စစ်ကြောရေးတွင် နှိပ်စက်ခံရ၍ မြောက်ဦးဒေသခံတစ်ဦး ဆေးကုသနေရဟု မိသားစုဝင်များဆို

မြန်မာစစ်တပ်၏ စစ်ကြောရေးစခန်းတွင် နှိပ်စက်ခံရမှုကြောင့် မြောက်ဦးမြို့၊ ကျောက်ရာဇ်ကေရပ်ကွက်မှ အမျိုးသားတစ်ဦးမှာ ဒဏ်ရာများစွာရရှိခဲ့ကာ ရန်ကုန်သို့သွားရောက်ပြီး ဆေးကုသမှုခံယူနေရသည်ဟု မိသားစုဝင်များကပြောသည်။

19 Jul 2022

စစ်ကြောရေးတွင် နှိပ်စက်ခံရမှုကြောင့် ကိုကျော်ဝင်းလှိုင်မှာ ရန်ကုန်တွင် ဆေးကုသမှုခံယူနေရသည်။ ဓာတ်ပုံ-ပေးပို့

DMG ၊ ဇူလိုင် ၁၉

မြန်မာစစ်တပ်၏ စစ်ကြောရေးစခန်းတွင် နှိပ်စက်ခံရမှုကြောင့် မြောက်ဦးမြို့၊ ကျောက်ရာဇ်ကေရပ်ကွက်မှ အမျိုးသားတစ်ဦးမှာ ဒဏ်ရာများစွာရရှိခဲ့ကာ ရန်ကုန်သို့သွားရောက်ပြီး ဆေးကုသမှုခံယူနေရသည်ဟု မိသားစုဝင်များကပြောသည်။

အသက် ၂၂ နှစ်အရွယ် သုံးဘီးဆိုင်ကယ်မောင်းသူ ကိုကျော်ဝင်ဝင်းလှိုင်ကို ဇွန်လ ၂၂ ရက်နေ့က နေအိမ်ထွက်လာစဉ် မြန်မာစစ်တပ်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ယင်းနောက် နှိပ်စက်မှုဒဏ်ကြောင့် ဒဏ်ရာရရှိသွားသဖြင့် ဇူလိုင်လ ၃ ရက်နေ့တွင် ရန်ကုန်သို့ ပို့ဆောင်လိုက်ရသည်ဟု ဇနီးဖြစ်သူ မလှလှမြင့်ကဆိုသည်။

"ခရိုင်ရဲမှူးကြီးက နင့်ယောကျာ်းနေမကောင်းလို့ ဆေးရုံတင်ရမယ်ဆိုပြီး ဖုန်းဆက်လာတယ်။ ပထမတော့ စစ်တွေပို့တာပါ။ စစ်တွေဆေးရုံကြီးမှာ ကျောက်ကပ်နဲ့ပတ်သက်တဲ့ ရောဂါစစ်ဆေးတဲ့စက်ပျက်နေလို့ ရန်ကုန်ကို အရေးပေါ်ထပ်ပို့လိုက်ရတာပါ။သူ့မှာ နဂိုဘာရောဂါအခံမှမရှိပါဘူး။ အဖမ်းခံရတဲ့အချိန်အတွင်းမှာ ဒီလိုဖြစ်သွားရတာပါ။ အပြင်ဒဏ်ရာတွေရော၊ အတွင်းဒဏ်ရာတွေရောရသွားလို့ အရေးပေါ်ကုသနေရတာပါ"ဟု ၎င်းကပြောသည်။

