စစ်တွေမြို့နယ်ရှိ ကမန်တိုင်းရင်းသား အထက်တန်းကျောင်းသားများ ကျောင်းအပ်နှံခွင့်မရရှိသေးဟုဆို

ရခိုင်ပြည်တွင် ဇွန်လ ၂ ရက်နေ့က အခြေခံပညာစာသင်ကျောင်း ၃၀၀၀ ကျော်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား/သူ ၄ သိန်းကျော် ကျောင်းအပ်နှံ့ထားပြီဖြစ်သော်လည်း စစ်တွေမြို့နယ်ရှိ ကမန်တိုင်းရင်းသား အထက်တန်းကျောင်းသားများမှာ ကျောင်းအပ်ခွင့်မရရှိဖြစ်နေကြောင်း သတင်းရရှိသည်။

03 Jun 2022

(ဇွန်လ ၂ ရက်နေ့ကဖွင့်လှစ်သည့် အခြေခံပညာစာသင်ကျောင်းတွင် ကျောင်းတက်ရောက်နေသည့် ကျောင်းသားများကိုတွေ့ရစဉ်)

DMG ၊ ဇွန် ၃

ရခိုင်ပြည်တွင် ဇွန်လ ၂ ရက်နေ့က အခြေခံပညာစာသင်ကျောင်း ၃၀၀၀ ကျော်ဖွင့်လှစ်ခဲ့ပြီး ကျောင်းသား/သူ ၄ သိန်းကျော် ကျောင်းအပ်နှံ့ထားပြီဖြစ်သော်လည်း စစ်တွေမြို့နယ်ရှိ ကမန်တိုင်းရင်းသား အထက်တန်းကျောင်းသားများမှာ ကျောင်းအပ်ခွင့်မရရှိဖြစ်နေကြောင်း သတင်းရရှိသည်။

စစ်တွေမြို့နယ်ရှိ သက္ကယ်ပြင်၊ ရွာမ၊ သင်္ဂနက်၊ သာယာကုန်း စသည့် ကမန်ကျေးရွာများမှ အထက်တန်းကျောင်းသားများမှာ စစ်တွေတပ်နယ်မြေရှိ အ.ထ.က(၆)ကျောင်းသို့ (ဇွန်လ ၂ ရက်)က ကျောင်းအပ်နှံရန်သွားရောက်ခဲ့သော်လည်း ကျောင်းမအပ်ခဲ့ရကြောင်း သိရသည်။

အကြောင်းမှာ ကျောင်းတာဝန်ရှိသူတို့က ပြည်နယ်ပညာရေးမှူးကို တင်ပြရဦးမည်ဟုဆိုသဖြင့် ကျောင်းသားများကို ကျောင်းမအပ်ခဲ့ရခြင်းဖြစ်သည်ဟု ကမန်တိုင်းရင်းသားခေါင်းဆောင်တစ်ဦးက DMG ကိုပြောသည်။

“လောလောဆယ်မှာ လက်ခံလို့မရသေး။ အထက်ကိုတင်ပြရဦးမယ်တဲ့။ အထက်တန်းကျောင်းသားတွေဟာ အခုထိ ကျောင်းမတက်ရသေးပါဘူး”ဟု ကမန်လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက ပြောသည်။

အ.ထ.က(၆)ကျောင်းမှာ စစ်တွေမြို့ ခလရ(၂၀)အနီးတွင် တည်ရှိပြီး စစ်တပ်မိသားစု အများဆုံးတက်ရောက်ကြသည့် ကျောင်းဖြစ်သည်။

အဆိုပါကျောင်းတွင်တက်ရောက်ရန် အနီးပတ်ဝန်းကျင်ကျေးရွာများမှ အလယ်တန်းအဆင့်အောင်မြင်ပြီးသည့် ကမန်တိုင်းရင်းသား ကျောင်းသားများက သွားရောက်အပ်နှံခဲ့ခြင်းလည်းဖြစ်သည်။

