SEZ ကိစ္စ လူထုတွေ့ဆုံပွဲ ပြုလုပ်သောကြောင့် ငြိမ်းစုစီဥပဒေဖြင့် အမှုဖွင့်ခံရသည့် ကိုထွန်းကြည် အာမခံရ

ကျောက်ဖြူအထူးစီးပွားရေးဇုန်(SEZ)နှင့်ပတ်သက်ပြီး လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့မှုကြောင့် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ (၁၉)ဖြင့် အမှုဖွင့်ခံထားရသည့် ကိုထွန်းကြည်နှင့် ကိုချမ်းမောင်တို့ကို ရဲတပ်ဖွဲ့က စစ်ဆေးပြီးနောက် ယနေ့ မတ်လ ၂၆ ရက်နေ့တွင် အာမခံဖြင့် ပြန်လွှတ်လိုက်သည်ဟု ကျောက် ဖြူအထူးစီးပွားရေးဇုန် စောင့်ကြည့်ရေးအဖွဲ့ထံမှ သိရသည်။

26 Mar 2020

ခိုင်မင်း(ကျောက်ဖြူ) | DMG
မတ် ၂၆ ၊ ကျောက်ဖြူ

ကျောက်ဖြူအထူးစီးပွားရေးဇုန်(SEZ)နှင့်ပတ်သက်ပြီး လူထုတွေ့ဆုံပွဲ ပြုလုပ်ခဲ့မှုကြောင့် ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ (၁၉)ဖြင့် အမှုဖွင့်ခံထားရသည့် ကိုထွန်းကြည်နှင့် ကိုချမ်းမောင်တို့ကို ရဲတပ်ဖွဲ့က စစ်ဆေးပြီးနောက် ယနေ့ မတ်လ ၂၆ ရက်နေ့တွင် အာမခံဖြင့် ပြန်လွှတ်လိုက်သည်ဟု ကျောက် ဖြူအထူးစီးပွားရေးဇုန် စောင့်ကြည့်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါတွေ့ဆုံပွဲကို ကျောက်ဖြူအထူးစီးပွားရေးဇုန် စောင့်ကြည့်ရေးအဖွဲ့ဝင် ကိုထွန်းကြည်နှင့် ကိုချမ်းမောင် တို့က ခွင့်ပြုချက်မယူဘဲ လုပ်ဆောင်ခဲ့သည်ဟုဆိုကာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က တရားလိုပြုလုပ်ပြီး မတ်လ ၂၃ ရက်နေ့တွင် မြို့နယ်ရဲစခန်း၌ အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ကို တစ်ဦးလျှင် ငွေကျပ်သိန်း (၃၀)စီဖြင့် အာမခံပေးလိုက်သည်ဟုလည်း ကိုထွန်းကြည်က DMG သို့ပြောသည်။

“ကျနော်တို့ကလည်း ငြိမ်း၊စု၊စီနဲ့ပတ်သက်ပြီးတော့ ကျေးရွာတွေမှာ လုပ်တဲ့အခါမှာ ငြိမ်း၊စု၊စီ တင်ရတဲ့ အလေ့အထကို မသိဘူးပေါ့နော်။ အဲဒါကြောင့် ကျနော်တို့ သမားရိုးကျအတိုင်း၊ အရင်အစိုးရ လက်ထက်မှာလည်း ဒီအတိုင်းပဲ လုပ်တယ်။ အခုလည်း ဒီအတိုင်းလုပ်တယ်။ ဆိုတော့ အဲဒီမှာပဲ ကျနော်တို့ကို တရားစွဲလိုက်တာပဲ”ဟု ၎င်းက ဆိုသည်။

ယခုကဲ့သို့ အမှုဖွင့်ခြင်းမှာ အရပ်ဖက်လူ့အဖွဲ့အစည်းများ၏ လုပ်ငန်းများကို ကန့်သတ်ခြင်းသဘောဟု ကို ထွန်းကြည်က ဝေဖန်သည်။

“ကျေးရွာအဆင့် လုပ်တဲ့ဟာတွေကိုအထိ တရားစွဲဆို ကန့်သတ်လာတာကတော့ နောက်ထပ်ဆက်ပြီးတော့ လုပ်မယ့်လုပ်ငန်းတွေအပေါ်မှာ အများကြီးထိခိုက်နိုင်တယ်လို့ ကျနော်မြင်တယ်။ ဒါဟာ ကန့်သတ်ချက် တစ်ခုပေါ့ ”ဟု ၎င်းကပြောသည်။

ယင်းတွေ့ဆုံပွဲကို မတ်လ ၂၀ ရက်နေ့က ကျောက်ဖြူမြို့နယ်၊ ကုလဘာကျေးရွာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး အပါအဝင် စုစုပေါင်း (၄၇၀)ဦး တက်ရောက်ခဲ့သည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန် မတည်ဆောက်မီကာလတွင် စီးပွားရေဇုန်ဧရိယာအတွင်း ဒေသခံများ မိရိုးဖလာ မြေယာပိုင်ဆိုင်ခြင်းဓလေ့ကို အသိအမှတ်ပြု ဥပဒေထုတ်ပြန်ပေးရန် တောင်းဆိုခဲ့ကြသည်။

ထို့ပြင် မြေယာသိမ်းဆည်းခံရမည့် ဒေသခံများအတွက် မြေယာအစားထိုး လုပ်ဆောင်ပေးခြင်း၊ မြေယာလျော်ကြေးများအတွက် ဒေသခံများနှင့် ညှိနှိုင်းဆွေးနွေးခြင်းများ အမြန်ဆုံးလုပ်ဆောင်ရန်လည်း မြန်မာအစိုးရကို တောင်းဆိုခဲ့သည်။

တရုတ်အစိုးရအနေဖြင့် စီးပွားရေးဇုန်မတည်ဆောက်မီ ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းများ၊ ဖွံ့ဖြိုးရေးအစီအစဉ်များနှင့် ဒေသခံလူထု၏ သဘောထားကို ရယူရန်နှင့် ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီအနေဖြင့် ဒေသခံများ၏ သဘောထားကိုရယူခြင်း၊ ဒေသခံများနှင့် ကြိုတင်ဆွေးနွေးခြင်း မပြုလုပ်မည်ကာလအတွင်း စီမံကိန်းကို အကောင်အထည်ဖော်လုပ်ဆောင်ခြင်း မပြုလုပ်ရန်လည်း အစည်းအဝေးတွင် တောင်းဆိုခဲ့ကြသည်။

တောင်းဆိုချက်ပါ ကိစ္စများကို မလုပ်ဆောင်သေးမီ ကာလအတွင်း စီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းတည်ဆောက်မည့် လုပ်ငန်းစဉ်ကို ရပ်တန့်ထားရန်လည်း တောင်းဆိုခဲ့သည်။

တရုတ်သမ္မတရှီကျင့်ဖျင်သည် ဇန်နဝါရီလ ၁၇ ရက်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ဇန်နဝါရီလ ၁၈ ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာ သဘောတူစာချုပ်နှင့် အစုရှယ်ယာများနှင့် သက်ဆိုင်သော သဘောတူစာချုပ်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

ဗီဒီယိုများ