ကျောက်ဖြူမြို့နယ် ကင်းချောင်းတံတားတည်ဆောက်မှု လာမည့် ၂၀၂၀ ဧပြီလတွင် ပြီးစီးနိုင်ဖွယ်ရှိ

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်အတွင်းမှ ဇင်ချောင်း-ကင်းမြောင်း-လေးတောင်လမ်းရှိ ကင်းချောင်းချောင်းကို ဆက်သွယ်ဖောက်လုပ်နေသည့် ကင်းချောင်းတံတားတည်ဆောက်မှုသည် လာမည့် ၂၀၂၀ ခုနှစ် ဧပြီလအတွင်း ပြီးစီးနိုင်ဖွယ်ရှိကြောင်း သိရသည်။

By အောင်ကောင်းဇော် 13 Nov 2019

 

(တံတားအရှည်မှာ (၁၂၅၆) ပေရှိပြီး ခန့်မှန်းကုန်ကျငွေ ကျပ်သန်းပေါင်း (၆၇၃၀) ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၏ ၂၀၁၇ ခုနှစ်ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။)

အောင်ကောင်းဇော် | DMG
နိုဝင်ဘာ ၁၃ ၊ ကျောက်ဖြူ

ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်အတွင်းမှ ဇင်ချောင်း-ကင်းမြောင်း-လေးတောင်လမ်းရှိ ကင်းချောင်းချောင်းကို ဆက်သွယ်ဖောက်လုပ်နေသည့် (၁၂၅၆) ပေရှည်လျားသော ကင်းချောင်းတံတားတည်ဆောက်မှုသည် လာမည့် ၂၀၂၀ ခုနှစ် ဧပြီလအတွင်း ပြီးစီးနိုင်ဖွယ်ရှိကြောင်း သိရသည်။

၎င်းတံတားပြီးစီးပါက ကျောက်ဖြူ-လေးတောင်-တောင်ကုတ်-စစ်တွေ စသည့်လမ်းများကို ကုန်းလမ်းမှ အလွယ်တကူ သွားလာနိုင်မည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေက ဆိုသည်။

“အစိုးရ ထုတ်ပြန်ချက်အရကတော့ လာမည့် ၂၀၂၀ ဧပြီလမှာ အပြီးဆောက်မယ်ပြောတယ်။ ဒီတံတားက ကျောက်ဖြူနဲ့ လေးတောင်တို့ကို အဓိက ဆက်သွယ်သွားလာမယ့်တံတားပေါ့။ ပြီးတော့ ရန်ကုန်-စစ်တွေလမ်းကို ဒီဖက်ကဆို လေးတောင်၊ ဟိုဖက်ကဆို ကျောက်ချောင်းကနေ တစ်ပြိုင်တည်းသွားနိုင်မှာဖြစ်တယ်” ဟု ဒေါ်ထုမေ က ဆိုသည်။

ကင်းချောင်းတံတားတည်ဆောက်ရေး စီမံကိန်းကာလမှာ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့ကနေ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့အထိဖြစ်ကာ ခန့်မှန်းကုန်ကျငွေမှာ ကျပ်သန်းပေါင်း ၆၇၃၀ ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၏ ၂၀၁၇ ခုနှစ်ထုတ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယခုတံတားပြီးစီးပါက ဒေသတွင်းထွက်ရှိသည့် ငါး၊ ပုစွန်များကို ကုန်းလမ်းမှတစ်ဆင့် လွယ်ကူစွာပို့ဆောင် နိုင်မည်ဖြစ်သဖြင့် ဒေသခံများ၏ အကျိုးစီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးတို့ကို ကောင်းမွန်လာစေမည် ဖြစ်သည်။

“ဒီတံတားကြီးသာပြီးသွားရင် ကျနော်တို့ဆီကထွက်နေတဲ့ ငါး၊ ပုဇွန်တွေကို ရက်ကြာရှည်မနေဘဲ ရန်ကုန်တို့ဘာတို့ကို လွယ်လင့်တကူ ပို့ဆောင်နိုင်မှာဖြစ်တယ်။ အရင်ကဆို စက်လှေနဲ့သွားရတာရှိတယ်၊  ဒီတံတားပြီးရင် သွားလာရေး ပိုအဆင်ပြေလာမှာ” ဟု လေးတောင်မြို့ဒေသခံ ဦးအောင်နိုင်ထွန်းက ပြောသည်။

အဆိုပါတံတားကို အပေါ်ထည် သံမဏိသံဘောင်နှင့် သံကူကွန်ကရစ်ကြမ်းခင်း၊ အောက်ထည် သံကူကွန်ကရစ်၊ အုတ်မြစ်ကို သံကူကွန်ကရစ်ဖြင့် ဆောက်လုပ်ရေးနှင့်လမ်းတံတားဦးစီးဌာန တံတားဖြစ်မြောက်ရေး အထူးအဖွဲ့(၈)က တာဝန်ယူဆောက်လုပ်နေခြင်းဖြစ်ကာ လက်ရှိတွင် တံတားတစ်ဝက်ခန့်အား သံဘောင်များ တင်၍ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

ဗီဒီယိုများ