ကမန်ကျောင်းသားများ ကျောင်းအပ်နှံခွင့်မရသည့်ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က ၎င်းတို့ထံသို့ ယင်းဖြစ်ရပ်များတင်ပြလာခြင်းမရှိသေးဟု DMG ကို ပြောသည်။

“ကျွန်တော်တို့တော့ မသိသေးဘူး။ ကျွန်တော်တို့ဆီကို တင်ပြလာတာ မရှိသေးဘူး။ မြို့နယ်ပညာရေးမှူးတွေ၊ ကျောင်းအုပ်ကြီးတွေက အဆင်ဆင့်တင်ပြလာလိမ့်မေ။ အခုကတော့ ကျနော့်ဆီကိုမတင်ပြသေးလို့ မသိသေးဘူး”ဟု ဦးဘထွီးစိန်ကပြောသည်။

စစ်တွေတပ်နယ် အ.ထ.က(၆)ကျောင်းသည် စစ်တပ်မိသားစုဝင် အများဆုံးတက်ရောက်သည့်ကျောင်းဖြစ်သည့်အတွက် ကန့်သတ်ထားမှုများရှိနိုင်ကြောင်းနှင့် အဆိုပါကျောင်းတွင်အဆင်မပြေပါက အနီးအနားရှိ တခြားသက္ကယ်ပြင်ကုန်း အ.ထ.ကကျောင်းတွင်တက်ရောက်ရန် အဆင်ပြေကြောင်းလည်း ဦးဘထွီးစိန်ကအကြံပြုသည်။

“အ.ထ.က(၆)ကတော့ စစ်တပ်ရဲ့ကျောင်းဖြစ်တယ်။ မိသားစုကျောင်းဖြစ်တဲ့ အတိုင်းအတာတစ်ခုအထိပေါ့။ အုပ်ချုပ်တာကလည်း တပ်ကအရာရှိဗိုလ်မှူးလေ။ သက္ကယ်ပြင်ကုန်းကျောင်းမှာဆိုရင်လည်း အထက်တန်းပြဆရာ၊ဆရာမတွေ အများကြီးခန့်ထားပြီ။ ကျောင်းနေတာမှာ catchment area (သက်ဆိုင်ရာ တက်ရောက်ရန် ကန့်သတ်ထားမှု)ဆိုတာရှိတယ်လေ။ ကျောင်းလက်ခံတာတွေမှာလည်း catchment area ဆိုတာရှိတယ်လေ”ဟု ဦးဘထွီးစိန်က ရှင်းပြသည်။

ရက္ခိုင့်ကျောင်းသားအရေး တက်ကြွလှုပ်ရှားသူ ကိုကျော်နိုင်ဌေးကလည်း ယခုလို ကမန်ကျောင်းသားများ ကျောင်းတက်ခွင့်မရရှိခြင်းသည် လက်ရှိစစ်ကောင်စီက တိုင်းရင်းသားမျိုးနွယ်စုများအပေါ် ခွဲခြားဆက်ဆံခြင်းတစ်ခုဟုမြင်မိကြောင်း ဝေဖန်သည်။

“လက်ရှိ စစ်ကောင်စီအစိုးရရဲ့ ခွဲခြားဆက်ဆံမှုပေါ့။ ကျွန်တော်တို့ ရခိုင်မျိုးနွယ်စုကိုခွဲခြားဆက်ဆံတာ။ အ.ထ.က(၆)မှာ စစ်တပ်ကသားသမီးတွေ အများကြီးရှိတယ်။ ပြီးရင် ကျောင်းအုပ်ကြီးကိုယ်တိုင်ကိုယ်က စစ်တပ်က ဗိုလ်မှူးကြီးက တိုက်ရိုက်အုပ်ချုပ်သလိုတွေ့ရတယ်။ ခွဲခြားဆက်ဆံတာ”ဟု ဆိုသည်။

