ALD ပါတီဝင် ဦးဇော်ဝင်းထွန်းဖမ်းဆီးခံရမှု မိသားစုဝင်များစိုးရိမ်

စစ်တွေမြို့ ၊ ကျေးပင်ကြီးရပ်ကွက်တွင် နေထိုင်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD ) ပါတီမှ လက်ရှိ စစ်တွေမြို့နယ် ဖွဲ့စည်းရေးကော်မတီ (ယာယီ) ဥက္ကဌဖြစ်သည့် ဦးဇော်ဝင်းထွန်းအား ယနေ့ (ဇွန်လ ၂၈ရက်) နေလယ် ၁ နာရီကျော်ခန့်တွင် အိုးတန်းရပ်ကွက်၌ လက်နက်ကိုင်ဆောင်ထားသည့် အမည်မသိလူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွား၍ မိသားစုဝင်များမှာ စိုးရိမ်နေကြသည်။

28 Jun 2021

DMG ၊ ဇွန် ၂၈

စစ်တွေမြို့ ၊ ကျေးပင်ကြီးရပ်ကွက်တွင် နေထိုင်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD ) ပါတီမှ လက်ရှိ စစ်တွေမြို့နယ် ဖွဲ့စည်းရေးကော်မတီ (ယာယီ) ဥက္ကဌဖြစ်သည့် ဦးဇော်ဝင်းထွန်းအား ယနေ့ (ဇွန်လ ၂၈ရက်) နေလယ် ၁ နာရီကျော်ခန့်တွင် အိုးတန်းရပ်ကွက်၌ လက်နက်ကိုင်ဆောင်ထားသည့် အမည်မသိလူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွား၍ မိသားစုဝင်များမှာ စိုးရိမ်နေကြသည်။

“ကျနော်တို့ တိုင်ဖို့အတွက်လည်း ဘယ်က ဘယ်သူတွေ ခေါ်သွားမှန်းမသိဘူး၊ ဘာကို တိုင်ရမှန်းမသိဘူး၊ လောလောဆယ်တော့ ကျနော်တို့ မိသားစုအနေနဲ့က စိုးရိမ်နေပါတယ်။ အမြန်ဆုံး လွတ်စေချင်တယ်။ ဘာနဲ့ပတ်သက်လို့ ဘာကြောင့် ခေါ်သွားတာလဲမသိဘူး၊ ကျနော်တို့ဖက်ကလည်း ပတ်သက်ရာ ပတ်သက်ကြောင်းလည်း အတတ်နိုင်ဆုံးမရှိပါဘူး။ အရင်တော့ လွတ်စေချင်ပါတယ်” ဟု ဦးဇော်ဝင်းထွန်း၏ ညီဖြစ်သူ ကိုထွန်းလင်းက ပြောသည်။

ဖြစ်စဉ်မှာ ဖမ်းဆီးခံရသည့် ဦးဇော်ဝင်းထွန်းက သမီးဖြစ်သူ (စတုတ္တတန်း) အား အိုးတန်းရပ်ကွက်ရှိ အိုးတန်းမူလတန်းကျောင်းသို့ပို့ပြီးအပြန် ကျောင်းရှေ့တွင်ပင် ကားအဖြူရောင်တစ်စီးမှ  အရပ်ဝတ်ဖြင့် လူ ၆ ဦးခန့်မှ ဖမ်းဆီးသွားခြင်းဖြစ်သည်။

ဦးဇော်ဝင်းထွန်းစီးလာသည့် ဆိုင်ကယ်ကိုလည်း ယူဆောင်သွားသည်ဟု အမည်မဖော်လိုသည့်  အိုးတန်းရပ်ကွက်မှ မျက်မြင်ဈေးသည်တစ်ဦးကပြောသည်။
“ အစတော့ ဆိုင်ကယ် လဲသွားတယ်ထင်တာကြောင့် ကျနော်တို့ ဆိုင်နားက အိမ်က အကိုတယောက်က ဆိုင်ကယ်ထူဖို့သွားတယ်။ အဲဒီမှာ သေနတ်က အစစ်လား အတုလားမသိဘူး၊  အမဲရောင်သေနတ်တစ်လက်ကို ကိုင်ပြီး မဆိုင်လူတွေ မလာနဲ့ မဆိုင်လူတွေမလားဆိုတော့ ကျနော်တို့လည်း အနားတော့ မကပ်လိုက်ဘူး၊ ကျောင်းသားမိဘတွေ အကုန်လုံးလည်း မြင်လိုက်ပါတယ်။ ” ဟု ဆိုသည်။

ဦးဇော်ဝင်းထွန်းမှာ မိသားစုဝင် လေးဦးရှိပြီး လေးတန်းကျောင်းသူသမီးတစ်ဦး၊ လသားအရွယ် သားတစ်ဦးရှိသည်။

သမီးဖြစ်သူအား စစ်တွေတွင် ကျောင်းတက်နေသည့်အတွက် ဦးဇော်ဝင်းထွန်းမှာ စစ်တွေ၌နေထိုင်ပြီး ဇနီးနှင့်သားမှာ မင်းပြားတွင် သင်္ကန်ရောင်းသည့် ဆိုင်တစ်ဆိုင်ကို ဖွင့်ထားကြောင်း သိရသည်။

ယင်းအပြင် ဦးဇော်ဝင်းထွန်းမှာ ယခင်က ( ALD)  ပါတီနှင့် (RNDP)  ပေါင်းစည်းရေးကော်မတီတွင် ဥက္ကဌ တာဝန်ကို ထမ်းဆောင်ခဲ့သည်။  ယင်းနောက် ရခိုင်အမျိုးသားပါတီ (ANP)  မှ နုတ်ထွက်ပြီး ရခိုင်မျိုးချစ်ပါတီ (APP) ကို တည်ထောင်ကာ ဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း  ၂၀၁၉ တွင် APP ပါတီကို ဖျက်သိမ်းပြီး လက်ရှိတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD တွင် စစ်တွေမြို့နယ် ဖွဲ့စည်းရေးကော်မတီယာယီ ဥက္ကဌ အဖြစ် တာဝန်ထမ်းဆောင်နေခြင်းဖြစ်သည်။

သို့သော်လည်း ALD  ပါတီနှင့်ပတ်သတ်သည့် ပါတီကိစ္စများကိုလည်း သူအနေဖြင့် တာဝန်ယူ လုပ်ဆောင်နေခြင်းမရှိဟုလည်း စုံးစမ်းသိရှိရသည်။

ဗီဒီယိုများ