လက်ရှိတွင် ၎င်းမှာ ကျောက်ကပ်ထိခိုက်သွားသည့်အပြင် လက်များနှင့် ခြေတို့တွင်လည်း ရိုက်နှက်ထားသည့်ဒဏ်ရာများရရှိသွားသဖြင့် စိုးရိမ်ရသည်ဟု မိသားစုဝင်များကဆိုကြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး မြောက်ဦးခရိုင်ရဲမှူးကြီးအား ဆက်သွယ်ရာတွင် ၎င်းမှာ ကျောက်ကပ်ရောဂါအခံရှိသောကြောင့် ဆေးကုသရန်လိုအပ်သဖြင့် မိသားစုဝင်များကို ဆက်သွယ်လိုက်ခြင်းဟု ဆိုသည်။

“ရခိုင်မှာလည်း ကျောက်ကပ်ဆေးတဲ့စက်မရှိတော့ ရန်ကုန်ကိုပို့လိုက်ရတာပေါ့။ မိသားစုက အရမ်းဆင်းရဲတဲ့အတွက် လမ်းစရိတ်တွေကိုလည်း ကျနော်တို့ဖက်က ကျခံပေးလိုက်တယ်။ ပြီးတော့ မိသားစုတွေစိတ်ထဲမှာလည်း သူ့ယောကျ်ားကို မတရားဖမ်းဆီး သတ်ပုတ်တယ်လို့ထင်နေကြတဲ့အတွက် မိသားစုတွေကိုပါ တစ်ပါတည်းလိုက်သွားဖို့ ခွင့်ပြုပေးလိုက်တယ်”ဟု ၎င်းကပြောသည်။

ကိုကျော်ဝင်းလှိုင်အား မြန်မာစစ်တပ်က နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာပုဒ်မ- ၅၀၅ ဖြင့် အမှုဖွင့်ထားသည်ဟုလည်း သတင်းကြားထားရသဖြင့် ဆေးရုံမှဆင်းလျှင် ထပ်မံဖမ်းဆီးခံရမည်ကို စိုးရိမ်နေကြောင်း မလှလှမြင့်ကဆိုသည်။

"အခုလည်း သူ့ကို အမှုဖွင့်ထားတယ်လို့သိရတယ်။၅၀၅(က)လား (ခ)လားဆိုတာတော့ မသိရသေးဘူး။ အမှုဖွင့်ထားတဲ့အကြောင်းကိုလည်း ဆေးရုံမှာ ကျမယောကျာ်းကို လုံခြုံရေးယူထားတဲ့ တပ်သားတွေဆီကတဆင့် ကြားသိရတာပါ။ ဘာပဲဖြစ်ဖြစ် အခုလိုအမှုဖွင့်တာကိုတော့ စိတ်မကောင်းဘူး။ ကျန်းမာရေးလည်းမကောင်းဘဲ ဆေးရုံကဆင်းရင် ထပ်အဖမ်းခံရအုံးမှာဆိုတော့ တစ်ခုခုထပ်ဖြစ်မှာကို တွေးပြီးစိတ်ပူနေရတယ်"ဟု ၎င်းကဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် မြန်မာစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။

ပြီးခဲ့သည့်ဇွန်လ ၂၁ ရက်နေ့က မြောက်ဦးမြို့မှ စရဖသုံးဦးအား ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားခဲ့ပြီးနောက် စစ်ကောင်စီမှ မြို့ထဲ၌သွားလာနေသူများအား ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခဲ့သောကြောင့် ဒေသခံအများအပြား ဖမ်းဆီးခံရစဉ်တွင် ကိုကျော်ဝင်းလှိုင်လည်း ပါဝင်သွားခဲ့ခြင်းဖြစ်သည်။

ယင်းထဲမှ တချို့မှာ စစ်ဆေးပြီးနောက်ပြန်လွတ်လာသူများရှိသော်လည်း ကိုကျော်ဝင်းလှိုင်အပါအဝင် ဒေသခံရှစ်ဦးမှာ ပြန်မလွတ်ဘဲ ယနေ့အထိ ဖမ်းဆီးခံထားရပြီး အမှုဖွင့်ခံထားရကြောင်းလည်း စုံစမ်းသိရှိရသည်။

ဗီဒီယိုများ