ကိုဟန်မျိုးသူရိန်အမှုတွင် တရားလိုထွက်ဆိုချက်နှင့် လိုပြသက်သေထွက်ဆိုချက် ကွဲလွဲနေဟုဆို

ပုဒ်မ-၅၀၅(ခ)ဖြင့် တရားစွဲဆိုခံထားရသည့် သံတွဲမြို့နယ်မှ ကိုဟန်မျိုးသူရိန်အမှုတွင် တရားလိုထွက်ဆိုချက်နှင့် လိုပြသက်သေထွက်ဆိုချက်မှာ ကွဲလွဲနေသဖြင့် သံတွဲမြို့နယ်စခန်းမှူးကို ရုံးခေါ်သက်သေအဖြစ် လာမည့်ရုံးချိန်းတွင် ပြန်လည်စစ်ဆေးသွားရန်ရှိကြောင်း ရှေ့နေထံမှသိရသည်။

21 Mar 2022

DMG ၊ မတ်လ ၂၁

ပုဒ်မ-၅၀၅(ခ)ဖြင့် တရားစွဲဆိုခံထားရသည့် သံတွဲမြို့နယ်မှ ကိုဟန်မျိုးသူရိန်အမှုတွင် တရားလိုထွက်ဆိုချက်နှင့် လိုပြသက်သေထွက်ဆိုချက်မှာ ကွဲလွဲနေသဖြင့် သံတွဲမြို့နယ်စခန်းမှူးကို ရုံးခေါ်သက်သေအဖြစ် လာမည့်ရုံးချိန်းတွင် ပြန်လည်စစ်ဆေးသွားရန်ရှိကြောင်း ရှေ့နေထံမှသိရသည်။

"တရားလိုထွက်ဆိုချက်နဲ့ တရားလိုဖက်ကသက်သေဖြစ်တဲ့ သံတွဲမြို့နယ်ရဲစခန်းမှ စခန်းမှူးထွက်ဆိုချက်မှာ ဆန့်ကျင်ဖက်ဖြစ်နေပြီး ကွဲလွဲမှုရှိနေတယ် အမှုမှာက။ အဲဒါကြောင့် ရုံးခေါ်သက်သေအဖြစ်နဲ့ ပြန်လည်စစ်ဆေးဖို့အတွက် လာမယ့်ရုံးချိန်းမှာ ပြန်ခေါ်သက်သေကိုခေါ်ထားပါတယ်။ အဲဒီနေ့မှာဘဲ စွဲချက်အမိန့်ကို ချမှာဖြစ်တယ်"ဟု အထက်တန်းရှေ့နေ မမျိုးတင်ဇာထွန်းက DMG သို့ပြောဆိုသည်။

ကိုဟန်မျိုးသူရိန်ကို ယနေ့ရုံးထုတ်ခဲ့ပြီး အမှုကို စွဲချက်တင်သင့်၊ မတင်သင့် နှစ်ဖက်ရှေ့နေများက လျှောက်လဲချက်ပေးခဲ့ကြောင်းလည်း သိရသည်။

လာမည့်မတ်လ ၂၈ ရက်နေ့ရုံးချိန်းတွင် ရုံးခေါ်သက်သေကိုစစ်ဆေးပြီး စွဲချက်အမိန့်ချမှတ်သွားရန်ရှိကြောင်းလည်း ရှေ့နေထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက သံတွဲမြို့တွင်ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ခုတွင် ဖမ်းဆီးခံရသူများ လွတ်မြောက်ရေးဆောင်ရွက်ရာ၌ ရဲတပ်ဖွဲ့ကိုတားဆီးသည်ဟုဆိုကာ ကိုဟန်မျိုးသူရိန်ကို သံတွဲမြို့နယ် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမင်းက တရားလိုပြုလုပ်ပြီး ပုဒ်မ-၅၀၅(ခ)ဖြင့် အမှုဖွင့်လှစ်ထားခြင်းဖြစ်သည်။

လက်ရှိ ကိုဟန်မျိုးသူရိန်ကို သံတွဲအကျည်းထောင်တွင်ထားရှိပြီး ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း ရှေ့နေထံမှသိရသည်။

အသက် ၂၆ နှစ်အရွယ် ကိုဟန်မျိုးသူရိန်မှာ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်မှဖြစ်ပြီး ဒေသအတွင်း အရပ်ဖက်အဖွဲ့အစည်းများတွင် တက်ကြွစွာပူးပေါင်းလုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်သကဲ့သို့ NGO အဖွဲ့အစည်းများတွင်လည်း လူ့အခွင့်အရေးသင်တန်းများကို ပို့ချနေသူတစ်ဦးဖြစ်သည်။

ဗီဒီယိုများ