ရမ်းဗြဲမြို့ပေါ်တွင် လာရောက်ခိုလှုံနေကြသည့် ဒေသခံ ၄၀၀ကျော် နေရပ်ပြန်

တပ်မတော်သားများ ဝင်ရောက်လာခြင်းကြောင့် မိမိကျေးရွာမှ ထွက်ခွာလာကာ ရမ်းဗြဲမြို့ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေခဲ့သည့် ဒေသခံ ၄၀၀ ကျော်မှာ မနေ့က နိုဝင်ဘာလ ၁၆ ရက်တွင် မိမိနေရပ်ကို ပြန်လည်ထွက်ခွာသွားကြပြီဖြစ်ကြောင်း သတင်းရရှိသည်။

By အောင်ကောင်းဇော် 17 Nov 2020

အောင်ကောင်းဇော် | DMG
နိုဝင်ဘာ ၁၇ ၊ ရမ်းဗြဲ

တပ်မတော်သားများ ဝင်ရောက်လာခြင်းကြောင့် မိမိကျေးရွာမှ ထွက်ခွာလာကာ ရမ်းဗြဲမြို့ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေခဲ့သည့် ဒေသခံ ၄၀၀ ကျော်မှာ မနေ့က နိုဝင်ဘာလ ၁၆ ရက်တွင် မိမိနေရပ်ကို ပြန်လည်ထွက်ခွာသွားကြပြီဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ ဒေသခံများမှာ ရမ်းဗြဲမြို့နယ် ကုလားပုန်းကျေးရွာအုပ်စုမှ ကုကားပုန်း၊ မြို့ချွိန်၊ မော်ရုံ ငညိုကိုင်း စသည့်ကျေးရွာမှ ဒေသခံများ ဖြစ်ကြပြီး တပ်မတော်စစ်ကြောင်းများ ဝင်ရောက်လာခြင်းကြောင့် ကြောက်လန့်ကာ နိုဝင်ဘာလ ၇ ရက်နေ့က မြို့ပေါ်သို့ ထွက်ပြေးလာကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုထားသည်။

ယခု တပ်မတော်စစ်ကြောင်းများက အဆိုပါကျေးရွာများမှ ထွက်ခွာသွားပြီဟု သိရှိရခြင်းကြောင့် ဒေသခံများမှာ မိမိနေအိမ်များသို့ ပြန်ကြခြင်းဖြစ်ကြောင်း ရမ်းဗြဲမြို့နယ်မှ လိုက်ပါကူညီဆောင်ရွက်ပေးနေသူ ကိုထွန်းနိုင်က ပြောသည်။

"မနေ့က သူတို့ရွာကို သူတို့ပြန်ကြတယ်။ အဲဒီမှာ တပ်မတော်ကလည်း မရှိတော့ဘူး၊ အေးအေးဆေးဆေးလည်း ဖြစ်နေပြီဆိုတော့ တောင်ယာလုပ်ကိုင်သူတွေဆိုတော့ စပါးရိတ်သိမ်းဖို့ အမြန်ပြန်ကြတာပေါ့" ဟု သူကပြောသည်။

အဆိုပါ ထွက်းပြေးတိန်ရှောင်လာသော ဒေသခံများမှာ ၁၀ ကြာအထိ ရမ်းဗြဲမြို့ တောင်ကျောင်း (ဘက )စာ သင်ကျောင်း၊ တန်းနားပြင်ဘုန်တော်ကြီးကျောင်း၊ ဓမ္မနိမိသာရုံစာသင်တိုက်တို့တွင် နေထိုင်ခဲ့ကြသည်။

ယခုလက်ရှိတွင် တပ်မတော်စစ်ကြောင်းများက ရမ်းဗြဲမြို့နယ်ရှိ မြို့ချွိန်ကျေးရွာမှ ဒေသခံ ကိုအောင်ဌေးဝင်း (၁၉)နှစ်၊ ကိုညီစစ် (ခ)ညီထွေး (၁၈) ကိုထွန်းမင်းစိုး (၂၄) နှစ်၊ ကိုစွမ်းရဲထက် (၁၅) နှစ်နှင့် ကိုစိုးမောင်ချေ (၂၅) နှစ်တို့ကို ဖမ်းဆီးခေါ်ဆောင်ထားကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဖမ်းဆီးထားသူ ၅ ဦးမှ ၄ ဦးကို ကျောက်ဖြူ ရဲစခန်းတွင် ထိန်းသိမ်းခံထားရသည်ဟု သိရှိထားရပြီး ကိုထွန်းမင်းစိုးမှာ မည်သည့်နေရာတွင်ရှိသည်ကို မသိရသည့်အတွက် မိသားဟုဝင်များအနေဖြင့် အထူးစိတ်ပူနေကြောင်း ညီဖြစ်သူ ကိုညီခင်ထွေးကပြောသည်။

“ကျန်တဲ့ လူတွေကိုတော့ ကျောက်ဖြူ ရဲစခန်းမှာ ရောက်နေပြီလို့ သိထားရတယ်။ ဒါပေမဲ့ ကျွန်တော့်အကိုဖြစ်တဲ့ ကိုထွန်းမင်းစိုးကိုတော့ ဘယ်မှာထားတယ်ဆိုတာကိုလည်း မသိရဘူး၊ အဆက်အသွယ် မရတဲ့အတွက် အရမ်းစိုးရိမ်တယ်” ဟု ပြောဆိုသည်။

အဆိုပါ ဖမ်းဆီးခံထားရသူများမှာ တပ်မတော်မှထုတ်ပြန်သကဲ့သို့ AA အဖွဲ့ဝင်များ မဟုတ်သလို၊ ထိုသူများမှာ ဂဏန်းဖမ်း၊ ငါးရှာသည့် ရေလုပ်ငန်း လုပ်ကိုင်စားသောက်သူများသာဖြစ်တယ်ဟုလည်း မိသားစုဝင်များက ပြောဆိုထားသည်။

လက်ရှိတွင် ကျောက်ဖြူရဲစခန်းသို့ရောက်ရှိ နေသော သူ ၄ ဦးမှာ ကျောက်ဖြူရဲစခန်းတွင် အကြမ်းဖက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်ခံထားရကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဗီဒီယိုများ