စစ်ကောင်စီအနေဖြင့် ညီညွတ်ရေးအစိုးရဖွဲ့ပြီး အာဏာလွှဲပြောင်းကာ ပြည်တွင်းနိုင်ငံရေးပဋိပက္ခကိုဖြေရှင်းရန် KNU တိုက်တွန်း

စစ်ကောင်စီအနေဖြင့် ညီညွတ်ရေးအစိုးရတစ်ရပ်ဖွဲ့စည်းပြီး နိုင်ငံတော်အာဏာလွှဲပြောင်းကာ နှစ်ပေါင်း (၇၀)ကျော်ကြာမြင့်ခဲ့သည့် ပြည်တွင်းနိုင်ငံရေးပဋိပက္ခများ၏ အရင်းအမြစ်ပြဿနာများကို ညှိုနှိုင်းဖြေရှင်းရန် ကရင်အမျိုးသားအစည်းအရုံး(KNU)က ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့ NCA  ၆ နှစ်ပြည့်နှစ်ပတ်လည်နေ့တွင် ထုတ်ပြန်လိုက်သည်။

15 Oct 2021

DMG ၊ အောက်တိုဘာ ၁၅

စစ်ကောင်စီအနေဖြင့် ညီညွတ်ရေးအစိုးရတစ်ရပ်ဖွဲ့စည်းပြီး နိုင်ငံတော်အာဏာလွှဲပြောင်းကာ နှစ်ပေါင်း (၇၀)ကျော်ကြာမြင့်ခဲ့သည့် ပြည်တွင်းနိုင်ငံရေးပဋိပက္ခများ၏ အရင်းအမြစ်ပြဿနာများကို ညှိုနှိုင်းဖြေရှင်းရန် ကရင်အမျိုးသားအစည်းအရုံး(KNU)က ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့ NCA  ၆ နှစ်ပြည့်နှစ်ပတ်လည်နေ့တွင် ထုတ်ပြန်လိုက်သည်။

KNU အနေဖြင့် အစိုးရအဆက်ဆက်က မဖြေရှင်းနိုင်ခဲ့သည့် နှစ်ပေါင်းရှည်ကြာ နိုင်ငံရေးပြဿနာကို ညှိနှိုင်းဆွေးနွေးအဖြေရှာရန်အတွက် NCA လမ်းကြောင်းမှတစ်ဆင့်ကြိုစားခဲ့သည်မှာ ယခုအခါ (၆)နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း ဆိုသည်။

သို့သော် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းတွင် နိုင်ငံရေးလမ်းကြောင်းအားလုံး ပိတ်ဆိုခဲ့ပြီး ၂၀၁၀ ကာလအတိုင်မီအချိန်ကို ပြန်လည်ပို့ဆောင်လိုက်ကာ ၂၀၁၀ ထက်ပိုဆိုးသော အနေအထားကိုဖန်းတီးနေခြင်းဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံး(KNU)အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက DMG သို့ ပြောသည်။

“အဓိက အဲဒီကိစ္စကိုဖြစ်ပေါ်စေတာက စစ်တပ်ကပဲဖြစ်တယ်။ ဗမာပြည်နဲ့သမိုင်းကြောင်းကိုကြည့်မယ်ဆိုရင် ၁၉၆၂ ကနေပြီးတော့ ၈၈ နဲ့ အခု ၂၀၂၁ မှာ တစ်ကြိမ်မှာ ပြန်ပြီးတော့ ဒီလိုစစ်အာဏာသိမ်းတဲ့ သံသရာထဲကနေပြီးတော့ ဘယ်တော့မှမရုန်းထွက်နိုင်တဲ့ နိုင်ငံတစ်ခုအတွက် အဓိကပြဿာနာက စစ်တပ်ကနိုင်ငံရေးကနေ ကင်ကင်းရှင်းရှင်းနေခြင်းသာလျှင်ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ပြောလိုတာဖြစ်တယ်”ဟု ပဒိုစောတာဒိုမူး ပြောသည်။

