ကျောက်တော်မှ ဖမ်းဆီးခဲ့သူ ၅ ဦးအနက် ၃ ဦးကို ပြန်လွှတ်ပေးမည်ဟု တပ်မတော်ပြော

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ဖမ်းဆီးခဲ့သူငါးဦးထဲမှ သုံးဦးကိုပြန်လွှတ်ပေးမည်ဖြစ်ကာ ကျန်နှစ်ဦးအား အကြမ်းဖက်ဥပဒေပုဒ်မ၊ ပို့ကုန်/သွင်းကုန်အက်ဥပဒေတို့ဖြင့် အမှုဖွင့်အရေးယူသွားမည် ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇွန်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်သည်။

By အောင်ထိန် 30 Jun 2020

အောင်ထိန် | DMG
ဇွန် ၃၀ ၊ ကျောက်တော်

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ဖမ်းဆီးခဲ့သူငါးဦးထဲမှ သုံးဦးကိုပြန်လွှတ်ပေးမည်ဖြစ်ကာ ကျန်နှစ်ဦးအား အကြမ်းဖက်ဥပဒေပုဒ်မ၊ ပို့ကုန်/သွင်းကုန်အက်ဥပဒေတို့ဖြင့် အမှုဖွင့်အရေးယူသွားမည် ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇွန်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်သည်။

ဇွန်လ ၂၇ ရက် နံနက်ပိုင်းက ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာသား ၅ ဦးသည် မိသားစုနာရေး ကိစ္စကြောင့် ပုဏ္ဏားကျွန်းမြို့သို့ ကားဖြင့်သွားစဉ် ကန်စောက်တောင်အနီးရှိ အမှတ် ၅၃၉ တပ်ရင်းမှ ဖမ်းဆီး သွားခဲ့သည်ဟု မိသားစုဝင်များက ပြောသည်။

အဆိုပါနေ့က ကျောက်တော်မှ စစ်တွေသို့မောင်းနှင်လာသော မသင်္ကာဖွယ်ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေး ခဲ့ရာ ၎င်းယာဉ်မှာ TOYOTA(Wish) အဖြူရောင်လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်းနှင့် ယာဉ်ပေါ်ပါလာသူများကို စစ်ဆေးခဲ့သည်ဟု တပ်မတော်ကဆိုသည်။

ထိုသို့ စစ်ဆေးခံရသူများမှာ ယာဉ်မောင်း ဦးထွန်းအေးမောင်၊ ယာဉ်ပေါ်ပါလာသူ ဦးဘိုကျော်သန်း၊ ဦးအောင်နိုင်စိုး၊ ဦးဆန်းဝင်းနိုင်နှင့် ဦးမြင့်ဇော်တို့ဖြစ်ကြောင်း သိရသည်။

ယင်းသို့စစ်ဆေးစဉ် ဦးဘိုသန်းကိုင်ဆောင်သည့် VIVO အနက်ရောင်ဖုန်းအတွင်းမှ ဖောက်ခွဲရေးမိုင်းပြုလုပ် ထားသည့်ဓါတ်ပုံ၊ ဖောက်ခွဲရေးရီမုတ်ကို ၎င်းကိုယ်တိုင်ကိုင်ဆောင်ထားပုံများကိုတွေ့ရှိခဲ့သည်ဟု တပ်မတော်က ထုတ်ပြန်ထားသည်။

ထို့ပြင် အပေါက်ဝကျေးရွာအနီး ထောင်ထားသည့် မိုင်းနှင့် မိုင်းထောင်ထားသည့်နေရာပြ GPS မြေပုံညွှန်း Screenshot ဓါတ်ပုံများ၊ အသက် ၃၅ နှစ်အရွယ် ကျားတစ်ဦးအား လက်ထိပ်ခတ်ဖမ်းဆီးထားသည့်ဓါတ်ပုံ များကို စိစစ်တွေ့ရှိခဲ့သည်ဟုလည်း တပ်မတော်၏ထုတ်ပြန်ချက်က ဆိုသည်။

ထို့ကြောင့် ဦးဘိုကျော်သန်းအား အကြမ်းဖက်ဥပဒေပုဒ်မဖြင့်လည်းကောင်း၊ ယာဉ်မောင်း ထွန်းအေးမောင်အား လိုင်စင်မဲ့ယာဉ်လက်ဝယ်ထားရှိမှု၊ လိုင်စင်အတုပြုလုပ်မှု ပို့ကုန်/သွင်းကုန်အက်ဥပဒေအရလည်းကောင်း အမှုဖွင့်အရေးယူသွားမည်ဖြစ်ပြီး ကျန်သုံးဦးအား ပြန်လည်လွှတ်ပေးသွားမည်ဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။

ထိုသို့ တပ်မတော်မှ ဖမ်းဆီးထားသူ ၃ ဦးကိုလွှတ်ပေးမည်ဟုပြောသော်လည်း ယနေ့(ဇွန်လ ၃၀ ရက်)နေ့ နံနက် ၁၁ နာရီအချိန်ထိ လွတ်မြောက်လာခြင်းမရှိသေးကြောင်း ကိုအောင်နိုင်စိုး၏ညီဖြစ်သူ ကိုမင်းမင်းထွန်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် မေလအတွင်းက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲခံထားရသူ ၁၃ ဦးနှင့် တရားစွဲမခံရသေးဘဲ ဖမ်းဆီးခံထားရသူ ၆၅ ဦးရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)က ထုတ်ပြန်ထားသည်။

ဗီဒီယိုများ