အမှုဖွင့်ခံရပြီးနောက် တပ်ပြေးအဖြစ်ခေါ်ဆောင်ခံရသည့် ရမ်းဗြဲဒေသခံတစ်ဦး သုံးလခန့်ကြာသည့်အထိ မိသားစုနှင့်အဆက်အသွယ်မရ

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခံခဲ့ရသည့် ရမ်းဗြဲမြို့နယ်၊ ကုလားပုန်းကျေးရွာမှ ကိုထွန်းမင်းစိုးမှာ အမှုဖွင့်ခံရပြီးနောက် ကျောက်ဖြူမြို့မရဲစခန်း၌ ထိန်းသိမ်းခံထားရစဉ် တပ်ပြေးဟုဆိုကာ တပ်မတော်မှပြန်ခေါ်ဆောင်သွားခဲ့ပြီး ၃ လနီးပါးကြာသည်အထိ အဆက်အသွယ်မရရှိဘဲ ပျောက်ဆုံးနေကြောင်း မိသားစုဝင်များထံမှ သိရသည်။

By နှင်းနွယ် 30 Jan 2021


နှင်းနွယ် | DMG
ဇန်နဝါရီ ၃၀ ၊ စစ်တွေ

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခံခဲ့ရသည့် ရမ်းဗြဲမြို့နယ်၊ ကုလားပုန်းကျေးရွာမှ ကိုထွန်းမင်းစိုးမှာ အမှုဖွင့်ခံရပြီးနောက် ကျောက်ဖြူမြို့မရဲစခန်း၌ ထိန်းသိမ်းခံထားရစဉ် တပ်ပြေးဟုဆိုကာ တပ်မတော်မှပြန်ခေါ်ဆောင်သွားခဲ့ပြီး ၃ လနီးပါးကြာသည်အထိ အဆက်အသွယ်မရရှိဘဲ ပျောက်ဆုံးနေကြောင်း မိသားစုဝင်များထံမှ သိရသည်။

“သေပြီဆိုလည်းသေပြီ။ သက်ရှိထင်ရှားရှိသေးတယ်ဆိုလည်း ရှိသေးတယ်ဆိုတာမျိုးပေါ့။ အဲဒီလောက် ဆိုလည်းကျေနပ်ပြီ။ ပြီးတော့ သူကဒီအကြမ်းဖက်အမှုတွေနဲ့ ပတ်သက်တာလည်းမဟုတ်ဘူး။ အမှုဆိုလည်း တပ်ပြေးတစ်မှုဘဲရှိတာ’’ ဟု ကိုထွန်းမင်းစိုး၏ ဇနီး မစိုးနှင်းဝေက DMG သို့ပြောသည်။

ကိုထွန်းမင်းစိုးသည် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ တပ်မတော် တပ်မ(၁၁)တွင် တာဝန်ထမ်းဆောင်ခဲ့ကာ မိမိနေရပ်သို့ပြန်ရောက်ပြီး လုပ်ကိုင်စားသောက်နေသည်မှာ ၂ နှစ်ခန့်ရှိနေပြီဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

လက်ရှိတွင် ခင်ပွန်းဖမ်းဆီးခံထားရသည့်အတွက် လုပ်ကိုင်ရှာဖွေပေးမည့်သူမရှိသဖြင့် မိသားစုစားဝတ်နေရေး အခက်အခဲဖြစ်နေသည်ဟု ဇနီးဖြစ်သူကဆိုသည်။

ကိုထွန်းမင်းစိုး၏ဖခင် ဦးထွန်းယဉ်ဦးက “ကျနော်တို့ကတော့ သူ့ကိုတပ်ပြေးအဖြစ် ထောင်ဒဏ်ချမယ်ဆိုလည်း ချပစ်၊ လက်ခံတယ်။ တကယ်လို့ အကြမ်းဖက်မှာပါဝင်လို့ အကြမ်းဖက်နဲ့ထောင်ချမယ်ဆိုလည်း ချပစ်။ တရား ဥပဒေအတိုင်းပဲပေါ့။ ဒါပေမယ့် အခုတော့ဘယ်နေရာမှရှိမှန်းလည်းမသိရဘူး’’ ဟု ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်မှူးချုပ် ရဲရင့်အောင်တို့အား DMG က ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။

ကိုထွန်းမင်းစိုးအပါအဝင် ကုလားပုန်းကျေးရွာသား(၅)ဦးတို့အား ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ အတွင်းက တပ်မတော်စစ်ကြောင်းတစ်ခုမှ စစ်ဆေးစရာရှိသည်ဟုဆိုကာ နေအိမ်အတွင်းမှ ဖမ်းဆီးခေါ်ဆောင် သွားခြင်းဖြစ်ကြောင်း မိသားစုဝင်များကပြောဆိုသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၉ ရက် နေ့ထုတ်ပြန်ချက်တွင်မူ ၎င်းတို့ ၅ ဦးမှာ ရမ်းဗြဲမြို့၊ တန်းဇင်းမြစ်အတွင်းသွားလာနေသည့် တပ်မတော်စစ်ရေယာဉ်များအား နှောင့်ယှက်ပစ်ခတ် မှုတွင်ပါဝင်ခဲ့သော AA အကြမ်းဖက်သောင်းကျန်းသူများထဲတွင်ပါဝင်ကြောင်း ထုတ်ပြန်ခဲ့သည်။

ယင်းနောက် အဆိုပါရွာသား ၅ ဦးထဲမှ ကိုထွန်းမင်းစိုးအပါအဝင် ၄ ဦးအား ကျောက်ဖြူမြို့မရဲစခန်းသို့ အပ်နှံကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(က)(ည)၊ ၅၂(က)ဖြင့် ရမ်းဗြဲမြို့မရဲစခန်း၌ အမှုဖွင့် ခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုများ