ကျောက်ဖြူတွင် အမည်မသိလူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံတစ်ဦး သေဆုံးလျက်ပြန်တွေ့

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကျောက်ကြီးပြင်ကျေးရွာအုပ်စု မော်ဖျားကျေးရွာနေ ဦးဖြူချေဆိုသူကို စက်တင်ဘာလ ၁၄ ရက်နေ့က အမည်မသိလူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၂ ရက်အကြာတွင် ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ရကြောင်း သိရသည်။

18 Sep 2019

ခိုင်မင်း(ကျောက်ဖြူ) | DMG

စက်တင်ဘာ ၁၈ ၊ ကျောက်ဖြူ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကျောက်ကြီးပြင်ကျေးရွာအုပ်စု မော်ဖျားကျေးရွာနေ ဦးဖြူချေဆိုသူကို စက်တင်ဘာလ ၁၄ ရက်နေ့က အမည်မသိလူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ၂ ရက်အကြာတွင် ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ရကြောင်း သိရသည်။

ဦးဖြူချေမှာ ဒုံးကျွန်းချေကျွန်းမြစ်တွင် ငါးဖမ်းနေစဉ် အမည်မသိ လူ ၁၆ ဦးခန့်က Speed Boat နှစ်စီးဖြင့် ရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်ကာ အမ်းမြို့နယ် သလူမော်ကျေးရွာဘက်သို့ မောင်းနှင်သွားသည်ကို ဦးဖြူချေ၏ သားဖြစ်သူ ကိုဖြူတင်ဦးက မြင်တွေ့ခဲ့ကြောင်း ပြောသည်။

ဖမ်းဆီးဆောင်ခြင်းခံရသည့် ဦးဖြူချေ အသက် ၅၀ ကျော်အား စက်တင်ဘာလ ၁၆ ရက်နေ့က မော်ကြီးကျေးရွာအနောက်ဘက် လက်ဖူးချောင်းအတွင်း သေဆုံးလျက်မျောနေသည်ကို တစ်ရွာတည်းနေ ငါးဖမ်းလုပ်ငန်းလုပ်ကိုင်သူ ဦးစံကောမှတွေမြင်ခဲ့ပြီး ရွာသားများက အလောင်းအားဆယ်ယူခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူ ဦးဖြူချေတွင် ဦးခေါင်း၊ နဖူး၊ လက်နှစ်ဖက်နှင့် နာထင်၊ လည်ပင်းတို့တွင် ထိုးသွင်းဒဏ်ရာ၊ ပြတ်ရှဒဏ်ရာ စုစုပေါင်း ၁၃ ချက်တွေ့ရှိရကြောင်း ကျောက်ဖြူမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုသို့ ဦးဖြူချေအား ရက်စက်စွာသတ်ဖြတ်ခဲ့သည့် အမည်မသိလူ ၁၆ ဦးခန့်အား အရေးယူပေးရန် သားဖြစ်သူ ကိုဖြူတင်ဦးက တရားလိုလုပ်တိုင်ကြားထားပြီး ကျောက်ဖြူမြို့မရဲစခန်းတွင် (ပ)၄၈၃/၁၉၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊ ၅၂(က)| ၅၄ တို့ဖြင့် အမှုဖွင့်လှစ်ထားပြီး တရားခံများဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေကြောင်း ကျောက်ဖြူမြို့မရဲစခန်းမှ သိရသည်။

ရခိုင်ပြည်နယ်တွင် ယခုနှစ်အတွင်း မည်သူမည်ဝါမှန်းမသိသူများ၏ သတ်ဖြတ်ခဲ့မှုကြောင့် လက်သည်မပေါ်ဘဲ သေဆုံးခဲ့ရသည့် ဖြစ်စဉ်များသည် မြေပုံ၊ အမ်း၊ ကျောက်တော်မြို့နယ်တို့တွင်လည်း ဖြစ်ပွားခဲ့သည်။

ဗီဒီယိုများ