အစောပိုင်းကာလ ခက်ခဲကြမ်းတမ်းမှုများနှင့် အကူအညီရရှိမှုအခြေအနေများကို ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဖွင့်ဟ

ရက္ခိုင့်တပ်တော်(AA)၏ တော်လှန်ရေးအစောပိုင်းကာလများတွင် ခက်ခဲကြမ်းတမ်းမှုများနှင့်ရင်ဆိုင်ခဲ့ရပြီး ယင်းအခန်းကဏ္ဍများကို ဖြည့်ဆည်းရေးအတွက် ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်နှင့် ကိုးကန့်ခေါင်းဆောင်များက လက်နက်များထောက်ပံ့ပေးခဲ့သည်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဖွင့်ဟပြောကြားလိုက်သည်။

30 Mar 2022

DMG ၊ မတ်လ ၃၀

ရက္ခိုင့်တပ်တော်(AA)၏ တော်လှန်ရေးအစောပိုင်းကာလများတွင် ခက်ခဲကြမ်းတမ်းမှုများနှင့်ရင်ဆိုင်ခဲ့ရပြီး ယင်းအခန်းကဏ္ဍများကို ဖြည့်ဆည်းရေးအတွက် ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်နှင့် ကိုးကန့်ခေါင်းဆောင်များက လက်နက်များထောက်ပံ့ပေးခဲ့သည်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဖွင့်ဟပြောကြားလိုက်သည်။

၂၀၀၉ ခုနှစ်တွင် လူ ၂၆ ဦးဖြင့် စတင်တည်ထောင်ခဲ့သည့် AA တွင် သေနတ်တစ်လက်သာရှိခဲ့သောကြောင့် ခက်ခဲကြမ်းတမ်းနေသည့်အချိန်တွင် ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်က လက်နက် ၁၀၀ လက်ဆောင်ပေးခဲ့သည်ဟု မတ်လ ၂၉ ရက်နေ့ကပြုလုပ်သည့် ဦးဖုန်ကြားရှင်၏ ဈာပနာအခမ်းအနားတွင် ဗိုလ်ချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့ဟာ အဲဒီသေနတ် ၁၀၀ ရယ်၊ RPG နှစ်လက်ရယ်။ အဲဒါကိုကိုင်ပြီးမှ ရခိုင်ပြည်ကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပါတယ်။ ဒီကိစ္စဟာ ကျနော်တို့ရခိုင်တော်လှန်ရေးအတွက် အင်မတန် အရေးပါတဲ့ကိစ္စကြီးတစ်ခုဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။

ထိုသို့ကူညီပေးခဲ့မှုများကြောင့် လက်ရှိတွင် ရက္ခိုင့်တပ်တော်(AA)တွင် တပ်ရင်းတစ်ရင်း၌ လူသုံးရာခန့်ဖြင့် တပ်ရင်းရာချီရှိနေပြီး မဟာမိတ်အဖွဲ့အစည်းများနှင့်လက်တွဲကာ တိုက်ပွဲဝင်လျက်ရှိကြောင်းလည်း ဗိုလ်ချုပ်ကဆက်လက်ပြောသည်။

“ဒီအချက်တစ်ချက်တည်းကို ကြည့်ခြင်းအားဖြင့် ကိုးကန့်နဲ့ကျနော်တို့ ရခိုင်မဟာမိတ်ညီအစ်ကိုတွေကြားမှာ ဘယ်လောက်ထိ ကြီးကျယ်နက်ရှိုင်းတဲ့ ပတ်သက်မှုနဲ့သံယောဇဉ်တွေကို တည်ဆောက်ခဲ့ကြတယ်ဆိုတာကို အတိအကျမြင်နိုင်ပါတယ်”ဟု AA စစ်ဦးစီးချုပ်က ဆိုသည်။

“ခေါင်းဆောင်ကြီး ဦးဖုန်ကြားရှင်နဲ့ MNDAA အဖွဲ့အစည်းဟာ ကျနော်တို့ရခိုင်၊ တအာန်းတော်လှန်ရေးအတွက် အင်မတန်မှအရေးပါပြီး တန်ဖိုးရှိတဲ့မိတ်ဆွေတွေအဖြစ် မိမိတို့ကလေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်”ဟုလည်း စစ်ဦးချုပ်က ဆက်လက်ပြောဆိုသည်။

ဦးဖုန်ကြားရှင်သည် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၆ ရက် နံနက်ပိုင်းက မိုင်းလားမြို့တွင် လူကြီးရောဂါဖြင့်ကွယ်လွန်သွားခဲ့သည်။၎င်း၏ဈာပနာအခမ်းအနားကို မိုင်းလားမြို့တွင် မတ်လ ၂၉ ရက်နေ့မှစတင်ကာ သုံးရက်ကြာကျင်းပမည်ဖြစ်ကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ တက်ရောက်နေကြသည်။

AA ကို ၂၀၀၉ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် ကချင်ပြည်နယ်၊KIO ဌာနချုပ်ရှိရာလိုင်ဇာတွင် စတင်တည်ထောင်ခဲ့ပြီး ရခိုင်ပြည်အတွင်းတွင် မြန်မာစစ်တပ်နှင့် ၂၀၁၈ ခုနှစ်ကုန်းပိုင်းမှစတင်ကာ ၂၀၂၀ ခု၊ နိုဝင်ဘာလပထမပတ်အထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။

ရက္ခိုင့်တပ်တော်(AA)သည် ကချင်လွတ်မြောက်ရေးတပ်မတော်(KIO)၊ ကိုးကန့်တပ်ဖွဲ့(MNDAA)၊ တအာင်းလွတ်မြောက်ရေးတပ်မတော်(TNLA)တို့နှင့် မဟာမိတ်အဖွဲ့အစည်းများဖြစ်ပြီး ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)အဖွဲ့ဦးဆောင်သည့် FPNCC တွင်လည်း အဖွဲ့ဝင်အဖြစ်ပါဝင်နေသည်။

ဗီဒီယိုများ