ပြင်ပဆောင်းပါးရှင် ကျော်လင်း(ရောင်စုံ) တိုက်ခိုက်ခံရမှုကို စစ်ဆေးပေးရန် CPJ တောင်းဆို

ပြင်ပဆောင်းပါးရှင်တစ်ဦးဖြစ်သည့် စာရေးဆရာ ကျော်လင်း(ရောင်စုံ) တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး စုံစမ်း စစ်ဆေးပေးရန် နယူးယောက်အခြေစိုက် သတင်းသမားများ အကာအကွယ်ပေးရေးကော်မတီ (CPJ)က မေလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

By နှင်းနွယ် 16 May 2020

နှင်းနွယ် | DMG
မေ ၁၆ ၊ စစ်တွေ

ပြင်ပဆောင်းပါးရှင်တစ်ဦးဖြစ်သည့် စာရေးဆရာ ကျော်လင်း(ရောင်စုံ) တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး စုံစမ်း စစ်ဆေးပေးရန် နယူးယောက်အခြေစိုက် သတင်းသမားများ အကာအကွယ်ပေးရေးကော်မတီ (CPJ)က မေလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မေလ ၁၃ ရက်နေ့က စစ်တွေမြို့ရှိ နေအိမ်ရှေ့၌ဖုန်းပြောနေစဉ် ဆိုင်ကယ်စီးနင်းလာသူလူနှစ်ဦးမှ ဂျင်ဂလိဖြင့် လာရောက်ပစ်ခတ်ခဲ့သဖြင့် ကိုကျော်လင်းမှာ ရင်ဘတ်၌ဒဏ်ရာရရှိကာ စစ်တွေဆေးရုံကြီးတွင် ကုသမှုခံယူ ခဲ့ရသည်။

“သူတို့က ကျနော့်ကို သီးသန့်ရည်စူးပြီးတော့ပစ်တာ။ ကျနော်မှာ ပြင်ပကလူတွေနဲ့ ဘာရန်ငြိုးရန်စမှလည်း မရှိဘူး”ဟု ကိုကျော်လင်းက ပြောသည်။

ယခင်က မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဝေဖန်စာများတင်ထားသည်ကို ပြီးခဲ့သည့်ဧပြီလက Facebook လူမှုကွန်ယက်ပေါ် ပြန်တင်ခဲ့သဖြင့် ယခုကဲ့သို့ တိုက်ခိုက်ခံရသည်ဟုထင်ကြောင်း ၎င်းကဆက်ပြောသည်။

ကိုကျော်လင်းသည် Myanmar Now နှင့် DMG သတင်းမီဒီယာများတွင် အတွေးအမြင်ဆောင်းပါးများကို ရေးသားနေသူဖြစ်သည်။

ကိုကျော်လင်းတိုက်ခိုက်ခံရသည့်ကိစ္စမှာ ၎င်း၏သတင်းသမားအလုပ်ကြောင့် ဟုတ်၊ မဟုတ်ကို မြန်မာအာဏာ ပိုင်များအနေဖြင့် ဘက်လိုက်မှုမရှိဘဲ စုံစမ်းစစ်ဆေးပေးရန်လိုကြောင်း သတင်းသမားများအကာအကွယ် ပေးရေးကော်မတီက ထုတ်ပြန်ထားသည်။

မိမိနေအိမ်၌နေ၍ တိုက်ခိုက်ခံရခြင်းသည် စစ်တွေမြို့ အုပ်ချုပ်ရေးပိုင်း ယိုယွင်းပျက်စီးလာနေခြင်းကြောင့်ဟု ကိုကျော်လင်းက ဆိုသည်။

“အခုဖြစ်စဉ်အတိုင်းဆိုရင် ကိုယ့်အိမ်မှာနေတာတောင် ကိုယ့်အသက်အတွက် မလုံခြုံတော့ဘူး။ ပြည်သူတွေ အတွက်လည်း မလုံခြုံတော့ဘူး။ အစိုးရရဲ့အုပ်ချုပ်မှုယန္တရားက ပျက်စီးနေတဲ့အတွက် လူတယောက်ကို သတ်ချင်သလိုသတ်လို့ရတဲ့ အနေအထားထိတောင် ဖြစ်လာနေပြီ”ဟု ၎င်းကပြောသည်။

ကိုကျော်လင်း တိုက်ခိုက်ခံရခြင်းသည် ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့ က လည်း စစ်တွေမြို့တွင် ဓားဖြင့်အထိုးခံခဲ့ရသည်။

ဗီဒီယိုများ