စစ်တပ်ကအာဏာသိမ်းမှုနောက်ဆက်တွဲအဖြစ် နိုင်ငံတစ်ဝှမ်းရှိ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးသည် ဖိနှိပ်မှုပေါင်းများစွာဖြင့် လူမှုစီးပွားဒုက္ခပေါင်းများစွာကို ခါးစည်း၊ ရင်ဆိုင်ခံစားနေကြရပြီး နိုင်ငံမှာလည်း ပြိုပျက်စီးလုအနေအထားသို့ ရောက်ရှိနေကြောင်း ထုတ်ပြန်ချက်မှဖော်ပြထားသည်။

စစ်ကောင်စီအနေဖြင့် တပ်မတော်၏ဂုဏ်သိက္ခာကျဆင်းမှုကို ကယ်တင်သည့်အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံထူထောင်ရေးကတိကဝတ်ပြုမှုကို တရားဝင်ကြေငြာထုတ်ပြန်ရန်နှင့် နိုင်ငံရေးတွင်ပါဝင်နေမှုမှ နှုတ်ထွက်ကြောင်းကြေငြာရန် အပါအဝင် အချက်(၆)ချက်ကို ဆိုးဝါးနေသည့် နိုင်ငံ၏အခြေအနေအား ကယ်တင်နိုင်ရန်အတွက် ကရင်အမျိုးသားအစည်းအရုံး(KNU) တောင်းဆိုထားသည်။

“ကျွန်တော်တို့ အရပ်သားအုပ်ချုပ်မှုအောက်မှာသွားမယ်ဆိုတဲ့ ကြေငြာချက်မျိုး ရဲရဲတင်းတင်းလုပ်ဆောင်ခြင်းအားဖြင့် ပြည်သူနဲ့ပြုပြင်ပြောင်းလဲမှုလိုလားတဲ့ တပ်မတော်တပ်မှူး၊ တပ်ဗိုလ်တွေနဲ့ကြားမှာ တံတားဖြစ်သွားပြီးတော့ အဲဒီအခြေခံကနေ နိုင်ငံတကာကြားဝင်ညှိနှိုင်းမှုကနေ ကျွန်တော်တို့လိုလားတဲ့ ဖက်ဒရယ်အခြေခံဆီသွားလိုက်တဲ့လမ်းကြောင်းကို ဒီ Statement ထဲမှာ ဖော်ထားတာဖြစ်တယ်”ဟု ကရင်အမျိုးသားအစည်းအရုံး(KNU) အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)ကို တပ်မဟာ(၁) သထုံ၊ တပ်မဟာ(၂) တောင်ငူ၊ တပ်မဟာ(၃) ညောင်လေးပင်၊ တပ်မဟာ(၄) ထားဝယ်၊ တပ်မဟာ(၅) ဖာပွန်၊ တပ်မဟာ(၆) ဒူးပလာယာ၊ တပ်မဟာ(၇) ဘားအံ စသည့်တပ်မဟာ(၇)ခုနှင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

KNU သည် တော်လှန်ရေးအစဉ်အလာကြီးမားသည့် ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး ဦးသိန်းစိန်အစိုးရလက်ထပ် ၂၀၁၅ ခုနှစ်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးထားခြင်းဖြစ်သည်။

သို့သော် စစ်အာဏာသိမ်းမှုကိုလက်မခံကြောင်း ပြည်သူများနှင့်အတူရပ်တည်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည့်နောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် KNU တို့အကြား တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားလျက်ရှိနေသည်။

လက်ရှိတွင် စစ်တပ်အာဏာသိမ်းမှု ၉ လနီးပါးကြာမြင့်လာပြီဖြစ်သော်လည်း ပြည်သူလူထုများက စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ မရပ်တန့်ဘဲ ဆက်လက်ဆန္ဒဖော်ထုတ်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ အောက်တိုဘာလ ၁၄ ရက်နေ့အထိ ရက်ပေါင်း (၂၅၆) ရက်နေ့အထိ လုံခြုံရေးတပ်ဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူ (၁၁၇၁)ဦးနှင့် ဖမ်းဆီးခံရသူ (၈၉၈၁) ဦးအထိရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)၏ ထုတ်ပြန်ချက်အရသိရသည်။

ဗီဒီယိုများ