မြန်မာစစ်တပ် ထိုးစစ်ဆင်မှုကြောင့် KNU မှ တပ်မဟာ ၇ ခုစလုံးကို ပစ်ခတ်ရန်ညွှန်ကြား

လေးကေ့ကော်တိုက်ပွဲကြောင့် မြန်မာစစ်တပ်၏ ထိုးစစ်ဆင်ရန်ကြိုးစားလာမှုကြောင့် KNU တပ်မဟာနယ်မြေများအလိုက် နယ်မြေကျော်လျှင် ပစ်ခတ်ရန် ညွှန်ကြားထားကြောင်း ကေအန်ယူနှင့်နီးစပ်သည့် သတင်းများအရ သိရသည်။

20 Dec 2021

ယမန်နေ့ မြန်မာစစ်တပ်နှင့် ကေအန်ယူ ပူးပေါင်းတိုက်ပွဲအတွင်း ဒေသခံများ ထိုင်း-မြန်မာနယ်စပ် မဲဆောက်သို့ ထပ်မံထွက်ပြေးတိမ်းရှောင်နေရစဉ်။

DMG ၊ ဒီဇင်ဘာ ၂၀

လေးကေ့ကော်တိုက်ပွဲကြောင့် မြန်မာစစ်တပ်၏ ထိုးစစ်ဆင်ရန်ကြိုးစားလာမှုကြောင့် KNU တပ်မဟာနယ်မြေများအလိုက် နယ်မြေကျော်လျှင် ပစ်ခတ်ရန် ညွှန်ကြားထားကြောင်း ကေအန်ယူနှင့်နီးစပ်သည့် သတင်းများအရ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်နေ့မှစပြီး ယမန်နေ့အထိ မြန်မာစစ်တပ်မှ ကရင်အမျိုးသားအစည်းရုံး (KNU) လက်အောက်ခံ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA) နယ်မြေများသို့ ထိုးစစ်ဆင်ရန်ကြိုးစားမှုများနှင့် ရင်ဆိုင်တိုက်ပွဲအခြေအနေများကြောင့် တပ်မဟာခုနှစ်ခုလုံးကို ပစ်မိန့်ညွှန်ကြားမှုမှာ ကေအန်ယူစစ်ရေးမူဝါဒအရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကေအန်ယူနှင့် နီးစပ်သူတစ်ဦးက DMG ကို ပြောသည်။

"အခု အမိန့်ပေးတယ် ညွှန်ကြားတယ်ဆိုတာက အခုမှမဟုတ်ဘူး အရင်ကတည်းက လုပ်နေကျပါပဲ။ တခုပေါ့ စစ်ကောင်စီတပ်တွေက အင်အားတွေ မတရားဖြည့်တင်းနေတယ်ဆိုတဲ့အတွက် မနေ့ ညနေ အရေးအပေါ်အစည်းအဝေးမှာ အခုလို ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။" ဟု အဆိုပါနီးစပ်သူက ပြောသည်။

ဒီဇင်ဘာ ၁၉ ရက်နေ့ မနက် ၉ နာရီခွဲမှစပြီး ညနေ ၅ နာရီခွဲ ကျော်အထိ ကေအန်ယူ ပူးပေါင်းတပ်နှင့် မြန်မာစစ်တပ်ကြား မဲ့ထော်သလေးကျေးရွာအနီးတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်မှ အရာရှိတစ်ဦးအပါအဝင် ၂၀ ဦးထက်မနည်း ကျဆုံးခဲ့ကာ ကေအန်ယူပူးပေါင်းအဖွဲ့မှ နှစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်။

ထိုတိုက်ပွဲအတွင်း မြန်မာစစ်တပ်မှ လက်နက်ကြီးများဖြင့် ရမ်းသပ်ပစ်ခတ်မှုများရှိခဲ့ပြီး မဲ့ထော်သလေး ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်ကျရောက်ခဲ့ကာ နေအိမ် ၁၀ လုံးထက်မနည်း ပျက်ဆီးခဲ့ပြီး တိုက်ပွဲအတွင်း ထပ်မံပိတ်မိနေသည့် ဒေသခံ ၁၀၀၀ ကျော်မှာ ထိုင်းနိုင်ငံ မဲဆောက်စစ်ဘေးရှောင် ဒုက္ခသည်စခန်းသို့ ထွက်ပြေးခဲ့ရကြောင်း အမည်မဖော်လိုသည့် စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက ပြောသည်။

