တော်လှန်ရေးတွင် တော်လှန်ရေးသိက္ခာစောင့်ထိန်းရမည်ဖြစ်ပြီး နိုင်ငံရေးမှာလည်း နိုင်ငံရေးသီလကိုထိန်းရမည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာပြော

တော်လှန်ရေးလုပ်ဆောင်ရာတွင် တော်လှန်ရေးသိက္ခာကို စောင့်ထိန်းရသကဲ့သို့ နိုင်ငံရေးမှာလည်း နိုင်ငံရေးသီလကို စောင့်ထိန်းရမည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

06 Aug 2021

DMG ၊ သြဂုတ် ၆

တော်လှန်ရေးလုပ်ဆောင်ရာတွင် တော်လှန်ရေးသိက္ခာကို စောင့်ထိန်းရသကဲ့သို့ နိုင်ငံရေးမှာလည်း နိုင်ငံရေးသီလကို စောင့်ထိန်းရမည်ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

PPST ၏ ဆွေးနွေးညှိနှိုင်းအစည်းအဝေးအပြီးတွင် PPST ဦးဆောင်မှုအလုပ်အဖွဲ့ အဖွဲ့ခေါင်းဆောင်ကိုယ်စား ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာက နိဂုံးချုပ်မိန့်ခွန်းပြောကြားရာတွင် ယင်းသို့ထည့်သွင်း ပြေားကြားခဲ့ခြင်းဖြစ်သည်။

“သွေးထွက်တဲ့နိုင်ငံရေးကို တော်လှန်ရေးလို့ခေါ်ပြီး သွေးမထွက်တဲ့နိုင်ငံရေးကို ငြိမ်းချမ်းရေးဆွေးနွေးခြင်းလို့ခေါ်တယ်” ဟု ဆိုသည်။

EAO များသည် နှစ်ပေါင်း ၇၀ ကျော်ကြာ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အရေးကို အာမခံသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန် သွေးထွက်သည့်တော်လှန်ရေးပါ၊ သွေးမထွက်သည့် တော်လှန်ရေးပါ ဆင်နွှဲခဲ့ကြပြီဖြစ်ကြောင်းလည်း ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံရေးပြိုကွဲမှုဖြစ်ပေါ်နေပြီး လူ့အဖွဲ့အစည်း တရပ်လုံးမှာလည်း ဆောက်တည်ရာမရအခြေအနေမျိုးဖြစ်နေကာ ပြည်သူများအနေဖြင့် တပြိုင်နက်တည်းမှာ ကပ်ကြီးသုံးပါးအပြင် ရန်သူမျိုးငါးပါးကိုပါရင်ဆိုင်နေကြသည်မှာ အလွန်ဝမ်းနည်းဖွယ်ရာဖြစ်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းမှု ၆ လကျော်ကြာမြင့်လာပြီဖြစ်သော်လည်း ပြည်သူလူထုများက စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုမှာ မရပ်တန့်ဘဲ ဆက်လက်ဆန္ဒဖော်ထုတ်လျက်ရှိနေပြီး ပြည်သူ့ကာကွယ်ရေးတပ်များဖွဲ့စည်းကာ အာဏာရှင်ကိုတွန်းလှန်နေကြကြောင်းလည်း ဆိုသည်။

လူ့အခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေးများနှင့် လွတ်လပ်မှု၊ ပွင့်လင်းမြင်သာမှုများကို တဖန်လက်လွှတ်လိုက်ရသည့် ယနေ့ခေတ်လူငယ်များအနေနှင့် မခံမရပ်နိုင်ဘဲ ခုခံတော်လှန်နေကြသည်ကို နားလည်သဘောပေါက်သည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“အထူးသဖြင့် မြန်မာနိုင်ငံအလည်ပိုင်းနဲ့ မြေလက်ပိုင်းရှိ ပြည်သူလူထုတွေ နိုးကြားထကြွလာတာကို ထင်ရှားစွာတွေ့မြင်ရတဲ့အတွက် ချီးကျူးဂုဏ်ပြုပါတယ်”ဟု ၎င်းကဆိုသည်။

စစ်ရေးအင်အားစု၊ နိုင်ငံရေးအင်အားစု(သို့မဟုတ်) နိုင်ငံရေးနှင့် စစ်ရေး ပေါင်းစည်းထားသည့်အင်အားစုဖြစ်စေ၊ မည်သည့်အင်အားစုမျိုးမဆို “ပြည်သူ့နှလုံးမသိမ်းကြုံးက၊ ဓါးသွားလည်းကြွေ လှံလည်းခွေအံ့” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆက်လက်ပြောဆိုသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၁၀ ခုပါဝင်သည့် NCA–SEAO မှ ဖွဲ့စည်းထားခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)ကို ၂၀၁၅ ခုနှစ်တွင် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။

သို့သော် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများကိုရပ်ဆိုင်ထားမည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဗီဒီယိုများ