လေးကေ့ကော်မြိုသစ်တွင် မြန်မာစစ်တပ်မှ အင်အားတိုးချဲ့မှုနှင့် လေကြောင်းအသုံးပြုမှုအပေါ် ကုလသမဂ္ဂမှကန့်ကွက်ပေးရန် KNU တောင်းဆို

ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်၌ မြန်မာစစ်တပ်မှ အင်အားအလွန်အကျွံအသုံးပြုခဲ့သည့်အပြင် လေကြောင်းဖြင့်တိုက်ခိုက်ရန်ကြိုးပမ်းလာသည့်အတွက် လေကြောင်းကင်းမဲ့ဇုန်အဖြစ် ကုလသမဂ္ဂမှ ကန့်ကွက်သတ်မှတ်ပေးရန်တောင်းဆိုကြောင်း မနေ့ (ဒီဇင်ဘာ ၂၀)ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ထုတ်ပြန်တောင်းဆိုလိုက်သည်။

21 Dec 2021

DMG ၊ ဒီဇင်ဘာ ၂၁
ကရင်ပြည်နယ်၊ လေးကေ့ကော်မြို့သစ်၌ မြန်မာစစ်တပ်မှ အင်အားအလွန်အကျွံအသုံးပြုခဲ့သည့်အပြင် လေကြောင်းဖြင့်တိုက်ခိုက်ရန်ကြိုးပမ်းလာသည့်အတွက် လေကြောင်းကင်းမဲ့ဇုန်အဖြစ် ကုလသမဂ္ဂမှ ကန့်ကွက်သတ်မှတ်ပေးရန်တောင်းဆိုကြောင်း မနေ့ (ဒီဇင်ဘာ ၂၀)ရက်နေ့တွင် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ ထုတ်ပြန်တောင်းဆိုလိုက်သည်။

လေးကေ့ကော်မြို့သစ်သည် စစ်ဘေးရှောင်ဒေသခံများ အများစုနေထိုင်ရာဒေသဖြစ်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်နေ့မှစပြီး မြန်မာစစ်တပ်နှင့် ကေအန်ယူလက်အောက်ခံ KNLA ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်လာမှုကြောင့် စစ်တပ်ဘက်မှ စစ်အင်အားအဆမတန်တိုးချဲ့လာသည့်အပြင် လေကြောင်းဖြင့်ထောက်လှမ်းခြင်း၊ တိုက်ခိုက်ခြင်းများ ဆောင်ရွက်လာနိုင်သည့်အတွက် ကုလသမဂ္ဂအဖွဲ့အနေဖြင့် အရေးပေါ်အစည်းအဝေးကျင်းပပြီး လေကြောင်းကင်းမဲ့ဇုန်အဖြစ်သတ်မှတ်ပေးရန် တောင်းဆိုကြောင်း ကေအန်ယူဗဟိုကော်မတီအဖွဲ့မှပြောသည်။

တိုက်ပွဲဖြစ်ပွားမှုသည် မြန်မာစစ်တပ်ဘက်မှ စစ်အင်အားအလုံးအရင်းဖြင့် လေးကေ့ကော်ဒေသသို့လာရောက်ကာ ဒေသခံများနှင့် နိုင်ငံရေးခိုလုံသူများကို အတင်းအကျပ်ဖမ်းဆီးမှုကြောင့် နှစ်ဖက်တပ်ဆိုင်အနေအထားဖြစ်ရာမှ စတင်ခဲ့ခြင်းကြောင့် ယခုလေကြောင်းအသုံးပြုမှုသည် ဂျီနီဗာကွန်ဗန်ရှင်းအရဥပဒေကို ချိုးဖောက်မှုဖြစ်နေခြင်းကြောင့် ယခုလိုတောင်းဆိုရခြင်းဖြစ်ကြောင်း ကေအန်ယူ(ဗဟို)ကော်မတီနှင့် နီးစပ်သူတစ်ဦးမှ DMG ကိုပြောသည်။

"အခုတိုက်ပွဲက စစ်ကောင်စီဘက်ကနေ တမင်တကာအင်အားအလုံးအရင်းနဲ့ဝင်၊ ဒေသခံတွေပြည်သူတွေကို အတင်းအကျပ်ဖမ်းဆီးလို့ နှစ်ဖက်ညှိနှိုးတာမရလို့ဖြစ်ပွားခဲ့တာပါ။ အခုကျတော့ စစ်ကောင်စီဘက်က အကျအဆုံးလဲများလာကော တင့်ကားတွေ၊ လေယာဉ်တွေပါသုံးလာတယ်။ နောက်ပြီး မြဝတီမြို့ထဲကနေ လက်နက်ကြီးနဲ့ပစ်လာတာတွေရှိလာတယ်။ စစ်ဘေးရှောင်စခန်းတွေကော တဖက်ထိုင်းကိုပါကျကုန်တယ်။ အဲတာကြောင့် လေယာဉ်ကင်းမဲ့ဇုန်အဖြစ် ကုလသမဂ္ဂကနေသတ်မှတ်ဖို့ အခုလိုတောင်းဆိုရတာဖြစ်ပါတယ်"ဟု အဆိုပါနီးစပ်သူပြောသည်။

စစ်အင်အားတိုးချဲ့မှုနှင့် လေကြောင်းဖြင့်တိုက်ခိုက်ရန်အမိန့်ပေးမှုနှင့်ပက်သက်ပြီး မြန်မာစစ်တပ်ဘက်မှ တစုံတရာဖြေရှင်းပြောဆိုမှု မရှိသေးချေ။
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၉ ရက်နေ့တွင် မြန်မာစစ်တပ်၏လက်နက်ကြီးပစ်ခတ်မှုကြောင့် မဲ့ထော်သလေး၊ ဖလူးကြီး၊ လေးကေ့ကော်၊ ရသေ့ဂူစသည့်တို့ရှိ လူနေအိမ်များသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ ၃၀၀၀ ကျော် ထိုင်းနိုင်ငံ၊ တာ့ချ်ခရိုင် မဲဆောက်မြို့ စစ်ဘေးရှောင်စခန်းသို့ တိမ်းရှောင်နေရပြီး ဆေးဝါးနှင့် စားနပ်ရိက္ခာများလိုအပ်နေမှုကြောင့် ထိုင်းနိုင်ငံအစိုးရအနေဖြင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ကြရန်နှင့် နိုင်ငံတကာမှ မြန်မာပြည်သူများမှလည်း ဝိုင်းဝန်းကြရန် ကေအန်ယူမှတိုက်တွန်းထားသည်။
တိုက်ပွဲအရှိန်မြင့်တက်လာမှုသည် လေးကေ့ကော်မြို့သစ်အပါအဝင် မဲ့ထော်သလေး၊ ဖလူးလေး၊ ရသေ့ဂူနှင့် ကော့ကရိတ် စသည့်ကေအန်ထိန်းချုပ်ရာတပ်မဟာ(၆)နယ်မြေအပြင် တပ်မဟာ(၇)တည်ရှိရာ လှိုင်းဘွဲ့မြို့နယ်အနီးအနားအထိ မြန်မာစစ်တပ်မှ အင်အားအများအပြားနှင့် စစ်ယာဉ်များ၊ လေကြောင်းဖြင့်တိုက်ခိုက်ရန်ကြိုးပမ်းမှုကြောင့် ယခုလိုတိုက်တွန်းစာထုတ်ပြန်ရခြင်းဖြစ်ကြောင်း ကေအန်ယူဗဟိုမှဆိုသည်။

