ကင်မွန်းချောင်း ရဲစခန်းတိုက်ခိုက်ခံရမှုကြောင့် ကျိုက်ထိုမြို့နယ်တဝိုက် စစ်ဆေးရေး တင်းကြပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာ နယ်မြေ ရဲစခန်း တိုက်ခိုက်ခံရမှုကြောင့် ယမန်နေ့ မှစပြီး လုံခြုံရေ စစ်ဆေးတင်းကြပ်မှုများကို စစ်ကောင်စီဘက်က ပိုမို တင်းကြပ်စွာ လုပ်ဆောင်လာနေကြောင်း ဒေသခံများထံမှသိရသည်။

14 Jun 2022

ဓာတ်ပုံ - CJ

DMG ၊ ဇွန် ၁၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်းကျေးရွာ နယ်မြေ ရဲစခန်း တိုက်ခိုက်ခံရမှုကြောင့် ယမန်နေ့ မှစပြီး လုံခြုံရေ စစ်ဆေးတင်းကြပ်မှုများကို စစ်ကောင်စီဘက်က ပိုမို တင်းကြပ်စွာ လုပ်ဆောင်လာနေကြောင်း ဒေသခံများထံမှသိရသည်။

ပြီးခဲ့သည့်ဇွန်လ ၁၀ ရက်နေ့ည (၉) နာရီကျော်ခန့်က ကျိုက်ထိုမြို့နယ် ကင်မွန်းချောင်း ကျေးရွာ နယ်မြေရဲစခန်းကို KNU တပ်မဟာ (၁) KNLA ပူးပေါင်းအဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့သဖြင့် နှစ်ဖက်အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ကင်မွန်းချောင်းကျေးရွာသား တစ်ဦးက ပြောသည်။

“ ညပိုင်းပဲ နှစ်ဖက်ပစ်ခတ်နေတဲ့ အသံကြားခဲ့ရတာ။ KNU ဘက်ကနေ ရဲစခန်းကို လာပစ်တာလို့သိရပါတယ်။ လက်နက်ကြီး ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်ကြတာ ” ဟု အဆိုပါဒေသခံမှပြောသည်။

သို့သော်လည်း အဆိုပါ ရဲစခန်း တိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာနှစ်ဘက်အဖွဲ့အည်းများက တစုံတရာထုတ်ပြန်ခြင်းမရှိသေးသဖြင့် ဒေသခံများ အနေဖြင့်လည်း အသေးစိတ် အချက်အလက်များကို မသိရသေးကြောင်း ပြောဆိုနေကြသည်။

ထိုဖြစ်စဉ်၏ နောက်ဆက်တွဲအဖြစ် ကျိုက်ထိုမြို့နယ်အနီး တဝိုက်ကို ယမန်နေ့ (ဇွန် ၁၃) မှ စပြီး ရဲနှင့် စစ်တပ်မှ အဖွဲ့အင်အားအများအပြား ဖြင့်လုံခြုံရေး ဒေသခံများ၊ ခရီးသွားများကို ရှာဖွေစစ်ဆေးမှု ပိုမို တင်း ကြပ်လာခြင်းဖြစ် ကြောင်း ကျိုက်ထိုမြို့ခံများထံမှ သိရသည်။

“ မနေ့က စပြီး စစ်ဆေးတာတွေပိုပြီး တင်းကြပ်သွားပြီ။ အရင်လိုမျိုး မဟုတ်တော့ဘူး။ တံတားဖြူ၊ ဇေယျာမွန်၊ တပ်မလမ်းဆုံ၊ ဝင်းကလော လမ်းဆုံ အဲဒီနေရာတွေဆို ပိုပြီး စစ်ဆေးတာတွေ့ရတယ်။ နေရာကတော့ အစုံစစ်နေတာ ” ဟု ကျိုက်ထိုမြို့ခံတစ်ဦးက ဆိုသည်။

ထို့အပြင် ကျိုက်ထို- ကင်မွန်းချောင်း- ကျိုက်ထီးရိုး ဘုရားသို့ သွားလာသည့် လမ်းမတလျှောက်နှင့် အနီးအနားရှိ ကျေးရွာများ အနီးတဝိုက်တွင်လည်း ကျိုက်ထို အခြေစိုက်တပ်မ (၄၄) လက်အောက်ခံ တပ်အင်အားအင်အား (၁၀၀) ကျော်ခန့်ကိုလည်း လုံခြုံရေး ဖြန့်ကျက်ထားကြောင်း ကင်းမွန်စခန်း အနီးနား ဒေသခံများက ပြောဆိုသည်။

“ ရဲစခန်းအပစ်ခံရပြီး မကြာဘူး နောက်တနေ့ မနက်ပဲ ကျိုက်ထို အခြေစိုက်တပ်မ (၄၄) က တပ်တွေ ကျိုက်ထို- ကင်မွန်းချောင်းသွားတဲ့ ကားလမ်းမရယ်၊ ကင်မွန်းချောင်းရွာ ဆောင်နိုင်ကြီး ရယ်မှာ တပ်ဖြန့်ထား တာတွေ့ခဲ့ရ ပါတယ် ” ဟု ဒေသခံ တစ်ဦး က ပြောသည်။

ထို့အပြင်ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့၌ ကျိက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ မုပ္ပလင်လမ်းဆုံရှိ စစ်ဆေးရေး ဂိတ်သို့ KNLA ပူးပေါင်းအဖွဲ့မှ သွားရောက်တိုက်ခိုက်ခဲ့ရာ မှနှစ်ဖက်အပြန်ပစ်ခတ်မှုကြောင့် စစ်ကောင်စီ တပ်သား (၃) ဦး သေဆုံးခဲ့ပြီး ဒေသခံယာဉ်မောင်းတစ်ဦးမှာလည်း ပေါင်ကျည်ထိမှန် (မစိုးရိမ်ရ) ဒဏ်ရာရှိမှု ဖြစ်ပွားခဲ့သေး သည်။

ဗီဒီယိုများ