ကုလားတန်စီမံကိန်း အကောင်အထည်ဖော်ရာတွင် လုံခြုံရေးအခြေအနေကြောင့် ကြန့်ကြာမှုများရှိနေ

ရခိုင်နှင့်ချင်းပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှုများရှိနေသောကြောင့် ကုလားတန်မြစ်ကြောင်းဘက်စုံသုံးစီမံကိန်း အကောင်ထည်ဖော်ရာတွင် လုံခြုံရေးအခြေနေအရ ကြန့်ကြာမှုများရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Shri Saurabh Kumar က ပြောသည်။

By ကျော်သူဋ္ဌေး 25 Jan 2020

ကျော်သူဌေး | DMG
ဇန်နဝါရီ ၂၄၊ စစ်တွေ

ရခိုင်နှင့်ချင်းပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားမှုများရှိနေသောကြောင့် ကုလားတန်မြစ်ကြောင်းဘက်စုံသုံးစီမံကိန်း အကောင်ထည်ဖော်ရာတွင် လုံခြုံရေးအခြေနေအရ ကြန့်ကြာမှုများရှိနေကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Shri Saurabh Kumar က ပြောသည်။

ချင်းပြည်နယ် ပလက်ဝမှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဇိုရင်ပူအထိ မော်တော်ကားလမ်း ဖောက်လုပ်ရာတွင် လုံခြုံရေးအခြေအနေကြောင့် ကြန့်ကြာမှုများရှိနေခြင်းဟု ၎င်းက ဇန်နဝါရီလ ၂၁ ရက်နေ့တွင် မီဒီယာများကို ပြောခဲ့သည်။

“လမ်းလုပ်တဲ့နေရာမှာ တော်တော်အခက်ခဲရှိပါတယ်။ ဒါပေမယ့်လည်း ကျနော်တို့ အိန္ဒိယအစိုးရအနေနဲ့ကတော့ ဒီလမ်းပြီးစီးအောင် အကောင်အထည်ဖော်ဆောင်မှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ်ဆို ဒီလမ်းဟာ အကောင်အထည်ဖော်သွားရင် ရခိုင်ပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေအတွက် အကျိုးခံစားခွင့်ရှိမှာကို မျှော်လင့်လို့ပါ။ အဲဒါကြောင့် ကျနော်တို့ ဒီလမ်းကို အခက်အခဲရှိပေမယ့်လည်း အိန္ဒိယနိုင်ငံအစိုးရအနေနဲ့ကတော့ လမ်းကိုအမြန်ဆုံးနဲ့ အကောင်ထည်ဖော်သွားမှာဖြစ်ပါတယ်” ဟု H.E. Shri Saurabh Kumar ကပြောသည်။

လက်ရှိဆောင်ရွက်နေသောစီမံကိန်းမှာ ရခိုင်ပြည်သူများ အကျိုးရှိမည့်ကိစ္စဖြစ်သည့်အတွက်  မည်သည့်ပါတီမဆို၊ မည်သည့်ဌာနဆိုင်ရာမဆို ဝိုင်းဝန်းကူညီပူးပေါင်းပေါင်းဆောင်ရွက်ရန် မျှော်လင့်မိကြောင်းနှင့် မိမိတို့အနေဖြင့်လည်း အမြန်ဆုံး အကောင်ထည်ဖော်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယခုဖောက်လုပ်နေသည့် လမ်းပြီးစီးသွားပါက စစ်တွေဆိပ်ကမ်းမှ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ဆက်သွယ်သွားလာနိုင်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်နှင့် အိန္ဒိယနိုင်ငံတို့ ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်လာနိုင်မည်ဟု အိန္ဒိယအစိုးရဘက်က ပြောထားသည်။

အဆိုပါ စီမံကိန်းတွင် ပါဝင်သည့် စစ်တွေမြို့မှ ဆိပ်ကမ်းနှင့် ပလက်ဝမှဆိပ်ကမ်းတို့ ဆောက်လုပ်ပြီးစီးနေပြီ ဖြစ်ကာ လုပ်ငန်းများလည်ပတ်နိုင်ရန်အတွက် စိတ်ဝင်စားသော ကွန်ထရစ်တာများ၊ လုပ်ငန်းရှင်များကို စီစစ်ရွေးချယ်နေပြီဟု အိန္ဒိယသံရုံးက ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ စီမံကိန်းကို ၂၀၁၀ ခုနှစ်က စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး အိန္ဒိယကုမ္ပဏီ Essar က တာဝန်ယူတည်ဆောက်နေခြင်း ဖြစ်သည်။

ဗီဒီယိုများ