ထို့အပြင် ကေအန်ယူလက်အောက်ခံ ကရင်အမျိုးသားကာကွယ်တပ်ဖွဲ့(KNDO)မှလည်း မြန်မာစစ်တပ်အင်အားအများအပြားသည် လေးကေ့ကော်မှတပ်ဆုတ်ထားသည်ဖြစ်သော်လည်း အင်အားအလုံးအရင်းဖြင့်ပြန်လည်တိုက်ခိုက်ရန်သိရှိရခြင်းကြောင့် ယခုတိုက်ပွဲမှာ ပိုမိုပြင်းထန်လာနိုင်ပြီး ကရင်လူမျိုးများအနေဖြင့် ဝိုင်းဝန်းကူညီထောက်ပံ့ကြရန်လိုအပ်နေပြီဖြစ်ကြောင်း ဒီဇင်ဘာ ၁၈ ရက်နေ့တွင် KNDO အဖွဲ့မှ တိုက်တွန်းသတိပေးစာထုတ်ပြန်ထားသည်။

ယခုတိုက်ပွဲများသည် ပိုမိုပြင်းထန်လာနိုင်ပြီး မြန်မာစစ်တပ်အနေဖြင့် အင်အားချိနဲ့မည့်အဖြစ် ရောက်ရှိလာမည့်အပြင် နိုင်ငံ၏တချို့နေရာများတွင်လည်း တိုက်ပွဲဖြစ်ပွားနေတာကြောင့် စစ်သည်များမှာ စစ်ပန်းနေသည့်အတွက် ထွက်ပြေးမှုနှင့်အကျအဆုံးများပြားလာနိုင်ကြောင်း အမည်မဖော်လိုသည့် စစ်ရေးလေ့လာသူတစ်ဦးမှ သုံးသပ်ပြောဆိုသည်။

"အခုနှစ်ဖက်စစ်ရေးအားပြိုင်မှုက အချိန်ကြာလာရင် မြန်မာစစ်တပ်ဘက်က အင်အားချိနဲ့လာနိုင်တာ မြင်နေရတယ်။ နောက်တစ်ချက်က ကရင်မှမဟုတ်ဘူး ကချင်၊ ရှမ်း၊ စစ်ကိုင်းနဲ့ ချင်းတို့မှာလဲ တိုက်ပွဲဖြစ်နေတယ်။ အဲတော့ကြာလာရင် မြန်မာစစ်တပ်ကတပ်သားတွေပန်းလာမယ်။ အစုလိုက်အပြုံလိုက် ထွက်ပြေးတာတွေအထိဖြစ်လာနိုင်တယ်။ အကျအဆုံးလဲပိုမိုများပြားလာနိုင်တယ်"ဟု ၎င်းကသုံးသပ်သည်။

မြန်မာစစ်တပ်နှင့် ကေအန်ယူပူးပေါင်းအဖွဲ့ကြား ဒီဇင်ဘာ ၁၅ ရက်နေ့မှစတင်ပြီး ယမန်နေ့ ဒီဇင်ဘာ ၂၀ ရက်နေ့အထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်ဘက်မှ တပ်ဗျူဟာမှူးနှင့် စစ်ကြောင်းမှူး စသည့်အရာရှိ ၆ ဦးထက်မနည်းနှင့် တပ်သားအများအပြားကျဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများလည်းရှိသည့်အပြင် KNLA ပူးပေါင်းအဖွဲ့မှလည်း နှစ်ဦးကျဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မြန်မာစစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိုင်းနိုင်ငံမဲဆောက်စစ်ဘေးရှောင်စခန်းသို့ လက်နက်ကြီးကျရောက်ခဲ့ပြီး စစ်ဘေးရှောင်အသက်ကြီးရွယ်အိုအပါအဝင် ငါးဦးထက်မနည်း ထိခိုက်ခံရပြီး မဲဆောက်ဆေးရုံသို့ပို့ဆောင်ကုသခံထားရကာ ထိုင်းတော်ဝင်တပ်မှလည်း စစ်အင်အားအများအပြားချပြီး ထိုင်း-မြန်မာနယ်စပ်အခြေအနေကို စောင့်ကြည့်လျက်ရှိကြောင်း ထိုင်းသတင်းအရင်းအမြစ်များမှ သိရသည်။

ဗီဒီယိုများ