အင်တာနက်ပိတ်ထားမှုကို ဆန့်ကျင်ခဲ့သည့် ကျောက်ဖြူမှ လူငယ်နှစ်ဦး အမှုဖွင့်ခံရ

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အင်တာနက်ပိတ်ခြင်း တစ်နှစ်ပြည့်နေ့မှာ “အင်တာနက်ဖိနှိပ်မှု ဆန့်ကျင်ကြ” စာတန်းပါ တီရှပ်များဝတ်ဆင်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌တင်ခဲ့သည့် ကျောက်ဖြူမြို့မှ လူငယ်နှစ်ဦးကို ငြိမ်းစုစီပုဒ်မ-၁၉ ဖြင့် အမှုဖွင့်ထားကြောင်း ၎င်းတို့ထံမှသိရသည်။

By သီဟ 25 Jun 2020

သီဟ | DMG
ဇွန် ၂၅ ၊ စစ်တွေ

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အင်တာနက်ပိတ်ခြင်း တစ်နှစ်ပြည့်နေ့မှာ “အင်တာနက်ဖိနှိပ်မှု ဆန့်ကျင်ကြ” စာတန်းပါ တီရှပ်များဝတ်ဆင်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌တင်ခဲ့သည့် ကျောက်ဖြူမြို့မှ လူငယ်နှစ်ဦးကို ငြိမ်းစုစီပုဒ်မ-၁၉ ဖြင့် အမှုဖွင့်ထားကြောင်း ၎င်းတို့ထံမှသိရသည်။

အမှုဖွင့်ခံရသူ ကိုမင်းဇအောင်နှင့် ကိုနေစိုးခိုင်တို့သည် ကျောက်ဖြူမြို့နယ် ရခိုင်အမျိုးသားပါတီ(ANP)မှ လူငယ် ရေးရာဗဟိုကော်မတီဝင်များ ဖြစ်ကြသည်။

“ရဲစခန်းကတော့ ဖုန်းဆက်လာတဲ့နေ့က ကျနော်ခရီးလွန်နေလို့ မသွားလိုက်ရဘူး။ ဇွန် ၂၄ ရက်နေ့မှ သွားလိုက် ရတယ်။ ပြီးတော့ အာမခံနဲ့ ပြန်ထွက်လာခဲ့ပါတယ်” ဟု ကိုမင်းဇအောင်က ရှင်းပြသည်

၎င်းတို့နှစ်ဦးအပါအဝင် လူငယ် ၉ ဦးခန့်သည် ရခိုင်ပြည်နယ် ၇ မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် အစိုးရက အင်တာနက်ပိတ်ထားမှု တစ်နှစ်ပြည့်သည့်နေ့ ဇွန်လ ၂၁ ရက်က“အင်တာနက်ဖိနှိပ်မှု ဆန့်ကျင်ကြ”စာတန်းပါ တီရှပ်များဝတ်ဆင်ကာ လူမှုကွန်ရက်စာမျက်ပေါ် တင်ခဲ့ကြခြင်းဖြစ်သည်။

“အဲ့ဒီနေ့က ကျွန်တော်တို့ ရခိုင်တစ်ခုတည်းမှာပဲ ဒီလိုမျိုးကမ်ပိန်းကို လုပ်ခဲ့ကြတာမဟုတ်ဘူး။ မြန်မာတစ်နိုင်ငံလုံးက ငြိမ်းချမ်းရေးလိုလားသူတွေ ပါဝင်ခဲ့ကြတာပဲလေ။ ဒီအထဲကမှ ရခိုင်ကလူငယ်တွေကိုချည်း ရွေးပြီး တရားစွဲနေတာက မေးခွန်းထုတ်စရာတွေဖြစ်နေတယ်”ဟု ကိုမင်းဇအောင်ကဆိုသည်။

အလားတူ ရမ်းဗြဲမြို့နယ် လူငယ်ကွန်ရက်မှ တာဝန်ခံ ကိုမျိုးမင်းထွန်းမှာလည်း အင်တာနက်ပိတ်ထားမှုကို ဆန့်ကျင်သည့် အင်္ကျီဝတ်ဆင်ကာ မြို့ဝင်ဆိုင်းဘုတ်ရှေ့ဓါတ်ပုံရိုက်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ် တင်ခဲ့သဖြင့် ငြိမ်းစုစီပုဒ်မ-၁၉ နှင့် ဇွန် ၂၅ ရက်နေ့တွင် ရမ်းဗြဲမြို့နယ်တရားရုံးက ငွေဒဏ် ၂ သောင်းကျပ်ဆောင်ရန် အမိန့်ချမှတ်ခြင်း ခံရသည်။

ရခိုင်နှင့်ချင်းတွင် အစိုးရမှ အင်တာနက်ဖြတ်တောက်ထားသည်မှာ တစ်နှစ်ကျော်လာပြီဖြစ်၍ အင်တာနက် ပြန်ဖွင့်ပေးရန် နိုင်ငံတကာသံတမန်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ INGO/NGO များနှင့် ဒေသခံများက တောင်းဆိုနေကြသော်လည်း လက်ရှိအချိန်ထိ ပြန်လည်ဖွင့်ပေးခြင်း မရှိသေးပေ။

ဗီဒီယိုများ