စစ်တပ်က အာဏာသိမ်းသည့်အချိန်မှစ၍ NCA ပျက်ပြယ်သွားပြီဟု KNU Concerned Group ပြော

၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲရလာဒ်ကို လက်မခံဘဲ ပြည်သူများ၏ဆန္ဒကိုဆန့်ကျင်ကာ တပ်မတော်မှအာဏာသိမ်းယူခဲ့ချိန်မှစ၍ တိုင်းရင်းသားလက်နက်ကိုင်များနှင့်ချုပ်ဆိုခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)မှာလည်း ပျက်ပြယ်သွားပြီဟုမှတ်ယူကြောင်း KNU Concerned Group က ယနေ့ စက်တင်ဘာလ ၂ ရက်နေ့က ထုတ်ပြန်လိုက်သည်။

02 Sep 2021

DMG ၊ စက်တင်ဘာ ၂

၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲရလာဒ်ကို လက်မခံဘဲ ပြည်သူများ၏ဆန္ဒကိုဆန့်ကျင်ကာ တပ်မတော်မှအာဏာသိမ်းယူခဲ့ချိန်မှစ၍ တိုင်းရင်းသားလက်နက်ကိုင်များနှင့်ချုပ်ဆိုခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)မှာလည်း ပျက်ပြယ်သွားပြီဟုမှတ်ယူကြောင်း KNU Concerned Group က ယနေ့ စက်တင်ဘာလ ၂ ရက်နေ့က ထုတ်ပြန်လိုက်သည်။

“NCA စာချုပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးပန်းတိုင် မရောက်တဲ့အပြင် ပါတီရွေးကောက်ပွဲဝင်ပြီး လက်နက်ကိုက်တော်လှန်ရေးစွန့်လို့ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကို သွတ်သွင်းထားတဲ့စာချုပ်ဖြစ်တယ်” ဟု ထုတ်ပြန်ချက်တွင်ဖော်ထားသည်။

စစ်ကောင်စီမှအာဏာသိမ်းယူခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစပြီး ဆန္ဒပြပြည်သူများ၊ နိုင်ငံရေးပါတီများ၊ သတင်းမီဒီယာများနှင့် တက်ကြွလှုပ်ရှားသူများကို မတရားဖမ်းဆီးသတ်ဖြတ်သည့်အပြင် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ထိန်းချုပ်နယ်မြေအသီးသီးများမှာလည်း ထိုးစစ်ထပ်မံဆင်နွှဲလာနေသည်ဟု ယင်းထုတ်ပြန်ချက်က ဆိုသည်။

လက်ရှိဖွဲ့စည်းထားသည့် CRPH/NUG အမျိုးသားညီညွတ်ရေးအစိုး၏ နိုင်ငံရေးရပ်တည်ချက်ဖြစ်သည့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးသည် မိမိတို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ တော်လှန်ရေးရည်မှန်းချက်ပန်းတိုင်ဖြစ်သည်ဆိုသည်။

“မိမိတို့အနေနဲ့ CRPH/NUGကိုကြိုဆိုပြီး အုပ်ချုပ်ရေး နိုင်ငံရေး စစ်ရေးနဲ့ သံတမန်ရေးလှုပ်ရှားမှုတွေကို စွမ်းစွမ်းတမံ ပံ့ပိုးဆောင်ရွက်သွားမယ်” ဟုKNU Concerned Group က ဆိုသည်။

ယင်းအပြင် စစ်အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရန်အတွက် နွေးဦးတော်လှန်ရေးကြီးနှင့်အတူ တညီတညွတ်တည်း တိုက်ပွဲဝင်သွားကြရန်လည်း KNU Concerned Group တိုက်တွန်းထားသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ စက်တင်ဘာလ ၂ ရက်နေ့အထိ လုံခြုံရေးတပ်ဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် သေဆုံး ၁၀၄၃ ဦးနှင့် ဖမ်းဆီးခံရသူ ၇၇၆၈ ဦးအထိရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်ရှိတွင် အာဏာသိမ်းမှု ၇ လနီးပါးကြာမြင့်လာပြီဖြစ်သော်လည်း ပြည်သူလူထုများက စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ မရပ်တန့်ဘဲ ဆက်လက်ဆန္ဒဖော်ထုတ်လျက်ရှိသည်။

တစ်ဖက်မှာ ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် NCA လက်မှတ်မရေးထိုးထားသည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နှင့် မြန်မာစစ်တပ်တို့ကြား တိုက်ပွဲများဖြစ်ပွားနေသကဲ့သို့ NCA လက်မှတ်ထိုးထားသော ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် မြန်မာစစ်တပ်တို့အကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိနေသည်။

ဗီဒီယိုများ