ကိုဂျင်မီနှင့် ဖြိုးဇေယျာသော်ပါ (၄)ဦးအား သေဒဏ်စီရင်လိုက်ခြင်းမှာ မိုက်မဲခြင်းဟု စစ်ကောင်စီကို AA ပြော

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောင်း ကိုဂျင်မီနှင့် NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်အပါအဝင် အရပ်သားနှစ်ဦးဖြစ်သည့် ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အား သေဒဏ်အပြစ်ပေးစီရင်လိုက်ခြင်းမှာ မိုက်မဲခြင်းဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)က ယနေ့ဇူလိုင်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

25 Jul 2022

DMG ၊ ဇူလိုင် ၂၅

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ဟောင်း ကိုဂျင်မီနှင့် NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ကိုဖြိုးဇေယျာသော်အပါအဝင် အရပ်သားနှစ်ဦးဖြစ်သည့် ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အား သေဒဏ်အပြစ်ပေးစီရင်လိုက်ခြင်းမှာ မိုက်မဲခြင်းဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)က ယနေ့ဇူလိုင်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ထိုသို့ စီရင်လိုက်ခြင်းကြောင့် မြန်မာပြည် သူလူထုတရပ်လုံးမှ ဒေါသကြီးစွာဖြင့်တုံ့ပြန်လာ၍ ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲအခြေအနေများအပေါ်တွင်လည်း အထူးစိုးရိမ်မိပါကြောင်းနှင့် “မလုပ်သင့် မလုပ်အပ်သော သေဒဏ်ချမှတ်ခြင်းအလုပ်ကို မလုပ်သင့်သည့်အချိန်၌ မလုပ်မိစေရန်အတွက် ယဉ်ကျေးသော သံတမန်နည်းဖြင့် နိုင်ငံရေးအသိုင်းအဝိုင်းများက မေတ္တာရပ်ခံတားမြစ်နေသည့်ကြားမှ မိုက်မဲစွာပြုလုပ်လိုက်ခြင်း”ဟု AA ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါသေဒဏ်စီရင်သည့်သတင်းကို မမျှော်လင့်ဘဲကြားသိရသဖြင့် AA အပါအဝင် မြန်မာပြည်သူလူထုတရပ်လုံးကိုပါ များစွာထိတ်လန့်တုန်လှုပ်စေပြီး မိသားစု၊ ဆွေမျိုး၊ မြန်မာပြည်သူ လူထုတရပ်လုံးနှင့်အတူ ထပ်တူဝမ်းနည်းခံပြင်းမိကြောင်းလည်း AA ၏ထုတ်ပြန်ချက်ကဆိုသည်။

ယင်းအပြင် အဆိုပါသေဒဏ်စီရင်သည့် သတင်းကြောင့် ပြည်သူတရပ်လုံး၏ဒေါသနှင့် မခံချင်စိတ်ကို ပို၍ဆိုးရွားစွာနှိုးဆွစိန်ခေါ်လိုက်ခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့ ၄ ဦးအား စီရင်လိုက်သော်လည်း နွေဦးတော်လှန်ရေးအတွက် ပို၍အကျိုးပြုသော အနာဂတ် သူရဲကောင်းများ ထပ်မံမွေးဖွားလာအုံးမည်ကို အပြည့်အဝယုံကြည်ကြောင်းလည်း AA ကဆိုသည်။

အဆိုပါကိစ္စကို မြန်မာ့နိုင်ငံရေးသမားမျာကလည်း စစ်ကောင်စီ၏ ဥပဒေမဲ့ လုပ်ဆောင်မှုဖြစ်ကြောင်းလည်း ဝေဖန်နေကြသည်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ ကိုညီညီလွင်(အရှင်ဂမ္ဗီရ)က “ဒါကတော့ အနိုင်ကျင့်ခံရတာပဲ။ ဥပဒေမဲ့ အနိုင်ကျင့်သတ်ဖြတ်ခံရတာပါ။ ဆလိုင်းတင်မောင်ဦးတို့၊ ဗိုလ်ကြီး အုန်းကျော် မြင့်တို့လည်း အာဏာရှင်လက်ထက်မှာ ကြိုးပေးခံခဲ့ကြရတဲ့သူတွေပါပဲ။ ကျူးလွန်ဦးမှာပါပဲ။ စစ်ကောင်စီမပြုတ်ကျမချင်း ဒီလိုဥပဒေမဲ့ အနိုင်ကျင့်ခံရတာတွေ အများကြီးကြုံကြရဦးမှာပါ”ဟု ပြောသည်။

ယခုလို သေဒဏ်ပေးစီရင်မှုသည် စစ်အာဏာသိမ်းယူပြီးနောက် မြန်မာနိုင်ငံ၌ တရားဥပဒေအရ စီရင်ခွင့်မှာလည်း လုံးဝပျက်သုဉ်းသွားပြီဖြစ်ကြောင်း ဥပဒေပညာရှင်အချို့မှ ဝေဖန်သည်။

“အာဏာစသိမ်းကတည်းက နိုင်ငံအနေအထားအရ တရားအရ ဥပဒေ ကာကွယ်ပိုင်ခွင့် ဆုံးရှုံးသွားခဲ့ပြီ။ အခု ဒီနေ့သတင်းစာ အရ စစ်ခုံရုံးအသုံးအနှုန်း ပါလာတယ်။ ဒါကနိုင်ငံရေးသမားတွေကိုဆိုရင် တရားရုံးကနေ ရင်ဆိုင်စရာမလိုဘူးလို့ ပြောလိုက်တဲ့ သဘောပါပဲ။ ဥပဒေအရ ခုခံချေပခွင့်ဆိုတဲ့ တရားရေးစနစ်ဟာလည်း လုံးဝပျက်စီးသွားပြီလို့ပြောလို့ရသွားပါပြီ”ဟု အမည်မဖော်လိုသည့် ရှေ့နေတစ်ဦးကဝေဖန်သည်။

ကိုဂျင်မီနှင့် ကိုဖြိုးဇေယျာသော်တို့ကို လက်နက်ပစ္စည်းများနှင့် းအတူ သိမ်းဆည်းရမိခြင်း၊ အကြမ်းဖက်မှုများ ပြုလုပ်မှုအပါအဝင် လှိုင်သာယာမြို့တွင်း၌ လူသတ်အကြမ်းဖက်မှုပြုလုပ်သည်ဟုဆိုပြီး ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အပါအဝင် (၄)ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉(က)၊ ၅၀(ဈ)နှင့် ၅၀(ည)တို့ဖြင့် စစ်ခုံရုံးတင်စစ်ဆေးခဲ့ပြီး ဇန်နဝါရီလ(၂၁)ရက်နေ့၌ စစ်ကောင်စီမှ သေဒဏ်ချမှတ်ခဲ့ကာ တစ်လနီးပါးအကြာတွင် သေဒဏ်စီရင်ခံခဲ့ရခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းဆန့်ကျင်မှုကြောင့် ဖမ်းဆီးထားသူများကို ကြိုးပေးကွပ်မျက်မည့် အစီအစဉ်ကိုရပ်ဆိုင်းရန် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး Michelle Bachelet က ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့ကပြောဆိုခဲ့သည်။

ထို့အပြင် သေဒဏ်ချမှတ်ခံရသူများအပေါ် ပြန်လည်သုံးသပ်ရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်မှ စစ်ကောင်စီဥက္ကဋ္ဌထံ ပြီးခဲ့သည့်ဇွန်လ ၂၂ ရက်နေ့တွင် တောင်းဆိုခဲ့သည်။

ထိုသေဒဏ်ပေးမှု အစီအစဉ်နှင့်ပတ်သက်ကာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက အပြင်းအထန်ပြစ်တင်ဝေဖန်ခဲ့သည့်အပြင် ပြည်တွင်းရှိ နိုင်ငံတကာသံရုံးအချို့ကလည်း စစ်ကောင်စီအနေဖြင့် စီရင်ပိုင်ခွင့်မရှိကြောင်း ထုတ်ပြန်ထားသည်။

ဗီဒီယိုများ