လေးကေ့ကော်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတချို့ဖမ်းဆီးခံရ ၆ ဦးကျဆုံး KNLA နှင့် ပူပေါင်းသည့် PDF ၃ ဦးဒဏ်ရာရ

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်၌ ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၁ နာရီခွဲအချိန်တွင် မြန်မာစစ်ကောင်စီတပ်နှင့် ကေအန်ယူလက်အောက်ခံ KNLA နှင့် ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲအတွင်း လက်ရှိအချိန်အထိ စစ်ကောင်စီတပ်သားအချို့ ကျဆုံးခဲ့ပြီး ဒဏ်ရာရသူနှင့် ဖမ်းဆီးခံရသူများရှိနေကာ ပူးပေါင်းအဖွဲ့ဖြစ်သည့် NUG လက်အောက်ခံ PDF အဖွဲ့မှ သုံးဦး အပြင်းအထန်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

16 Dec 2021

လေးကေ့ကော်မြို့သစ်အတွင်းရှိ လူနေအိမ်များ တိုက်ပွဲဖြစ်ပွားမှုကြောင့် လူသူကင်းမဲ့နေပုံ။

DMG ၊ ဒီဇင်ဘာ ၁၆

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်၌ ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၁ နာရီခွဲအချိန်တွင် မြန်မာစစ်ကောင်စီတပ်နှင့် ကေအန်ယူလက်အောက်ခံ KNLA နှင့် ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲအတွင်း လက်ရှိအချိန်အထိ စစ်ကောင်စီတပ်သားအချို့ ကျဆုံးခဲ့ပြီး ဒဏ်ရာရသူနှင့် ဖမ်းဆီးခံရသူများရှိနေကာ ပူးပေါင်းအဖွဲ့ဖြစ်သည့် NUG လက်အောက်ခံ PDF အဖွဲ့မှ သုံးဦး အပြင်းအထန်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်အထိ တိုက်ပွဲများခေတ္တရပ်နားနေစဉ်မှာပင် ကရင်အမျိုးသားအစည်းရုံး (KNU) လက်အောက်ခံ ကရင့်လွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းအဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် မြန်မာစစ်ကောင်စီတပ်သား ၆ ဦးကျဆုံးခဲ့ပြီး ၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း ကေအန်ယူနှင့်နီးစပ်သူတစ်ဦးမှ DMG ကို ပြောသည်။

"မနက် ၁၁ နာရီခွဲကနေ စဖြစ်တယ်။ အဓိကရပ်ကွက်ထဲကို စစ်ကြောင်းထိုးတာပေါ့။ ဝင်ရှာမယ် ဖမ်းဆီးမယ်ဆိုပြီးတော့ လှုပ်ရှားလာတာ။ ရပ်ကွက် ၂ ဘက်ရယ် ရသေ့ဂူဘက်ကို PDF တွေရှိတယ်ဆိုပြီး တက်လာတာပေါ့။ အဲတာ KNLA ဘက်ကတားဆီးပြီး စတင်ထိတွေ့ရာကနေ တိုက်ပွဲဖြစ်ပွားတာ။ သူတို့ (စစ်ကောင်စီ) ဘက့်က ၆ ဦးကျတယ်။ ၈ ဦးကို ဖမ်းဆီးရထားတယ်ပေါ့နော်။ အခုက တိုက်ပွဲခနရပ်နေတယ်လို့ပဲ ပြောချင်ပါတယ်။" ဟု အဆိုပါနီးစပ်သူကပြောသည်။

ထို့အပြင် မနေ့က နေ့လည် ၂ နာရီ ခွဲအချိန်မှ လက်ရှိအချိန်အထိ တိုက်ပွဲရပ်တန့်ထားပြီး စစ်ကောင်စီတပ်များမှ ကုန်းမြင့်နေရာများတွင် နေရာရယူလက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် လေးကေ့ကော် မြို့သစ်ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ ကျည်ကျကျရောက်ကာ နေအိမ်တချို့ပျက်စီးမှုများ ဖြစ်ပေါ်နေပြီး ဒေသခံ ၅၀၀၀ ကျော်ခန့်မှာ နီးစပ်ရာ ဖလူးလေးနှင်မဲသာခီး ရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှသိရသည်။

