ဖမ်းဆီးမှုများကြောင့် ကျောက်ဖြူမြို့နယ်မှ ရွာသားအချို့မြို့ပေါ်တိမ်းရှောင်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာမှ လူငယ်အချို့အား တပ်မတော်က ဖမ်းဆီးခဲ့ပြီးနောက် ဒေသခံတစ်ရာကျော်မှာ မြို့ပေါ်သို့ထွက်ပြေးတိမ်းရှောင်လာကြောင်း သတင်းရရှိသည်။

29 Jun 2020

ခိုင်မင်း(ကျောက်ဖြူ) | DMG
ဇွန် ၂၉ ၊ ကျောက်ဖြူ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာမှ လူငယ်အချို့အား တပ်မတော်က ဖမ်းဆီးခဲ့ပြီးနောက် ဒေသခံတစ်ရာကျော်မှာ မြို့ပေါ်သို့ထွက်ပြေးတိမ်းရှောင်လာကြောင်း သတင်းရရှိသည်။

ဇွန်လ ၂၇ ရက်နေ့က ကပ်သပြေကျေးရွာသား လူငယ်ကိုးဦးအား ဓညဝတီရေတပ်စခန်းမှ ဖမ်းဆီးသွားခဲ့ ပြီးနောက် သေနတ်ပစ်သံနှစ်ချက်ကြားခဲ့ရသည်ဟု ကပ်သပြေကျေးမှ ဦးကျော်ထွန်းကပြောသည်။

ထိုသို့ဖြစ်ပွားခဲ့သဖြင့် ကျေးရွာမှရွာသားအချို့ ကျောက်ဖြူမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာကြခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“စစ်သားတွေက လမ်းမှာတွေ့ရင် တွေ့တဲ့လူကိုဖမ်းတော့ ကျွန်တော်တို့လည်းတောင်သွားမယ်၊ ယာခုတ်မယ်၊ လယ်လုပ်မယ်၊ တစ်ချို့ချောင်းဆင်းမယ် ငါးဖမ်းမယ်။ အဲဒါကျွန်တော်တို့အတွက် လုံခြုံပါမလားဆိုပြီးမနေရဲလို့ပါ။ အဲလိုပဲ ကျောက်ဖြူကိုထွက်ပြေးလာကြတာ”ဟု ဦးကျော်ထွန်းကပြောသည်။

ထိုသို့ထွက်ပြေးလာကြသည့် ဒေသခံ ၁၀၀ ကျော်မှာ ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်ရှိ မြို့နယ်ပရဟိတ ကျောင်းတွင် ခိုလှုံနေကြကြောင်း ဒေသခံများထံမှ သိရသည်။

“သေနတ်ပစ်သံကြားတော့ ကြောက်ပြီးတော့ထွက်ပြေးလာကြတာပါ၊ နောက်ထပ်ဖမ်းမယ်ထင်ပြီးတော့ ကြောက် တာပေါ့၊ မစီမစစ်ပဲဖမ်းဖို့လာရင် မပြောတတ်တဲ့အတွက်ပေါ့။ ထွက်ပြေးလာတဲ့သူတွေကတော့ တစ်ရွာလုံးနီးပါး ပါတာပေါ့” ဟု ကပ်သပြေကျေးရွာမှ မကျော်နုက ဆိုသည်။

ကပ်သပြေကျေးရွာမှ ဖမ်းဆီးခံရသူများမှာ ကိုလှမောင်သန်း၊ ကိုမောင်ငယ်၊ ကိုမောင်လှမြင့်၊ ဦးစံလှမောင်၊ ကိုအောင်တင်ချေ၊ ဦးအောင်ခင်ထွန်း၊ ကိုကွန်ကျားအောင်၊ ကိုမောင်သန်းလှိုင်၊ ကိုခင်မောင်ဝင်း၊ ကိုလှနုအောင် တို့ဖြစ်ကြောင်း သိရသည်။

၎င်းတို့ကိုးဦးအား မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးကြောင်းနှင့် မိသားစုဝင်များနှင့် လည်း အဆက်အသွယ်မရရှိသေးကြောင်း ဒေသခံများကပြောသည်။

ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုများမရှိသော်လည်း အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီး တရားစွဲဆိုထားသည့် အမှုများရှိသည်။

ဗီဒီယိုများ