Rocker တေးသံရှင် မျက်နီ COVID -19 ကြောင့် ကွယ်လွန်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက်တွင် မွေးဖွားခဲ့သည့် တေးသံရှင်မျက်နီ(ကိုညီညီ)သည် COVID-19 ကြောင့် ဇူလိုင်လ ၂၃ ရက်နေ့ ည ၉ နာရီခွဲခန့်က ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်းနေအိမ်တွင် သေဆုံးသွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

24 Jul 2021

DMG ၊ ဇူလိုင် ၂၄

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက်တွင် မွေးဖွားခဲ့သည့် တေးသံရှင်မျက်နီ(ကိုညီညီ)သည် COVID-19 ကြောင့် ဇူလိုင်လ ၂၃ ရက်နေ့ ည ၉ နာရီခွဲခန့်က ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်းနေအိမ်တွင် သေဆုံးသွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

“မနေ့က ကိုးနာရီခွဲလောက်က ဆုံးသွားတယ်လို့သိရတယ်။ ကိုဗစ်နဲ့ ဆုံးတယ်လို့လဲသိရတယ်။ သူက အနုပညာအပေါ် ရူးသွပ်လွန်းတယ်။ သူ့ရဲ့အသက်မွေးဝမ်းကျောင်းအလုပ်ကိုစွန့်ပြီး အနုပညာလောကထဲ ခြေစုံပစ်ဝင်သွားခဲ့တာ”ဟု ကိုမျက်နီ၏ အကိုဖြစ်သူ ဦးထွန်းထွန်းက DMG သို့ပြောသည်။

ကိုမျက်နီသည် ပန်းထိမ်လုပ်ငန်းကို တပည့် ၃၀ ခန့်ဖြင့် အောင်မြင်စွာ လုပ်ကိုင်ခဲ့ပြီးနောက် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်ခန့်မှ စတင်ကာ အနုပညာလောကထဲသို့ ခြေစုံပစ်ဝင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“တချို့က သူ့ကိုလေးဖြူနဲ့တူတယ်လို့တောင်ပြောကြတယ်။ ဒါပေမယ့် ခေတ်က CD ခေတ်မဟုတ်တော့တဲ့အခါကျတော့ သူက အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့ဘူး။ နောက်ပြီး နိုင်ငံရေးမတည်ငြိမ်တဲ့ကာလမှာ ဆေးကုသရတာအခက်အခဲဖြစ်တော့ အသက်ဆုံးသွားခဲ့ရတယ်။ အကြွေစောတယ်ပေါ့ဗျာ”ဟု ဦးထွန်းထွန်းက ပြောသည်။

ကိုမျက်နီသည် ပန်းထိမ်လုပ်ငန်းလုပ်ကိုင်စဉ်ကပင် လုပ်ငန်းနားချိန်တိုင်းတွင် ဂစ်တာတီးလေ့ရှိကြောင်း သူနှင့်အတူနေခဲ့သည့် ညီကိုတစ်ဝမ်းကွဲတော်စပ်သူ ကိုအောာင်ကြည်မိုးက ဆိုသည်။

“သူက ပန်းထိမ်လုပ်ပြီးလို့ နားတဲ့အချိန်တိုင်း ဂစ်တာတီးလေ့ရှိတယ်။ ပြီးတော့ IC(IROn Cross)အဖွဲ့နဲ့ အချိတ်အဆက်ရသွားပြီးတဲ့နောက်မှာ ဂီတလောကထဲပဲဝင်သွားခဲ့တယ်။ သူက ROCK ဂီတသီချင်းကို ရခိုင်စကားနဲ့ဆိုဖို့လုပ်နေတယ်လို့ မဆုံးခင်တလောကပြောသွားသေးတယ်။ အခုတော့ သူ့လုပ်ရပ်တွေမပီပြင်ခင် ဆုံးပါးသွားရပါပြီ” ဟု ၎င်းကဆိုသည်။

ROCK တေးသံရှင် မျက်နီသည် ဒဏ်ချက်တစ်ရာ၊ သွေဖည်ခြင်းအင်အား စသည့်တေးစီးရီးနှစ်ခွေကို ထုတ်ခဲ့သူတစ်ဦးဖြစ်သည်။

ဗီဒီယိုများ