ကျောက်ဖြူတွင် ဖမ်းဆီးထားသူရှစ်ဦးကို အကြမ်းဖက်ဥပဒေဖြင့်အမှုဖွင့်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ဓညဝတီရေတပ်စခန်းတွင် ဖမ်းဆီးထားသည့် ကပ်သပြေကျေးရွာသား များနှင့် စိုင်ခြုံဒွိန်ကျေးရွာသားအပါအဝင် ရှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း ကျောက်ဖြူမြို့မရဲစခန်းမှ သိရသည်။

07 Jul 2020

ခိုင်မင်း(ကျောက်ဖြူ) | DMG
ဇူလိုင် ၇ ၊ ကျောက်ဖြူ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ် ဓညဝတီရေတပ်စခန်းတွင် ဖမ်းဆီးထားသည့် ကပ်သပြေကျေးရွာသား များနှင့် စိုင်ခြုံဒွိန်ကျေးရွာသားအပါအဝင် ရှစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း ကျောက်ဖြူမြို့မရဲစခန်းမှ သိရသည်။

ဇွန်လ ၂၆ ရက်နေ့က ကပ်သပြေကျေးရွာသား ၉ ဦးနှင့် ဇွန်လ ၂၈ ရက်နေ့က စိုင်ခြုံဒွိန်ကျေးရွာမှ ရာအိမ်မှူး တစ်ဦး စုစုပေါင်း ၁၀ ဦးတို့ကို တပ်မတော်ကဖမ်းဆီးခဲ့သည်။

ထိုသို့ဖမ်းဆီးထားသူများအား ဇူလိုင်လ ၅ ရက်နေ့တွင် ကျောက်ဖြူမြို့မရဲစခန်းသို့ ပို့ဆောင်လာသဖြင့် အမှုနှင့် မသက်ဆိုင်သည့် ကပ်သပြေကျေးရွာမှ ခင်ဝင်းမောင်နှင့် မောင်သန်းလှိုင်တို့နှစ်ဦးကိုလွှတ်ပေးခဲ့ကာ ကျန်ရှစ်ဦး အား အမှုဖွင့်လှစ်ထားကြောင်း ကျောက်ဖြူမြို့မရဲစခန်းမှ ဒုရဲမှူးကျော်ဇောကပြောသည်။

“အမှုနဲ့မသက်ဆိုင်တဲ့ လူငယ်နှစ်ယောက်ကိုတော့ ပြန်အပ်ပေးလိုက်ပြီ၊ ကျန်တဲ့(၈)ယောက်ကိုတော့ အမှုဖွင့် ထားတယ်၊ အကြမ်းဖက်ဥပဒေတွေနဲ့ပေါ့” ဟု ၎င်းကဆိုသည်။

ကပ်သပြေကျေးရွာသား ၇ ဦးနှင့် စိုင်ခြုံဒွိန်ကျေးရွာမှ ရာအိမ်မှူးဦးလှမြင့်တို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က) (ဈ) ၊ ၅၂(ည)တို့ဖြင့် ဓညဝတီရေတပ်စခန်းမှ တရားလိုပြုလုပ်ကာ အမှုဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်း ကျောက်ဖြူမြို့မရဲစခန်းမှ သိရသည်။

စိုင်ခြုံဒွိန်ကျေးရွာမှ ဦးလှမြင့်အား ဖမ်းဆီးခံရသည့်နေ့မှစ၍ မိသားစုနှင့်တွေ့ခွင့်မရရှိသဖြင့် စိုးရိမ်မှုများ ရှိနေကြောင်း ဇနီးဖြစ်သူ ဒေါ်မှဲ့နီဖြူကပြောသည်။

“စစ်တပ်က ရွာကိုရောက်လာတယ်၊ ရာအိမ်မှူးဦးလှမြင့် လာဆိုပြီးခေါ်တော့ လိုက်သွားရတာပေါ့၊ ကျန်တဲ့လူတွေ အကုန်လုံးကိုလည်း ခေါ်ပြီးတော့ စာသင်ကျောင်းကို သွားခိုင်းတယ်။ အဲဒီလို ခေါ်တဲ့အချိန်မှာတော့ ကျွန်မလည်း ရှိနေတယ်။ စာသင်ကျောင်းမှာ ခေါ်စစ်တာပေါ့၊ အဲဒါပြီးရင် စာသင်ကျောင်းက ပြန်လာကြတဲ့အထဲမှာ ကျွန်မ အမျိုးသား ပါမလာတဲ့အတွက် မေးကြည့်တော့ သစ်ပုတ်တောင်ကို ခဏလောက်ပို့ပေးဖို့ဆိုပြီး ခေါ်သွားတယ်လို့ ပြောတယ်”ဟု ဒေါ်မှဲ့နီဖြူက ဆိုသည်။

ကျောက်ဖြူမြို့နယ်တွင် လူမှုကူညီရေးဆောင်ရွက်ပေးနေသည့် ဦးကျော်အေးသန်းကို မေလ(၂၇)ရက်နေ့တွင် တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးများပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ ပြီးနောက် ယနေ့ထိ အဆက်အသွယ်မရသေးကြောင်း မိသားစုများကပြောသည်။

အလားတူ မြင်းပြင်ကျေးရွာနေ ဦးချက်ကြီးဆိုသူအားလည်း တပ်မတော်စစ်ကြောင်းတစ်ခုမှ ဖမ်းဆီးခေါ်ဆောင် သွားပြီးနောက် ယနေ့အချိန်ထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးကြောင်း သိရသည်။

ဗီဒီယိုများ