ရမ်းဗြဲတွင် ဒေသခံတစ်ဦးအား အကြမ်းဖက်ဥပဒေဖြင့်အမှုဖွင့်ပြီးနောက် တပ်မှပြန်ခေါ်ဆောင်သွား

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကုလားပုန်းကျေးရွာသားတစ်ဦးအား ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခဲ့ပြီး ရဲစခန်း၌ထိန်းသိမ်းထားစဉ် တပ်မတော်မှပြန်လည် ခေါ်ဆောင်သွားခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။

By နှင်းနွယ် 19 Nov 2020

နှင်းနွယ် | DMG
နိုဝင်ဘာ ၁၉ ၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကုလားပုန်းကျေးရွာသားတစ်ဦးအား ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်ဥပဒေဖြင့် အမှုဖွင့်ခဲ့ပြီး ရဲစခန်း၌ထိန်းသိမ်းထားစဉ် တပ်မတော်မှပြန်လည် ခေါ်ဆောင်သွားခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။

ဖမ်းဆီးခေါ်ဆောင်ခံရသူမှာ ကုလားပုန်းကျေးရွာနေ ကိုထွန်းမင်းစိုးဖြစ်ပြီး ၎င်းအား ကျောက်ဖြူမြို့မရဲစခန်း၌ ထိန်းသိမ်းထားသည်ကို ကြားသိရသဖြင့် မိသားစုဝင်များက သွားတွေ့ခဲ့ရာ ရဲစခန်း၌မရှိတော့ဘဲ တပ်မတော်သားများမှ ပြန်လည်လာရောက် ခေါ်ဆောင်သွားကြောင်း ကိုထွန်းမင်းစိုး၏ဖခင်ဖြစ်သူ ဦးထွန်းလှိုင်ဦးက DMGသို့ပြောသည်။

“ကျနော်တို့ ကျောက်ဖြူမြို့မရဲစခန်းကို လိုက်သွားတော့ သားအငယ်ကိုပဲ တွေ့ခဲ့ရတယ်။ သားကြီးက မရှိတော့ဘူး။ တပ်ထွက်ဆိုပြီးတော့ သူ့ကို တပ်ရင်း(၃၄)ကိုခေါ်ယူသွားတယ်လို့သိရတယ်။ဒါကြောင့် ကျနော်တို့တပ်ရင်းကို ဖုန်းလှမ်းဆက်ကြည့်တော့ ကုလားပုန်းရွာသားတစ်ဦးတော့ ရှိတယ်ဆိုပြီး တာဝန်ရှိသူတစ်ဦးက ပြန်ဖြေတယ်” ဟု၎င်းကပြောသည်။

ကိုထွန်းမင်းစိုးအား ရဲစခန်းသို့လွှဲပြောင်းအပ်နှံပြီးမှ တပ်ပြေးဟုဆိုကာ တပ်မတော်ဘက်မှ ပြန်လည်ခေါ် ဆောင်သွားပြီး မိသားစုဝင်များနှင့် တွေ့ခွင့်မပေး၍ ခင်ပွန်းဖြစ်သူအား စိုးရိမ်မိနေကြောင်း ကိုထွန်းမင်းစိုး၏ ဇနီးဖြစ်သူ မစိုးနှင်းဝေက ဆိုသည်။

“ဒီလောက် တိုက်ပွဲတွေဖြစ်နေတဲ့ကြားထဲမှာ ထွက်ပြေးရမလားဆိုပြီး ဒေါသနဲ့ သူ့ကိုသတ်ပစ်လိုက်ကြမှာလည်း စိုးရိမ်တယ်။ ဒီထက်ပိုပြီးစိုးရိမ်တာက ကျမတို့စားစရာတွေ သွားပေးတော့ တပ်ကလုံခြုံရေးတွေက အော် ငေါက်လွှတ်လိုက်တော့ သူ့ကိုတစ်ခုခုများ လုပ်လိုက်ကြပြီလားဆိုပြီး အရမ်းကြောက်နေတယ်” ဟု ၎င်းကပြောသည်။

ကိုထွန်းမင်းစိုးသည် ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ရှိ တပ်မ(၁၁)မှာ တာဝန်ထမ်းဆောင်ခဲ့ကာ မိမိနေရပ်သို့ ပြန်ရောက်ပြီး ရိုးရိုးသားသားလုပ်ကိုင်စားသောက်နေသည်မှာ နှစ်နှစ်ခန့်ရှိနေပြီဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

၎င်းအပါအဝင် ကုလားပုန်းကျေးရွာသား(၅)ဦးတို့မှာ တပ်မတော်ရေယာဉ်အား ပစ်ခတ်မှုဖြစ်စဉ်တွင် ပါဝင်သည် ဟုဆိုကာ တပ်မတော်က ကျေးရွာအတွင်းသို့ လာရောက်ဖမ်းဆီးခဲ့ပြီး ယင်းထဲမှလေးဦးအား ကျောက်ဖြူမြို့မရဲစခန်းသို့ လွှဲပြောင်းကာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)(ည)၊၅၂(က)ဖြင့် ရမ်းဗြဲမြို့မရဲစခန်း၌ အမှုဖွင့်ထားသည်။

အလားတူ တပ်မတော်ရေယာဉ်အား ပစ်ခတ်မှုတွင် ပါဝင်သည်ဟုဆိုကာ သံသယဖြင့် ဖမ်းဆီးအမှုဖွင့်ခံထားရသည့် စနဲမြို့ဒေသခံနှစ်ဦးမှာလည်း မိသားစုဝင်များနှင့် တွေ့ခွင့်မရဘဲ ကျောက်ဖြူမြို့အကျဉ်းထောင်၌ ဖမ်းဆီးထိန်းသိမ်းခံထားရသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်ထံ၂၀၂၀ပြည့်နှစ် ဇွန်လကနေ ယနေ့(နိုဝင်ဘာလ ၁၉ရက်နေ့)အထိ သံသယဖြင့်ဖမ်းဆီးခံထားရသူစုစုပေါင်း (၁၀၄)ဦးထိရှိနေသည်။

ဗီဒီယိုများ