ဂွမြို့နယ်ကို ခရီးသွားနယ်မြေသစ်အဖြစ် ပြုလုပ်ရန်စီစဉ်

ရခိုင်ပြည်နယ်၏ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဂွမြို့နယ်ကို ခရီးသွားနယ်မြေသစ်အဖြစ် ပြုလုပ်သွားရန် စီစဉ်လျှက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦးရဲအောင်မိုးကပြောသည်။

By သီဟ 12 Jan 2021

ဂွမြို့နယ်အတွင်းက ကျိန္တလီကမ်းခြေတစ်နေရာအား တွေ့ရစဉ်။ ဓာတ်ပုံ- သားကြီး(ပုန်းညက်)

သီဟ | DMG
ဇန်နဝါရီ ၁၂ ၊ ဂွ

ရခိုင်ပြည်နယ်၏ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဂွမြို့နယ်ကို ခရီးသွားနယ်မြေသစ်အဖြစ် ပြုလုပ်သွားရန် စီစဉ်လျှက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦးရဲအောင်မိုးကပြောသည်။

ငပလီသို့ လာရောက်လည်ပတ်ကြသည့် ခရီးသည်များအနေဖြင့် ဂွမြို့နယ်ရှိ ခရီးစဉ်နေရာသစ်များသို့ သွားရောက်နိုင်ရန်အတွက် ဖော်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဂွမြို့နယ်ထဲကကျွန်းတွေဟာ ငပလီနားကပုလဲကျွန်းလိုပဲ တော်တော်လှတဲ့နေရာတွေရှိတယ်။ ကျွန်တော်တို့ တစ်ခေါက်သွားကြည့်ပြီးပြီ။ နောက်တစ်ခေါက်ထပ်သွားဖို့ရှိတယ်။ ကျိန္တလီဘက်မှာဆိုရင်လည်း ထိုက်သင့်တဲ့ မွမ်းမံမှုလေးလုပ်ပြီးတာနဲ့ ခရီးသွားဧည့်သည်တွေအတွက် ကြော်ငြာပေးဖို့ပဲကျန်တော့တယ်” ဟု ဦးရဲအောင်မိုးက ရှင်းပြသည်။

ဂွမြို့နယ်၊ ကျိန္တလီမြို့ရှိ ကျောက်တောရောင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥယျာဉ်သည် ဧက ၈၀ ခန့် ကျယ်ဝန်းပြီး လာရောက်လည်ပတ်သူများအနေဖြင့် ရှားပါးသစ်ပင်များ၊ ရှားပါးငှက်မျိုးစိတ်များကို လေ့လာ နိုင်မည်ဖြစ်ကာ “လိပ်”ထိန်းသိမ်းရေးစခန်းများလည်းရှိကြောင်း ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

“ငပလီကိုအခြေခံပြီးတော့ ဂွမြို့နယ်ထဲမှာ လူထုအခြေပြုခရီးသွားလုပ်ငန်းလုပ်ဖို့ အသိပညာပေး ဆွေးနွေးပွဲတွေ လုပ်ခဲ့တာလည်းရှိတယ်။ ကြိုးစားနေတာတွေလည်းရှိတယ်။ ဂွမြို့နယ်မှာ ငပလီလို ကမ်းခြေလှတဲ့ ရွှေရချိုင်၊ ကျောက်ချွန်ချိုင်၊ ချမ်းသာနဲ့ သင်ပေါင်တောင်တွေရှိတယ်။ ပြီးတော့ တစ်ကမ္ဘာလုံးမှာ အပင် ၂၀၀ လောက်ပဲရှိတော့တဲ့ မြိုင်ကြီးပင်လိုအပင်မျိုးတွေ ဂွဘက်မှာ ထိန်းသိမ်းထားတာရှိတယ်” ဟု ရခိုင်ကမ်းရိုးတန်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း(RCA) ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ကြည်က ရှင်းပြသည်။

ထို့အပြင် ဒီရေတောဘွန်ဆိုင်းပင်များ၊ ဆိတ်ငြိမ်သည့်ကျွန်းများ၊ ထူးဆန်းသောပုံသဏ္ဍာန်ရှိသည့် ကျွန်းများ၊ ဒဏ္ဍာရီလာကျွန်းများနှင့် လှပသောချိုင်များလည်း ဂွမြို့နယ်တွင်တည်ရှိနေကြောင်း ရခိုင်ကမ်းရိုးတန်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်းမှ သိရသည်။

လက်ရှိတွင် ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ငါးနှစ်တာစီမံကိန်းများရေးဆွဲကာ ဆောင်ရွက်လျှက်ရှိပြီး ကာလတို၊ ကာလရှည် စီမံကိန်းများရေးဆွဲကာ နှစ်အလိုက်ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းမှ သံတွဲ၊ စစ်တွေ၊ ကျောက်ဖြူနှင့် မြောက်ဦးမြို့နယ်တို့သည် ခရီးသွားလာရောက် လည်ပတ်မှု အများဆုံးဖြစ်ကြောင်း သိရသည်။

ပြည်နယ်အတွင်း ဒေသမတည်ငြိမ်မှုနှင့် ကိုဗစ်ရောဂါထိန်းချုပ်ရေး အသွားအလာကန့်သတ်မှုများကြောင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၂၀၂၀ ပြည့်နှစ်တွင် ပြည်တွင်းပြည်ပခရီးသွား ဝင်ရောက်မှု ၂၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ပြည်နယ်ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ဗီဒီယိုများ