"မနေ့ ညနေပိုင်းမြင်ကွင်းက တကယ့်ကိုပါပဲဗျာ။ သောင်ရင်းမြစ်ကိုဖြတ်ပြီးတော့ ကူးလာနေကြတာ။ ရေက လူကြီးရင်စို့လောက် သာသာရှိတယ်။ အဲတာကို အချင်းချင်းလက်တွဲပြီး ပြေးလာကြတာ။ အချို့ဆို အဖွားကြီးတွေပါလို့ မြန်မာဘက်အခြမ်းမှာ ကျန်တဲ့သူတွေရှိနေတာတောင် တွေ့ရတယ်။ လှေတွေနဲ့ပါ ကယ်ထုတ်နေရတာပါပဲ။ အခုလက်ရှိ စစ်ဘေးရှောင်ဦးရေက သုံးထောင်ကျော်ကို ရှိနေပါတယ်။ ရာသီဥတုအေးတော့ အခက်အခဲအများကြီးဖြစ်ပေါ်နေရပါတယ်" ဟု ပြောသည်။

ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့ စစ်ဘေးရှောင်စခန်းနှင့် ဖလူးလေးစစ်ဘေးရှောင်စခန်းသို့ ထွက်ပြေးလာသူအရေအတွက် တစ်သောင်းကျော်အထိရှိလာနေသည်။ ယင်းအပြင် မြန်မာစစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုမှာ ထိုင်းနိုင်ငံဘက်သို့ ကျရောက်ခဲ့သည့်အတွက် ထိုင်းနယ်စပ်တပ်များက လုံခြုံရေးသတိပေးအနေဖြင့် ပြန်လှန်ပတ်ခတ်ခဲ့ရကြောင်းနှင့် ထိုင်းတော်ဝင်ရဟတ်ယာဉ်များ၊ တင့်ကားများဖြင့် ကင်းလှည့်နေရကြောင်း ဒုက္ခသည်တစ်ဦးက ပြောသည်။

မြန်မာစစ်တပ်ဘက်မှ ကေအန်ယူတပ်မဟာ နယ်မြေ ၆ နှင့် ၇ သို့ ချီတက်တိုက်ခိုက်ရန် ဘားအံ၊ ကော့ကရိတ်၊ မြဝတီအပြင် ရန်ကုန်၊ ပဲခူး၊ တောင်ငူနှင့် နေပြည်တော်တို့မှ အင်အား ၁၀၀၀ ကျော် အပါအဝင် လေယာဉ်များ ရဟတ်ယာဉ်များ၊ တင့်ကားနှင့် သံချပ်ကာယာဉ်များကို အင်အားဖြည့်တင်းနေကာ စစ်ဗျူဟာမှူးချုပ်မှာ မြဝတီသို့ရောက်ရှိနေပြီး ကွပ်ကွဲမှုများပြုလုပ်နေသည်ဟု ခိုင်မာသည့်သတင်းရင်းမြစ်ထံမှ သိရသည်။

ကေအန်ယူလက်အောက်ခံ KNLA ပူးပေါင်းအဖွဲ့နှင့် မြန်မာစစ်တပ်ကြား၌ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ ရက်တွင် စစ်ရေးတင်းမာမှုများရှိခဲ့ပြီး လက်ရှိအချိန်အထိ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသည်။

လက်ရှိအချိန်တွင် ကရင်ပြည်နယ် ကေအန်ယူထိန်းချုပ်နယ်မြေများအပြင် ရှမ်းပြည်နယ် ကိုးကန့်ထိန်းချုပ်ရာဒေသ မုံ့ကိုးဒေသတွင်လည်း မြန်မာစစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားနေပြီး မြန်မာစစ်တပ်ဘက်မှ အကျအဆုံးအများအပြားရှိနေကြောင်း ဒေသခံသတင်းအရင်းအမြစ်များထံမှ သိရသည်။

ဗီဒီယိုများ