ကျောက်တော်တွင် ရှေးဟောင်းကျောက်ဆစ် ဆင်းတုတော်တစ်ဆူ တူးဖော်တွေ့ရှိ

ကျောက်တော်မြို့နယ်၊ ကျားနက်ကန်ကျေးရွာနှင့် တစ်မိုင်ကျော်အကွာရှိ ပြူးမချောင်းနံဘေးတွင် ရှေးဟောင်းကျောက်ဆစ် ထိုင်တော်မူဆင်းတုတော်တစ်ဆူကို တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။

14 May 2022

DMG ၊ မေ ၁၄

ကျောက်တော်မြို့နယ်၊ ကျားနက်ကန်ကျေးရွာနှင့် တစ်မိုင်ကျော်အကွာရှိ ပြူးမချောင်းနံဘေးတွင် ရှေးဟောင်းကျောက်ဆစ် ထိုင်တော်မူဆင်းတုတော်တစ်ဆူကို တူးဖော်တွေ့ရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့(မေလ ၁၃ ရက်) နေ့လည် ၁၂ နာရီခန့်က စိုက်ပျိုးရေးလုပ်ကိုင်သည့် ဦးညွှန့်မောင်ဦးဆိုသူက သစ်ပင်စိုက်ပျိုးရန်မြေတူးရာမှ အဆိုပါဆင်းတုတော်ကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကျားနက်ကန် ကျောင်းထိုင်ဆရာတော် ဥူးစန္ဒောဘာသက DMG သို့မိန့်သည်။

“ဆင်းတုတော်တွေ့တဲ့နေရာက တောင်ပို့လေးလိုမျိုး ဖြစ်နေတယ်။ ဒါကို အပင်စိုက်ဖို့လုပ်ရင်းတွေ့လို့ တူးဖော်ဖြစ်တာ။ ဆင်းတုတော်က ကျောက်တစ်လုံးတည်းကို ထုဆစ်တာတာမျိုးလည်းတွေ့ရတယ်။ လက်ရှိမှာတော့ အဲဒီအနားမှာရှိတဲ့ ကုန်းမြင့်လေးပေါ်မှာဆင်းတုတော်ကို သီတင်းသုံးလို့ရအောင် စီစဉ်ထားပါတယ်”ဟု ဆရာတော်ကမိန့်သည်။

အဆိုပါဆင်းတုတော်မှာ ဉာဏ်တော် ၃ တောင် ၁ ထွာအမြင့်ရှိပြီး ရင်အုပ်တော် နှစ်ပေခန့်၊ ပေါင်လုံးတော် သုံးပေခန့်ရှိကြောင်းနှင့် တူးဖော်စဉ်ကတည်းကပင် အက်ကွဲရာအချို့နှင့်တွေ့ရှိခဲ့ရကြောင်း ဆရာတော် ဥူးစန္ဒောဘာသက ဆက်၍မိန့်သည်။

“ထိုင်တော်မူဆင်းတုတော်ဟာ ရာသီဥတုဒဏ်ကြောင့် လဲကျသွားတဲ့အခါ ခါးတော်နားလောက်မှာ အက်ကွဲတာ ဖြစ်သွားတယ်လို့တော့ ထင်တယ်။ လက်ရှိတော့ အများသူငါဖူးလို့ရအောင် ဒီအတိုင်းထားသေးတယ်။ ဖြစ်နိုင်ရင်တော့ ကျောင်းဆောင်နဲ့စံပယ်စေချင်ပါတယ်။ လက်ရှိမှာ ကိုယ်တော်တို့ကလည်း ကျောင်းဆောင်ဆောက်ဖို့မတက်နိုင်တော့ အလှူရှင်တွေကိုပဲအားကိုးရမှာပါပဲ”ဟု ဆရာတော်ကမိန့်ကြားသည်။

ယခုတွေ့ရှိသည့် ကျောက်ဆစ်ဆင်းတုတော်မှာ ဓညဝတီခေတ်လက်ရာနှင့် များစွာဆင်တူနေပြီး လတ်တလောတွင် အသေးစိတ်သွားရောက်မကြည့်ရှူနိုင်သေးသည့်အတွက် မည်သည့်ခေတ် လက်ရာဖြစ်သည်ကို တိကျစွာမပြောဆိုနိုင်သေးကြောင်း မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်သန်းကပြောသည်။

“ဒီလက်ရာကို ကြည့်ရသလောက်က မြောက်ဦးခေတ်လက်ရာမဟုတ်တာတော့ သေချာတယ်။ ဓညဝတီခေတ် လက်ရာဖြစ်ဖို့များတယ်။ ဓညဝတီခေတ်လက်ရာနဲ့တော့ တော်တော်လေးတူတယ်။ ဒါပေမယ့် အနီးကပ် သေသေချာချာမလေ့လာရသေးတော့ အတိအကျပြောဖို့ခက်သေးတယ်”ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ ရှေးဟောင်းလက်ရာများကို စနစ်တကျထိန်းသိမ်းစောင့်ရှောက်မှုများပြုလုပ်ရန်လိုပြီး စေတနာ၊သဒ္ဒါတရား လွန်ကဲမှုကြောင့် ရှေးဟောင်းအမွေအနှစ်ကို ဖျက်ဆီးမိသကဲ့သို့ဖြစ်မည်ကိုလည်း သတိပြုရန်လိုကြောင်း ဒေါ်ခင်သန်းကပြောသည်။

“ကျောက်ကိုကျောက်အတိုင်းပဲ ထိန်းသိမ်းထားတာကောင်းမယ်။ ဆေးသုတ်တာတွေ၊ ကွန်ကရစ်နဲ့ ပဲနေ၊အက်နေတဲ့နေရာတွေကို ဖို့ပစ်တာတွေ မလုပ်ဖို့အရေးကြီးတယ်။ မူရင်းလက်ရာကိုတွေ့မှပဲ ခေတ်အနေအထားကိုသိနိုင်မယ်။ နောက်ပြီး နေရာလည်းမရွှေ့ဖို့လိုအပ်ပါတယ်”ဟု သူကရှင်းပြသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မြောက်ဦး(ဌာနခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းဝင်းက အဆိုပါဆင်းတုတော်နှင့်ပတ်သက်ပြီး အကြောင်းကြားမှု တစ်စုံတစ်ရာမရှိသေးသည့်အတွက် မသိရှိသေးကြောင်းနှင့် အကြောင်းကြားလာပါက မြေပြင်ကွင်းဆင်းစစ်ဆေးမှုများနှင့် ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းပြောသည်။

ရခိုင်တွင် ဓညဝတီ၊ ဝေသာလီ၊ လေးမြို့နှင့် မြောက်ဦး စသည့် ခေတ်လေးခေတ်ရှိခဲ့ပြီး အဆိုပါခေတ်များ၏ အနုပညာလက်ရာများ၊ ကိုးကွယ်မှုများကို မကြာခဏဆိုသလို တူးဖော်တွေ့ရှိရသည်။

ဗီဒီယိုများ