နေအိမ်များကို မြန်မာစစ်ကောင်စီတပ်များ၏ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ပျက်စီးခဲ့ရသည့်အပြင် လူသူမရှိသည့်နေအိမ်များကိုလည်း ဝင်ရောက်ဖျက်ဆီးကာ ပစ္စည်းများခိုးယူခံရမှုရှိခဲ့ကြောင်း စစ်ဘေးရှောင်ဒေသခံတစ်ဦးမှ ဆိုသည်။

"အိမ်တွေကို လက်နက်ကြီးကျည်တွေထိတာ မကဘူး။ အိမ်တွေပါတုန်တယ်။ သေနတ်တွေ ပစ်ခတ်ကြတာဆိုတော့။ ကြောက်လန့်ပြီးပြေးရတာ။ ကြားရတာက သော့ခတ်ထားတဲ့ အိမ်တွေကိုဖျက်ဝင်ပြီး သူတို့တွေ (စစ်ကောင်စီတပ်)က ပစ္စည်းတွေ ခိုးယူသွားတာရှိပါတယ်။" ဟု အဆိုပါဒေသခံမှ ဆိုသည်။

စစ်ဘေးရှောင်ဒေသခံများအနေဖြင့် သောင်ရင်းမြစ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံသို့ ဝင်ရောက်ခိုလှုံမှုမရှိစေရန်အတွက် နယ်စပ်တလျှောက်တွင် ထိုင်းနယ်ခြားစောင့်တပ်များနှင့် အာဏာပိုင်များက ဝင်ပေါက်များကို ပိတ်ဆို့လုံခြုံရေးချထားကြောင်း ထိုင်းသတင်းအရင်းအမြစ်က သိရသည်။

ထို့အပြင် ရန်ကုန်၊ ပဲခူးတို့မှ မြန်မာစစ်ကောင်စီတပ်ဖြစ်သည့် တပ်မ ၇၇ မှ လက်အောက်ခံတပ်အင်အား တစ်ထောင်ကျော်ခန့်မှာ သိမ်ဇရပ်စစ်တောင်းတံတားအတိုင်း ကရင်ပြည်နယ် မြဝတီဘက်သို့ စစ်ကား ၃၀ ကျော်ဖြင့် တက်ရောက်မှုရှိကြောင်း ဒေသခံသတင်းပေးပို့ချက်များအရ သိရသည်။

အာရှလမ်းမကြီးပိုင်းဖြစ်သည့် ကော့ကရိတ်လမ်းမပိုင်းမှာလည်း စစ်ကောင်စီတပ်အင်အား တပ်စိတ်အချို့ နေရာရယူထားမှုကြောင့် မြဝတီ-ကော့ကရိတ်သို့ သွားရာလမ်းမများတွင် မော်တော်ကားများ ပိတ်ဆို့စစ်ဆေးမှုများဖြစ်ပေါ်နေကြောင်း ဒေသခံခရီးသွားယာဉ်လိုင်းများမှ ဆိုသည်။

လေးကေ့ကော်တိုက်ပွဲအတွင်း၌ ကေအန်ယူလက်အောက်ခံ KNLA အဖွဲ့နှင့်အတူ PDF အဖွဲ့များ၊ ကရင်အမျိုးသားဒီမိုကရေစီအကျိုးပြုတပ်မတော် (DKBA) ခွဲထွက်အဖွဲ့ စသည်တို့မှ ပူးပေါင်းကာ မြန်မာစစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်အထိ နှစ်ဖက်တပ်ဆိုင်မှုများ ရှိနေကြောင်းသိရသည်။

ဗီဒီယိုများ