပြည်နယ်နှင့်ရန်ကုန်တို့ တွင်နေထိုင်ကြသည်။

ဗီဒီယိုများ