အလားတူ ယခုကိစ္စမှာ တိုင်းရင်းသားတိုင်း၏ မွေးရာပါအခွင့်အရေးကို ချိုးဖောက်သည့်သဘောရောက်နေသဖြင့် ပညာရေးဝန်ကြီးဌာနမှာလည်း တာဝန်ရှိကြောင်း ကိုကျော်နိုင်ဌေးကဆက်ပြောသည်။

“ရခိုင်ပြည်မှာ ဘယ်သူမဆို လူတိုင်းကျောင်းတက်ရမယ်။ သူတို့က မွေးရာပါတရားဝင်နိုင်ငံသားတွေဖြစ်တယ်။ တိုင်းရင်သား တွေလည်းဖြစ်တယ်။ ဒီလိုကျောင်းအပ်လက်မခံတာက ပညာရေးဝန်ကြီးဌာနမှာလည်း တာဝန်ရှိတယ်။ အဲမှာလုပ်နေတဲ့ ကျောင်းအုပ်ကြီးတွေကိုယ်တိုင်ကလည်း အမြင့်ဆုံးပြောရမယ်ဆိုရင် ဥပဒေကို ချိုးဖောက်ရာ‌ရောက်တယ်”ဟု သူကဆိုသည်။

လက်ရှိစစ်တွေမြို့နယ်တွင် ကမန်တိုင်းရင်းသားလူဦးရေ  ၄၀၀၀ ကျော်နေထိုင်ကြပြီး ၉ တန်း၊ ၁၀ တန်း စသည့်အထက်တန်းကျောင်းတက်မည့် ကျောင်းသားများမှာ ရာဂဏန်းမျှသာရှိကြောင်း သိရသည်။

ထိုကဲ့သို့ ကမန်ကျောင်းသားများနည်းပါးနေရခြင်းမှာ ကမန်တိုင်းရင်းသားများသည် လူဦးရေနည်းပါးခြင်း၊ အာဏာပိုင်များက ကျောင်းတက်ရန်အခွင့်အရေးများ ဟန့်တားမှုများရှိခဲ့ခြင်းတို့ကြောင့် ၎င်းတို့စာတတ်မြောက်ရေးအတွက် ရင်လေးစရာဖြစ်နေရကြောင်းလည်း ကမန်တိုင်းရင်းသားခေါင်းဆောင်တစ်ဦးက ဦးတင်လှိုင်ဝင်းကဆိုသည်။

“ရခိုင်မှာနေထိုင်ကြတဲ့ တခြားမွတ်ဆလင်လူမျိုးတွေလည်း ကျောင်းတက်လို့ရနေရဲ့သားနဲ့ ကျွန်တော်တို့ကမန်တွေကို ခွဲခြားဆက်ဆံခံနေရတဲ့အပေါ်မှာ ဝန်ထမ်းတွေမှာလည်း ဘယ်လို pressure တွေနဲ့ policy တွေရှိလဲဆိုတာကို ကျွန်တော်တို့ကို သေသေချာချာ ပြည်နယ်အစိုးရနဲ့ချိတ်ဆက်ပြီး ရှင်လင်းသွားဖို့လိုတယ်။ ပြီးရင် န.စ.ကလက်ထက်မှာလုပ်နေတဲ့ ပညာရေးဝန်ကြီးကိုလည်း တိုက်ရိုက်သော်လည်းကောင်း၊ စာပို့ပြီးသော်လည်းကောင်း၊ လူရှင်းတွေ့ပြီးသော်လည်းကောင်း ရှင်းလင်းသွားဖို့လိုတယ်”ဟု ဦးတင်လှိုင်ဝင်းကပြောသည်။

ယခုနှစ်တွင် ကမန်တိုင်းရင်းသားလူနည်းစုများကို လွတ်လပ်စွာကျောင်းတက်ခွင့်ပေးရန် ကမန်ခေါင်းဆောင်တို့က တောင်းဆိုကြသည်။

ဗီဒီယိုများ