ရမ်းဗြဲ ကင်းချောင်းတံတားကို အမြန်ဆုံးသွားလာခွင့်ပြုရန် ဒေသခံများလိုလား

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်နှင့် ရမ်းဗြဲမြို့နယ်ကို ဆက်သွယ်ဖောက်လုပ်ထားသည့် ကင်းချောင်း တံတားအား အမြန်ဆုံးဖွင့်လှစ်ပြီး သွားလာခွင့်ပြုရန် ဒေသခံများက လိုလားနေကြသည်။

By အောင်ကောင်းဇော် 30 Apr 2020

အောင်ကောင်းဇော် | DMG
ဧပြီ ၃၀ ၊ ရမ်းဗြဲ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်နှင့် ရမ်းဗြဲမြို့နယ်ကို ဆက်သွယ်ဖောက်လုပ်ထားသည့် ကင်းချောင်း တံတားအား အမြန်ဆုံးဖွင့်လှစ်ပြီး သွားလာခွင့်ပြုရန် ဒေသခံများက လိုလားနေကြသည်။

ယခုတံတားအား ဖြတ်သန်းသွားလာခွင့်ရမည်ဆိုက ရမ်းဗြဲမြို့နယ်နှင့် လေးတောင်မြို့အတွင်းမှ ဒေသခံများမှာ သွားလာရေး အဆင်ပြေချောမွေ့လာမည်ဖြစ်သဖြင့် ယခုနှစ်မိုးရာသီမရောက်မီ တံတားအားအမြန်ဆုံးဖွင့်လှစ်ပေးရန် လေးတောင်မြို့ဒေသခံတစ်ဦးဖြစ်သူ ဦးအောင်နိုင်ထွန်းက ပြောသည်။

“လေးတောင်က ပြည်သူလူထုသွားလာဖို့ ဒီတံတားကို မိုးရာသီမရောက်မီ ဖွင့်စေချင်တယ်။ ဒါမှ ကျန်းမာရေး၊ လူမှုရေး အဆင်ပြေမယ်။ ကျန်းမာရေးအတွက်ဆိုလည်း ကျောက်ဖြူကိုသွားလို့ရမယ်။ ဒီဖက်က ရမ်းဗြဲမြို့ကို သွားမယ်ဆို (၁၆)မိုင်ဝေးတယ်” ဟု ဦးအောင်နိုင်ထွန်းက ဆိုသည်။

လက်ရှိ ကင်းချောင်းတံတားတည်ဆောက်နေမှုမှာ ၉၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သော်လည်း တံတားဖွင့်ပွဲကို မပြုလုပ်နိုင်သေးကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ဒေသမတည်ငြိမ်မှုများအပြင် COVID-19 ရောဂါ အခြေအနေတို့ကြောင့် လတ်တလော တွင် ၎င်းတံတားအားဖွင့်လှစ်နိုင်မည်မဟုတ်ကြောင်း ရမ်းဗြဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေက ပြောသည်။

“ဖွင့်မယ့်ရက်ကို သေချာမပြောနိုင်သေးဘူးလို့ ဆောက်လုပ်ရေး ဒု-ဝန်ကြီး ဒေါက်တာ ကျော်လင်းကပြောတယ်။ ဘာလို့လဲဆိုတော့ ရခိုင်ပြည်နယ်အခြေအနေ ပြီးတော့ COVID-19 အခြေအနေကြောင့်ပေါ့။ အခုတော့ တံတားကို ဖြတ်သန်းသွားနေပြီ။ ဒါပေမယ့် အရေးပေါ်ဘာညာတွေမှ ခွင့်ပြုထားတာ။ တံတားအဖွဲ့ကိုလဲ ခွင့်တောင်းရတယ်” ဟု ဦးကျော်ဆွေက ဆိုသည်။

အရှည် (၁၂၅၆) ပေရှိသော ကင်းချောင်းတံတားကို ၂၀၁၇ ခုနှစ်က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး သြစတေးလျချေးငွေကို အသုံးပြုကာ ခန့်မှန်းကုန်ကျငွေ ကျပ်သန်းပေါင်း ၆၇၀၀ ကျော်ဖြင့် ၂၀၂၀ ခုနှစ် ဧပြီလအတွင်း အပြီးတည်ဆောက်ရန် သတ်မှတ်ထားခြင်းဖြစ်သည်။

အဆိုပါတံတားမှ ဖြတ်သန်းသွားလာခွင့်ရရှိလျှင် ကျောက်ဖြူ၊ လေးတောင်၊ ရမ်းဗြဲ၊ စစ်တွေနှင့် ရန်ကုန်၊ မန္တလေး စသည့် နေရာများသို့ပါ ကုန်းလမ်းမှ လွယ်ကူစွာဆက်သွယ်သွားလာနိုင်မည်ဖြစ်သည်။

ဗီဒီယိုများ