မြောက်ဦး KBZ ဘဏ် ပြန်ဖွင့်ပေးရန် ဒေသခံများလိုလား

မြောက်ဦးမြို့တွင် ကမ္ဘောဇဘဏ်၊ ကမ္ဘာ့ရတနာဘဏ် နှင့် မြန်မာ့စီးပွားရေးဘဏ် တို့သာရှိပြီး ကမ္ဘောဇဘဏ် ပိတ်ထားသည့်နောက်တွင် အခြားဘဏ်များ၌ ငွေလွှဲ၊ ငွေထုတ်သူများပြားသဖြင့် အချိန်ကြန့်ကြာမှုများရှိလာသည်။ အင်တာနက်လိုင်း ဖြတ်တောက်ထားခြင်းကလည်း ဘဏ်လုပ်ငန်းလည်ပတ်မှုများကို...

By ခင်သရဖီဦး 16 Jan 2020

ခင်သရဖီဦး | DMG
ဇန်နဝါရီ ၁၅၊ မြောက်ဦး

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင်ရှိသည့် ကမ္ဘောဇဘဏ်(KBZ)ကို ပိတ်ထားသည်မှာ အချိန် ၁၁ လခန့်အထိ ကြာမြင့်နေပြီဖြစ်ကာ ဒေသခံများ ငွေလွှဲ၊ ငွေထုတ်ပြုလုပ်ရာတွင် အခြားမြို့နယ်မှဘဏ်များသို့ သွားရောက်နေရသဖြင့် KBZ ဘဏ်ကို ပြန်လည်ဖွင့်လှစ်ပေးရန် ဒေသခံများက လိုလားနေကြသည်။

မြောက်ဦးမြို့ပေါ်တွင် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် မတ်လ ၁၈ ရက်နေ့က ပစ်ခတ်မှုများဖြစ်ပေါ်ခဲ့ပြီး နောက်တစ်နေ့မှာ KBZ ဘဏ်အား ပိတ်ထားခဲ့ခြင်းဖြစ်ကာ ယင်းပစ်ခတ်မှုတွင် KBZ ဘဏ်၌ ကျည်ထိမှန်မှုများလည်း ရှိခဲ့သည်။

“ဒီဖက်မှာက ငွေလွဲငွေထုတ်တွေက အခက်ခဲဖြစ်သွားတယ်။ ကမ္ဘောဇဘဏ်ကနေ တခြားမြို့က ငွေလွှဲလာလို့ရှိရင်လည်း မြောက်ဦးမြို့နယ်မှာ KBZ ဘဏ်မရှိတာကြောင့် တခြားမြို့နယ်တွေကို သွားထုတ်ရတယ်။ အဓိက ငွေထုတ်ရတာအဆင်မပြေဘူးပေါ့” ဟု မြောက်ဦးဒေသခံ ကိုခိုင်မင်းသျှင် က ပြောသည်။

မြောက်ဦးမြို့တွင် ကမ္ဘောဇဘဏ်၊ ကမ္ဘာ့ရတနာဘဏ် နှင့် မြန်မာ့စီးပွားရေးဘဏ် တို့သာရှိပြီး ကမ္ဘောဇဘဏ် ပိတ်ထားသည့်နောက်တွင် အခြားဘဏ်များ၌ ငွေလွှဲ၊ ငွေထုတ်သူများပြားသဖြင့် အချိန်ကြန့်ကြာမှုများရှိလာသည်။

ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အချို့တွင် အစိုးရက အင်တာနက်သုံးစွဲခွင့်ကို ဇွန်လ ၂၁ ရက်နေ့ကစပြီး ပိတ်ပင်ထားရာ ယင်းအထဲတွင် မြောက်ဦးမြို့လည်း ပါဝင်သည်။

အင်တာနက်လိုင်းသုံးစွဲခွင့်မရသဖြင့် မြောက်ဦးမြို့ရှိ ဘဏ်များအနေဖြင့် ငွေလွှဲ၊ ငွေထုတ်ပြုလုပ်ရာတွင် အခက်အခဲများဖြစ်ပေါ်နေကြောင်း ဘဏ်တာဝန်ရှိသူများက ပြောဆိုကြသည်။ အသေးစား ငွေလွှဲ၊ ငွေထုတ်လုပ်ငန်းများဖြစ်သည့် Wave Money ၊ True Money လုပ်ငန်းများမှာလည်း အင်တာနက်မရှိသဖြင့် လုပ်ငန်းအဆင်မပြေဖြစ်နေရကြောင်း သိရသည်။

မြောက်ဦးမြို့နယ်မှ ဒေသခံများသည် KBZ ဘဏ်မှ ငွေလွှဲ၊ ငွေထုတ်ပြုလုပ်လိုပါက ကားလမ်းခရီးဖြင့် နာရီဝက်ကျော်ကြာသွားရသည့် ကျောက်တော်နှင့် မင်းပြားမြို့နယ်များသို့ သွားနေရသည့်အတွက် အချိန်ကြန့်ကြာမှုများရှိနေသည်။

“ကျနော်တို့ကိုယ်တိုင်က အရင်က ရေဘေးထောက်ပံ့ရေးကူညီရေးအဖွဲ့အနေနဲ့ မင်းပြားကို ငွေသွားရောက်ထုတ်ရတဲ့ အခြေအနေတွေရှိခဲ့တယ်။ အဲဒီအချိန်ကတည်းက သွားလာရတာအဆင်မပြေမှုတွေရှိတယ်။ အခုက သွားရောက်ထုတ်မယ်ဆိုလိုရှိရင်လည်း တပ်မတော်စစ်ကြောင်းက စစ်ဆေးမှုတွေရှိနေတာကြောင့် သွားရောက် ဖို့အတွက် အခက်အခဲရှိတယ်” ဟု မြောက်ဦးဒေသခံ ကိုထွန်းနီဝင်းက ပြောသည်။

လက်ရှိမှာ မြောက်ဦးကမ္ဘောဇဘဏ်တွင် ကျည်ထိမှန်ခဲ့သည့်နေရာများအား ပြန်လည် ပြုပြင်နေမှုများကို တွေ့ရှိရသော်လည်း ဘဏ်ဖွင့်လှစ်မည့်သတင်းကို မသိရသေးကြောင်း ဒေသခံများကဆိုသည်။

မြောက်ဦးကမ္ဘောဇဘဏ် မန်နေဂျာအား ဘဏ်ဖွင့်လှစ်ရန်ရှိ၊ မရှိကို DMG က ဆက်သွယ် မေးမြန်းခဲ့ရာ မည်သည့်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ကို မသိရသေးကြောင်း ပြောသည်။

မြောက်ဦးမြို့သည် ရခိုင်ပြည်နယ်အတွင်းက ရှေးဟောင်းအမွေအနှစ်စေတီပုထိုးများတည်ရှိရာ မြို့တစ်မြို့ဖြစ်ကာ ခရီးသွားလုပ်ငန်းတွင်ကျယ်သည့် နေရာတစ်ခုလည်းဖြစ်သည်။ သို့သော် မြို့ပေါ်တွင် ပစ်ခတ်မှုများနှင့် မြောက်ဦးဒေသအတွင်းတွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများရှိသဖြင့် ခရီးသွားလုပ်ငန်းများကို လက်ရှိမှာရပ်နားထားရသည်။

ဆက်စပ်ဖတ်ရှုရန် -

ဗီဒီယိုများ